ကျိုက်ထို၊ စက်တင်ဘာ ၂၂
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းသည် စက်တင်ဘာ(၂၁)ရက်မွန်းလွဲပိုင်းက ကျိုက်ထိုမြို့ အခြေခံပညာအထက်တန်း ကျောင်း(ရွှေဥဩ)ကျောင်းအား စံကိုက်ကျောင်း (Standardized School) အဖြစ်သတ်မှတ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးက ကျောင်းများတွင် သင်ကြားသင်ယူမှုဝန်းကျင် ကောင်းမွန်စေရေး၊ ကျောင်းအင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် လိုအပ်သည့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အချက်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် စာသင်ခုံများ ပြည့်စုံမှု ရှိ/မရှိ၊ ကျောင်းစာကြည့်တိုက်များ၏ အခြေအနေ၊ သောက်သုံးရေ ရရှိမှုနှင့် သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ စာသင်ခန်းများအတွင်း သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာ ပံ့ပိုးထားရှိမှုနှင့် ကျောင်းပတ်ဝန်းကျင် လုံခြုံဘေးကင်းမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် တွေ့ဆုံ၍ ကျောင်း၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး စံကိုက်ကျောင်းဖြစ်မြောက်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုး
#News #Myanmar



No comments:
Post a Comment