နေပြည်တော် စက်တင်ဘာ ၂၅
CRPH ၊ NUG အကြမ်းဖက်အုပ်စုများ၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်နှင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှစတင်ခဲ့သည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသတိုက်ပွဲစဉ်များ၏ နောက်ဆက်တွဲအခြေအနေများကို အခွင့်ကောင်းယူ၍ အစိုးရအုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်နှင့် ၎င်းတို့၏စိတ်ကူးယဉ်အိမ်မက်ကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းလုပ်ဆောင်ခြင်းမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ဖြင့် ရယူရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ အကူအညီများရယူပြီး PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများကို ရှေ့တန်းတင်အသုံးချကာ မြို့/ ရွာများအတွင်း လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျဝင်ရောက်နေထိုင်ပြီး ဒေသခံပြည်သူများအား ညှင်းပန်းနှိပ်စက်ကာ တိုက်ပွဲများဖော်ဆောင်ခဲ့ကြသည်။
PDF အမည်ခံအဖွဲ့အစည်းအမျိုးမျိုးမှ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် မြို့၊ ရွာများတွင် အစိုးရအုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းမှုကို ထိခိုက်ပျက်စီးပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာစေရန်နှင့် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်လျက် ဌာနဆိုင်ရာအဆောက်အအုံများ၊ သာသနိကအဆောက်အအုံများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စက်ရုံ၊ အလုပ်ရုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ၎င်းတို့၏လုပ်ရပ်များကို အားပေးထောက်ခံခြင်းမရှိသည့် ဒေသခံများအား အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ စာသင်ကျောင်းများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများတွင် ယာယီခံစစ်များပြုလုပ်ခြင်း၊ ဘန်ကာများဆောက်လုပ်၍ အကြမ်းဖက်တိုက်ခိုက်မှုလုပ်ငန်းများ လုပ်ဆောင်ခြင်းများကြောင့် ဒေသခံပြည်သူများသည် ဘေးဒုက္ခကြီးစွာဖြင့် ၎င်းတို့၏ တိုက်တာအိုးအိမ် အဆောက်အအုံများ၊ ဥစ္စာပစ္စည်းများကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေထိုင်ခဲ့ကြရသည်။
အေးချမ်းစွာ လုပ်ကိုင်နေထိုင်လိုသည့် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် အချင်းချင်း ဗိုလ်ကျနှိပ်စက်မှုကိုခံနေရပြီး အကြမ်းဖက်လုပ်ရပ်များကို မနှစ်မြို့တော့သည့် အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ဝင်အချို့အနေဖြင့် အဆိုပါအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ၏ တရားဥပဒေမဲ့ကျူးလွန်လျက်ရှိသော အကြမ်းဖက်လုပ်ရပ်များကို လွန်စွာစက်ဆုပ်ရွံရှာမုန်းတီးလျက်ရှိကြပြီး လက်ခံနိုင်ခြင်းမရှိတော့သည့်အတွက် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများကို နီးစပ်ရာတပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့များထံသို့ တာဝန်သိစိတ်အပြည့်ဖြင့် လာရောက်သတင်းပေးပို့ခဲ့ကြကြောင်း သိရှိရသည်။
လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် အဆိုပါတာဝန်သိပြည်သူများနှင့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အတွင်းလူအချို့၏ သတင်းပေးပို့မှုများအား စနစ်တကျစိစစ်ပြီး အကြမ်းဖက်သောင်းကျန်းသူများ အခြေပြုနေထိုင်သည့် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်နယ်စပ်ရှိ NUG အကြမ်းဖက်အဖွဲ့များခိုအောင်းရာ ၎င်းတို့၏အခေါ်အရ အထူးတိုင်းစစ်ဌာနချုပ်နေရာအား လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများနှင့် ဝေဟင်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ သေဆုံးထိခိုက်မှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအား တပ်မတော်စစ်ကြောင်းများက စနစ်တကျ ထောက်လှမ်းလေ့လာပြီး ဝေဟင်မှထိရောက်စွာ ချေမှုန်းနိုင်ခဲ့မှုကြောင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိမှုမရှိဘဲ တည်ငြိမ်အေးချမ်းမှုနှင့် ဒေသဖွံ့ဖြိုးမှုများ ပျက်စီးထိခိုက်မှုများစွာ ဖြစ်ပေါ်အောင်လုပ်ဆောင်ခဲ့ကြသည့် DCS စစ်ပြေး နေဝင်းအောင်မှာ သေဆုံးခဲ့ပြီး DCS စစ်ပြေး တင်လင်းအောင်နှင့် NUG အထူးတိုင်းစစ်ဌာနချုပ်မှ တိုင်းကွပ်ကဲရေးမှူးအဆင့်ရှိသူ အောင်စံရှားတို့အပါအဝင် NUG အကြမ်းဖက်အဖွဲ့မှ ခေါင်းဆောင်အချို့နှင့်အဖွဲ့ဝင်များ ပြင်းထန်စွာ ဒဏ်ရာရရှိခြင်းများနှင့် ထိခိုက်သေဆုံးခြင်းများစွာ ဖြစ်ပွားခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ DCS စစ်ပြေးနှစ်ဦးဖြစ်သည့် နေဝင်းအောင်နှင့် တင်လင်းအောင်တို့သည် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာဖောက်ပြီး အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များထံခိုလှုံ၍ နိုင်ငံတော်နှင့် တပ်မတော်၏ ကျေးဇူးသစ္စာကို အကြိမ်ကြိမ်စော်ကားခဲ့ကာ သစ္စာရှိစွာဖြင့် နိုင်ငံတော်တာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသော တပ်မတော်သားများအပေါ် ဆဲရေးတိုင်းထွာခြင်း၊ သစ္စာမဲ့လုပ်ရပ်များအား ယုတ်မာရိုင်းစိုင်းစွာ ကျူးလွန်ခဲ့သူများဖြစ်သောကြောင့် ယခုကဲ့သို့ သစ္စာစူး၍ ဘဝနိဂုံးချုပ်ကြရသူများဖြစ်ကြောင်း ပြည်သူလူထုအကြား ပြစ်တင်ရှုံ့ချဝေဖန်ပြောဆိုမှုများစွာ ဖြစ်ပေါ်လျက်ရှိသည်ကိုလည်း တွေ့ရှိရသည်။
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် NUG ၊ CRPH တို့၏ သွေးထိုးမြှောက်ပင့်မှုများကို နားယောင်ပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေခြင်းများသည် အဆိုပါဒေသအတွင်း နေထိုင်လျက်ရှိသော ဒေသခံပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများတွင် များစွာနောက်ကျစေခြင်း၊ ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးနှင့် ဘဝတက်လမ်းကိုများစွာ ထိခိုက်နစ်နာစေခြင်းတို့ ဖြစ်ပေါ်လျက်ရှိသဖြင့် အေးချမ်းစွာနေထိုင်လုပ်ကိုင်လိုသည့် တာဝန်သိပြည်သူများအနေဖြင့် နိုင်ငံတော်နှင့်ဒေသအတွက် အမှန်တကယ်အကျိုးပြုလိုပါက နီးစပ်ရာလုံခြုံရေးစခန်းများနှင့် ချိတ်ဆက်၍ အကြမ်းဖက်သောင်းကျန်းသူများ၏ အခြေပြုနေထိုင်မှု၊ လှုပ်ရှားသွားလာမှုနှင့် အကြမ်းဖက်လုပ်ရပ်များ ဥပဒေမဲ့ကျူးလွန်မှုစသည့် သတင်းများကို လျှို့ဝှက်စွာပေးပို့ တိုင်ကြားနိုင်ပြီး သတင်းပေးပို့လာသူအား ထိုက်တန်သည့်ဆုကြေးများကို လျှို့ဝှက်စွာ ချီးမြှင့်ပေးအပ်လျက်ရှိသည်။ ယခုဖြစ်စဉ်တွင် တပ်မတော်အနေဖြင့် ဝေဟင်နှင့်မြေပြင်တို့မှ တိကျစွာ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ခြင်းသည် အကြမ်းဖက်မှုများအား မလိုလားသည့် အတွင်းသတင်းပေးများ၏ တိကျသောသတင်းပေးပို့ဆောင်ရွက်နိုင်ခဲ့မှုကြောင့်ဖြစ်သည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို နည်းမျိုးစုံ နှောင့်ယှက်ဖျက်ဆီးနေသည့် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများကို မည်သည့်ဒေသတွင်မျှ အခြေချနေထိုင်၍ အကြမ်းဖက်လုပ်ရပ်များအား ယုတ်မာရိုင်းစိုင်းစွာဖြင့် ဥပဒေမဲ့ကျူးလွန်ခြင်းမရှိစေရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism Operation) ကို တာဝန်သိဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သလိုဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#News #Myanmar

No comments:
Post a Comment