နေပြည်တော်၊ စက်တင်ဘာ ၁၂
ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့တွင် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ဆီရမ်ရိမြို့၊ အန်ကောရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းသမိုင်းဝင် အန်ကောဝပ် ဘုရားကျောင်းတော်နှင့် ဘေရွန်ဘုရားကျောင်းတော်တို့အား သွားရောက်ကြည့်ရှုလေ့လာသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ရှေးဟောင်းသမိုင်းဝင် အန်ကောဝပ် ဘုရားကျောင်းတော်သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ရှေးဟောင်းသမိုင်းဝင် အန်ကောဝပ် ဘုရားကျောင်းတော်အတွင်း ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားရှိမှု၊ ကျောက်ဆစ်ရုပ်တုများ၊ နံရံများပေါ်တွင်ထွင်းထုထားသည့် ရှေးခမာလူမျိုးတို့၏ နေ့စဉ်လူမှုဘဝ၊ ဈေးဝယ်ခြင်း၊ အခမ်းအနားများ၊ စစ်ပွဲများနှင့် လူမှုဘဝအခြေအနေကို အသေးစိတ် ပုံဖော်ထားသည့် ကျောက်ပန်းပုလက်ရာများ၊ ခမာလူမျိုးတို့ကိုးကွယ်ခဲ့သည့် ဘုရားဆင်းတုတော်များကို စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုလေ့လာကြပြီး အန်ကောရှေးဟောင်းယဉ်ကျေးမှုနယ်မြေတာဝန်ခံနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် အန်ကောဝပ်ဘုရားကျောင်းတော်ကြီးရှေ့၌ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတက အန်ကောရှေးဟောင်းယဉ်ကျေးမှုနယ်မြေတာဝန်ခံအား အမှတ်တရလက်ဆောင်နှင့် တာဝန်ရှိသူတစ်ဦးအား အန်ကောယဉ်ကျေးမှုနယ်မြေရှိ ဘုန်းတော်ကြီးကျောင်းတွင်ကိုးကွယ်ရန်အတွက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်တစ်ဆူနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် တည်ဆောက်ခဲ့မှုမှတ်တမ်းစာအုပ်အား ပေးအပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် အန်ကောရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ကျုံးကြီးပတ်လမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာ ကြည့်ရှုလေ့လာခဲ့ကြပြီး ရှေးဟောင်းသမိုင်းဝင် ဘေရွန်ဘုရားကျောင်းတော်သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ဘေရွန်ဘုရားကျောင်းတော်အတွင်းလှည့်လည်၍ ရှေးဟောင်းလက်ရာများ၊ ကျောင်းနံရံများပေါ်ရှိ ခမာအင်ပါယာခေတ် စစ်ရေး၊ ယဉ်ကျေးမှုနှင့် နေ့စဉ်လူမှုဘဝများကိုပုံဖော်ထုဆစ်ထားသည့် ကျောက်ပန်းပုများကို လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
အဆိုပါ ရှေးဟောင်းသမိုင်းဝင် အန်ကောဝပ်ဘုရားကျောင်းတော်နှင့် ဘေရွန် ဘုရားကျောင်းတော်တို့သည် ကမ္ဘောဒီးယားနိုင်ငံ၏ အနောက်မြောက်ပိုင်း၊ ဆီရမ်ရိပြည်နယ်၊ အန်ကောရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင်တည်ရှိပြီး အဆိုပါ အန်ကောရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသည် ကမ္ဘာ့အကြီးဆုံးသမိုင်းဝင်နယ်မြေတစ်ခုဖြစ်ကြောင်း၊ ကမ္ဘာကျော် အန်ကောဝပ်၊ ကျောက်မျက်နှာတော်များဖြင့် လေးမျက်နှာဘုရား (ဘေရွန်ကျောင်းတော်) နှင့် သစ်မြစ်များတွယ်ကပ်နေသည့် တာပရွန်ကျောင်းတော်တို့သည် အလွန်ထင်ရှားပြီး သမိုင်းဝင် UNESCO စာရင်းဝင်နေရာများဖြစ်ကြောင်း။
အန်ကောဝပ် ဘုရားကျောင်းတော်အား ၁၂ ရာစုအစောပိုင်းတွင် ဒုတိယမြောက် သူရိယဝရမန်မင်း (Suryavarman II) က ဟိန္ဒူဘာသာရှိ ဗိဿနိုးနတ်ဘုရား (Vishnu) အား ပူဇော်ရန်အတွက်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ဗုဒ္ဓဘာသာကျောင်းတော်အဖြစ်သို့ပြောင်းလဲခဲ့ပြီး စထရိန်ထရဝါမန်မင်း (Srindravarman - ၁၂၉၅ မှ ၁၃၀၇ အထိ စိုးစံခဲ့သူ) လက်ထက်တွင် ခမာအင်ပါယာ၏ နိုင်ငံတော်ဘာသာအဖြစ် ထေရဝါဒဗုဒ္ဓဘာသာကိုစတင်ပြောင်းလဲသတ်မှတ်ခဲ့ရာတွင် အန်ကောဝပ်ကျောင်းတော်ကြီးသည် ဟိန္ဒူဘုရားကျောင်းအဖြစ်မှ ဗုဒ္ဓဘာသာကျောင်းတော်အဖြစ် ပြောင်းလဲသွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကမ္ဘာ့အကြီးဆုံး ဘာသာရေးအဆောက်အအုံအဖြစ်စံချိန်ဝင်ပြီး ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတော်အလံပေါ်တွင်ပင် အမှတ်အသားအဖြစ်ပါရှိကြောင်း၊ ဘေရွန်ကျောင်းတော်သည်လည်း ၁၂ ရာစုအကုန် ၁၃ ရာစု အစောပိုင်းတွင် ခုနစ်ယောက်မြောက် ဇယဝရမန်မင်း (Jayavarman VII) က မဟာယာန ဗုဒ္ဓဘာသာဆိုင်ရာကျောင်းတော်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဘေရွန်ကျောင်းတော်၏ အထင်ကရအဓိကသင်္ကေတမှာ ကျောက်မျှော်စင်များပေါ်တွင် ထုဆစ်ထားသည့် ကြီးမားသောမျက်နှာတော်များဖြစ်ကြောင်း၊ မျှော်စင်ပေါင်း ၅၄ ခုတွင် အရပ်လေးမျက်နှာသို့မူထားသည့် မျက်နှာတော် ၂၀၀ ကျော်ရှိခဲ့ပြီး ယခုအခါ မျှော်စင် ၃၇ ခုခန့် ကျန်ရှိနေသေးကြောင်း၊ ကျောင်းတော်၏အတွင်း အပြင်နံရံများတွင် အလွန်အသေးစိတ်ပြီးလှပသော ခမာပြည်သူတို့၏ ရှေးခေတ်နေ့စဉ်လူမှုဘဝ၊ ကုန်သွယ်မှုနှင့် စစ်ပွဲသမိုင်းများကို ကျောက်ဆစ်ရုပ်ကြွများဖြင့် အသေးစိတ်ပုံဖော်ထားရှိသောကြောင့် သမိုင်းတန်ဖိုးအလွန်ကြီးမားသည့် ရှေးဟောင်းဘုရားကျောင်းတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။
#Myanmar #News





No comments:
Post a Comment