နေပြည်တော်၊ စက်တင်ဘာ ၁၇
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ စက်တင်ဘာလ ၁၅ ရက်နေ့ ၁၉၀၀ အချိန် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ နော်ရှဲလားဟူ လမ်းကြားတွင် စိုင်းခေးလှိုင်း မောင်းနှင်ပြီး စိုင်းပုံ လိုက်ပါလာသည့် TOYOTA MARK II အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၄၆ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃,၉၁၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၉၁၀ အချိန် အဆိုပါ အိုက်စ်(မက်သ်အမက်တမင်း)များ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုင်းဝင်း အား တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ နော်ရှဲလားဟူလမ်းကြားတွင် MGZS အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ၁၉၄၀ အချိန် စိုင်းစံဟောင် အား ၎င်းနေထိုင်သည့် တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာရှိ နေအိမ်တွင် လက်ကိုင်ဖုန်း ၃ လုံးနှင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
အလားတူ စက်တင်ဘာလ ၁၆ ရက်နေ့ ၁၂၁၅ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် လမ်းလျှောက်လာသူ မျိုးမင်းနောင် အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွဆေးပြား ၆,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၃၆ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ စိုင်းခေးလှိုင်း(၁၈)နှစ်၊ စိုင်းပုံ(၃၄)နှစ်၊ စိုင်းဝင်း(၅၄)နှစ်၊ စိုင်းစံဟောင်(၃၃)နှစ် နှင့် မျိုးမင်းနောင်(၂၇)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment