နေပြည်တော်၊ စက်တင်ဘာ ၉
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာပြီး ဒေသတွင်း ပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွား ဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့်အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှု ကျူးလွန်သူများအား ရှာဖွေဖော်ထုတ် တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူ ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့အတွင်း၌ အွန်လိုင်း လိမ်လည်လောင်းကစားမှု ကျူးလွန်သူများ ရောက်ရှိနေထိုင်လျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက အဆိုပါမြို့အတွင်း ရပ်ကွက်များရှိ နေအိမ်များအား စုံစမ်းရှာဖွေ ဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ ယနေ့ညနေ ၄ နာရီခန့်တွင် ဝမ်ကောင်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၅ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး ၂၆ ဦး၊ စုစုပေါင်း ၅၆ ဦးတို့အား ကွန်ပျူတာမျိုးစုံ ၆၀ လုံး၊ Wifi စက် ၅ လုံး၊ စားပွဲ ၁၄ လုံး၊ ထိုင်ခုံ ၅၁ လုံး၊ လိုင်စင်မဲ့ မော်တော်ယာဉ် ၂ စီး၊ ဆက်စပ်ပစ္စည်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများ နှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက် ဖျက်ရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#News #Myanmar





No comments:
Post a Comment