တရုတ်-နီပေါ ပူးပေါင်းဆောင်ရွက်၍ နီပေါ ရွှံ့နွံပြိုကျမှု ဘေးဒဏ်သင့်ဒေသ၌ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ်-နီပေါ ပူးပေါင်းဆောင်ရွက်၍ နီပေါ ရွှံ့နွံပြိုကျမှု ဘေးဒဏ်သင့်ဒေသ၌ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်





ခတ္တမန္ဒူ၊ စက်တင်ဘာ ၃

တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံ နယ်စပ်ဒေသ၌ ဩဂုတ် ၂၆ ရက်တွင် ကြီးမားသော ရွှံ့နွံပြိုကျမှု ဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသည်။ ရက်ပေါင်းဆက်တိုက်ကြာကာလအတွင်း နီပေါနိုင်ငံ ရွှံ့နွံပြိုကျမှု ဘေးဒဏ်သင့်ဒေသသို့ သွားရောက်ကူညီပေးသည့် တရုတ်ကျွမ်းကျင်ပညာရှင်များနှင့် ကယ်ဆယ်ရေးဝန်ထမ်းများသည် နီပေါဘက်နှင့် အနီးကပ်တွဲဖက်လုပ်ဆောင်ပြီး အခက်အခဲများ အထပ်ထပ်ကို ကျော်ဖြတ်ကာ လက်တွေ့လှုပ်ရှားမှုဖြင့် အိမ်နီးချင်းနိုင်ငံများ တစ်စိတ်တည်း တစ်ဝမ်းတည်း၊ အခက်အခဲအတူကျော်ဖြတ်သော အေးအတူပူအမျှ အသိုက်အဝန်း စိတ်ဓာတ်ကို ဖော်ပြခဲ့သည်။

ဩဂုတ် ၂၉ ရက်တွင် တရုတ်နိုင်ငံမှ လိုဏ်ခေါင်း ကယ်ဆယ်ရေး ကျွမ်းကျင်ပညာရှင် ၅ ဦးသည် ရှေးဦးစွာ နီပေါနိုင်ငံသို့ ရောက်ရှိ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တွဲဖက်လုပ်ဆောင်ပေးခဲ့သည်။ ဩဂုတ် ၃၀ ရက်တွင် တရုတ်ကယ်ဆယ်ရေးပစ္စည်းများ သယ်ဆောင်လာသော Y-20 အကြီးစား ပို့ဆောင်ရေးလေယာဉ် နှစ်စင်းသည် နီပေါနိုင်ငံ ခတ္တမန္ဒူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံမှ လိုဏ်ခေါင်းကယ်ဆယ်ရေး ကျွမ်းကျင်ပညာရှင် ၄ ဦးလည်း လေယာဉ်နှင့်အတူ ရောက်ရှိခဲ့သည်။ စက်တင်ဘာ ၁ ရက်တွင် တရုတ်နိုင်ငံမှ နီပေါနိုင်ငံအပေါ် ပေးအပ်သည့် ဒုတိယအသုတ် အရေးပေါ်ကူညီထောက်ပံ့ရေးပစ္စည်းနှင့် DNA အတည်ပြုသည့် ကျွမ်းကျင်ပညာရှင် ၅ ဦး ရောက်ရှိခဲ့သည်။

ကြီးမားပြင်းထန်သော သဘာဝဘေးအန္တရာယ်ရှေ့တွင် တရုတ်နှင့် နီပေါ နှစ်နိုင်ငံသည် အပြန်အလှန် ဖေးမကူညီပြီး ပခုံးချင်းယှဉ်လက်တွဲလျက် တစ်စိတ်တည်း တစ်ဝမ်းတည်း စုပေါင်းအင်အားဖြင့် အခက်အခဲကို အတူကျော်ဖြတ်ခဲ့ကြသည်။

“ဒီလိုမျိုး နိုင်ငံတစ်ဝန်း ဝမ်းနည်းကြေကွဲရတဲ့ အခိုက်အတန့်မှာ တရုတ်နိုင်ငံရဲ့ အချိန်မီ ထောက်ခံအားပေးမှုက နှစ်နိုင်ငံရဲ့ ကြာရှည်ခိုင်မြဲတဲ့ ချစ်ကြည်ရေးသံယောဇဉ်ကို ထပ်မံသက်သေထူလျက်ရှိပါတယ်” ဟု နီပေါနိုင်ငံ သမ္မတ Ram Chandra Poudel က လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်း ခက်ခဲမှုမှာ မျှော်မှန်းထားသည်ထက် ကျော်လွန်ခဲ့သည်။ တရုတ်နိုင်ငံ အမျိုးသား လိုဏ်ခေါင်း အရေးပေါ်ကယ်ဆယ်ရေး China Communications Construction ချုံချင့်အဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် ကျောက်ပေါ်က ဩဂုတ် ၂၉ ရက်တွင် နီပေါသို့ ရောက်ရှိပြီးသည်နှင့် ရဟတ်ယာဉ်ဖြင့် ဘေးဒဏ်သင့်ဒေသသို့ သွားရောက်ခဲ့သည်။ ဩဂုတ် ၃၀ ရက် နံနက်ပိုင်းတွင် ၎င်းသည် အဖွဲ့များနှင့်အတူ ဘေးဒဏ်သင့်သည့် စီမံကိန်းလိုဏ်ခေါင်းတစ်နေရာသို့ သွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သည်။

လိုဏ်ခေါင်းအဝမှ အတွင်းသို့ ၁ ကီလိုမီတာ ဝင်ရောက်သွားချိန်တွင် ရွှံ့နွံအနက်သည် ၁ မီတာခန့် ရှိနေပြီဖြစ်သည်။

“ကျွန်တော်တို့က ရွှံ့နွံတွေကို ကျော်ဖြတ်ပြီး အရှေ့ကို မီတာ ၈၀၀ လောက် ထပ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ရွှံ့နွံက ရင်ဘတ်ကို ရောက်နေပြီ။ ရွှံ့နွံသဲတွေထဲ ခြေထောက်နင်းလိုက်ရင် ပြန်ထုတ်လို့မရတော့ဘူး၊ ကျွန်တော်တို့က တွားသွားပြီး သွားခဲ့ရတာ” ဟု ကျောက်ပေါ်က ဆိုသည်။

ဩဂုတ် ၃၁ ရက်တွင် တရုတ်ကယ်ဆယ်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် လီကျန်း၊ အဖွဲ့ဝင် တင်းရှင်းလုန်တို့သည် နုန်းဖယ်ရှားရေးရေတွင်း ဆက်သွယ်ရေးအချက်အချာ လိုဏ်ခေါင်းအတွင်းသို့ သွားရောက်၍ ရှာဖွေရေး ဆောင်ရွက်ခဲ့သည်။ လိုဏ်ခေါင်းအတွင်းရှိ ရွှံ့နွံအများအပြား အတားအဆီးကြောင့် ကယ်ဆယ်ရေးဝန်ထမ်းများ အတွင်းထဲသို့ ဝင်ရောက်လုပ်ကိုင်နိုင်သည့်နေရာ အလွန်အမင်း အကန့်အသတ်ဖြစ်ခဲ့သည်။ လိုဏ်ခေါင်းအတွင်းရှိ အချို့နေရာတွင် ရေနှင့် ရွှံ့ရည်အများအပြား စုပုံနေပြီး အချို့နေရာတွင်မူ ရွှံ့ရည်အနက်သည် ၃ မီတာခန့်ရှိရာ လူအတွင်းသို့ နစ်ဝင်သွားပါက ပြန်ထွက်ရန် အလွန်ခက်ခဲလှပေသည်။

ကယ်ဆယ်ရေးအဖွဲ့က ညတွင်းချင်း ဒေသတွင်း၌ လေထိုးလှေ၊ လေထိုး၍ ပေါလောပေါ်နိုင်သောကိရိယာ စသည့် ပစ္စည်းများကို ဝယ်ယူခဲ့သည်။ ၎င်းတို့က ပေါလောပေါ်နိုင်သော ကိရိယာဖြင့် ရွှံ့ရည်ကို ကျော်ဖြတ်ကာ လိုဏ်ခေါင်းအတွင်းပိုင်းသို့ ဆက်လက်ဝင်ရောက်၍ ရှာဖွေရေးလုပ်ဆောင်ခဲ့သည်။

Nuwakot ခရိုင်ရှိ နီပေါဘက် ရှေ့တန်းကယ်ဆယ်ရေးညွှန်ကြားမှုစင်တာတွင် မကြာသေးခင်ကမှ ဘေးဒဏ်သင့်ဒေသမှ ပြန်လည်ရောက်ရှိလာသော ဖန်းကျန်းယွမ်နှင့် သတင်းထောက် တွေ့ဆုံခဲ့ရပြီး ၎င်းသည် လိုဏ်ခေါင်းကယ်ဆယ်ရေး လုပ်ကိုင်သည်မှာ ၁၅ နှစ်ကျော် ရှိပြီဖြစ်သည်။

“ဘေးသင့်ဒေသရဲ့ အခြေအနေက မျှော်မှန်းထားတာထက် တော်တော်ကို ကျော်လွန်နေတာပါ။ လိုဏ်ခေါင်းထဲမှာ အားလုံးနီးပါး ရွှံ့နွံတွေနဲ့ အပြည့်ပိတ်နေတာ” ဟု ဖန်းကျန်းယွမ်က ဆိုသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ထိရောက်မှုမြင့်မားစွာ ဖော်ဆောင်နိုင်ရန်အတွက် တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေရေးမစ်ရှစ်လုပ်ဆောင်တိုင်းတွင် နီပေါနိုင်ငံ စစ်ဘက်ကယ်ဆယ်ရေးဝန်ထမ်းနှင့် ဒေသတွင်းဘေးဒဏ်သင့်စီမံကိန်း အင်ဂျင်နီယာဝန်ထမ်းများက တွဲဖက်လုပ်ကိုင်လေ့ရှိသည်။

နီပေါစစ်တပ် ကယ်ဆယ်ရေးဝန်ထမ်း Nagendra Bahadur Bhandari ကို သတင်းထောက်တွေ့မြင်ရချိန်တွင် ၎င်းသည် ဖန်းကျန်းယွမ်နှင့်အတူ တစ်ကိုယ်လုံးရွှံရည်များဖြင့် ပခုံးချင်းယှဉ်ကာ ကယ်ဆယ်ရေးတိုက်ပွဲဆင်နွှဲလျက်ရှိသည်။ နီပေါ-တရုတ် ကယ်ဆယ်ရေးဝန်ထမ်းများက ကောင်းမွန်စွာ တွဲဖက်လုပ်ဆောင်ကြကြောင်း၊ သို့သော် လိုဏ်ခေါင်း၏ အတွင်းပိုင်းပတ်ဝန်းကျင်သည် ရှုပ်ထွေးသဖြင့် ရှာဖွေကယ်ဆယ်မှု အခက်အခဲ အလွန်မြင့်မား‌ကြောင်း ၎င်းက သတင်းထောက်ကို ပြောကြားခဲ့သည်။

ထိုနေ့တွင် ကယ်ဆယ်ရေးရှေ့တန်းမှ သတင်းရရှိခဲ့သည်။ တရုတ်ဘက်ကယ်ဆယ်ရေး ကျွမ်းကျင်ပညာရှင် အဖွဲ့ငယ်သည် မစ်ရှင်လုပ်ဆောင်မည့်နေရာသို့ သွားရောက်သည့် လမ်းခရီးအတွင်း တစ်ဖက်ကမ်း၌ ပိတ်မိနေသူ နီပေါဘက်မှ လူ ၃ ဦးကို တွေ့ရှိခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့က ချက်ချင်းပင် ၎င်းတို့ကို ကယ်ဆယ်ရေးရဟတ်ယာဉ် ဆင်းသက်နိုင်သော ဘေးကင်းလုံခြုံသည့် ပလက်ဖောင်းနေရာသို့ သွားရောက်ရန် လမ်းညွှန်ခဲ့ပြီး အစောဆုံး နီပေါစစ်တပ် ညွှန်ကြားရေးဌာနသို့ သတင်းပေးပို့ခဲ့သည်။ နီပေါစစ်တပ်က ရဟတ်ယာဉ်စေလွှတ်၍ ၎င်းတို့ ၃ ဦးအား အောင်မြင်စွာ ကယ်တင်ရွှေ့ပြောင်းခဲ့သည်။

နီပေါဘက် ရှေ့တန်းကယ်ဆယ်ရေးညွှန်ကြားမှုစင်တာ ပြန်ကြားရေးအရာရှိReshmi က တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် ကယ်ဆယ်ရေးအား အစောဆုံးလာရောက်ကူညီပေးသည့် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များအနက် တစ်ဖွဲ့ဖြစ်ကြောင်း၊ “ဒါက ပူးတွဲလှုပ်ရှားမှုတစ်ရပ်ပါ၊ ကျွန်တော်တို့ အတူတကွ ကြိုးစားနေပါတယ်” ဟု ဆိုခဲ့သည်။

နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၃၁ ရက်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ နီပေါဘက် ပြောခွင့်ရပုဂ္ဂိုလ်ကလည်း လာရောက်အားဖြည့်ပေးသည့် တရုတ်နိုင်ငံ လိုဏ်ခေါင်းကျွမ်းကျင်ပညာရှင် ၉ ဦးနှင့် တရုတ်ဘက်က ကူညီပေးသည့်ပစ္စည်းများကို ထည့်သွင်းပြောကြားခဲ့သည်။ ပြောခွင့်ရပုဂ္ဂိုလ်က ယခုကဲ့သို့ ခက်ခဲလှသည့် အခိုက်အတန့်တွင် နီပေါနိုင်ငံက အဆိုပါပံ့ပိုးပေးမှုနှင့် ကူညီမှုများကို အလွန်တန်ဖိုးထားပြီး ယင်းအပေါ် များစွာကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

နီပေါဘက် ကယ်ဆယ်ရေးညွှန်ကြားမှုစင်တာ ကယ်ဆယ်ရေးပစ္စည်းစုစည်းရာနေရာ၌ “တရုတ်နိုင်ငံမှ ကူညီမှု” စာသားများ ကပ်ထားသည့် ရွက်ဖျင်တဲ စသည့်ပစ္စည်းများ အဆင်သင့်ဖြစ်နေပြီကို တွေ့မြင်ခဲ့ရပြီး နောက်ဆက်တွဲအနေဖြင့် အနီးတစ်ဝိုက် ဘေးဒဏ်သင့်ဒေသများအား ဖြန့်ဝေပေးသွားမည်ဖြစ်သည်။

ဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံသည် နီပေါနိုင်ငံဘက်သို့ မိုးလေဝသ၊ ဇလဗေဒ စသည့် အချက်အလက်များ ဆက်တိုက်ပံ့ပိုးပေးခဲ့ပြီး ကျွမ်းကျင်ပညာရပ် ချိတ်ဆက်မှု လုပ်ဆောင်ခဲ့ကာ သက်ဆိုင်ရာ ကြိုတင်သတိပေးချက် အချက်အလက်များကိုလည်း ပံ့ပိုးပေးခဲ့သည်။ နီပေါနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၊ တရုတ်နွယ်ဖွားများကလည်း ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။

Nuwakot ခရိုင်ရှိ Trishuli မြစ် ကမ်းရိုးတန်းတစ်လျှောက် ဘေးဒဏ်သင့်နေရာတွင် တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ဖောင်ဒေးရှင်း ရှေ့တန်းလုပ်ငန်းနေရာကို တည်ဆောက်ထားပြီးဖြစ်ရာ ဒေသတွင်း ဆေးရုံတစ်ရုံကို အားကိုး၍ ပစ္စည်းသိုလှောင်နေရာချထားမှု၊ လူပုဂ္ဂိုလ်ညှိနှိုင်းခွဲဝေမှုနှင့် နောက်ဆက်တွဲ ဆေးကုသရေးဝန်ဆောင်မှုအတွက် ပလက်ဖောင်း တည်ဆောက်သွားမည်ဖြစ်သည်။

Huawei က ဒေသတွင်းဆက်သွယ်ရေး အော်ပရေတာနှင့်ပူးတွဲ၍ ဘေးအန္တရာယ်အလွန် ပြန်လည် တည်ဆောက်ရေးနှင့် ဆက်သွယ်ရေး အင်တာနက် အရေးပေါ်ပြုပြင်ရေးလုပ်ငန်းများကို လျင်မြန်စွာ စတင်ခဲ့သည်။ နီပေါနိုင်ငံရှိ တရုတ်နွယ်ဖွား အသင်းအဖွဲ့များကလည်း ဘေးဒဏ်သင့်ပြည်သူများအတွက် လှူဒါန်းငွေများ ကောက်ခံခဲ့သည်။

“အရေးကြုံလျှင် မိတ်ဆွေစစ်ကို တွေ့မြင်ရပါတယ်။ စစ်မှန်တဲ့ချစ်ကြည်ရေးသံယောဇဉ်က သံတမန်ရေး ကြေညာချက်တွေတင်မှာသာမက အခက်အခဲကြုံတွေ့ရချိန်မှာ လုပ်ဆောင်တဲ့ လှုပ်ရှားမှုတွေပေါ်မှာလည်း ထင်ဟပ်နေပါတယ်” ဟု နီပေါနိုင်ငံ People's Review သတင်းစာ စာတည်းမှူးချုပ် Pushpa Raj Pradhan က ပြောကြားခဲ့သည်။ 


Ref -(Xinhua)

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)