ပဲခူး၊ စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၃ ရက်နေ့၊ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြို့အတွင်း အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက် နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ကျောက်ကြီးစု ရပ်ကွက်၊ အနိမ့်ပိုင်းနေရာများအတွင်းသို့ ပဲခူးမြစ်ရေ ဝင်ရောက်နေမှုအား စက်လှေများဖြင့်လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဝင်ရောက်လျက်ရှိသည့် နေအိမ်များအား ထမင်းထုပ်များ၊ ရေသန့်၊ အအေးနှင့် မုန့်များ ပေးအပ်ခဲ့ကာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ရေဝင်ရောက်မှု အပေါ် ကူညီဆောင်ရွက်နေကြသည့် တပ်ရင်းတပ်ဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်၊ မြို့သစ်ရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်များသို့ ပဲခူးမြစ်မှ အဓိကရေဝင်ရောက် လျက်ရှိသည့် ကုလားရိုက်ရိုးချောင်း ယာယီရေတားတာ ဆောင်ရွက်ထားရှိမှုနှင့် ရေဝင်ရောက်မှု လျော့နည်းသက်သာစေရေး ရေတံခါးအမှတ်(၁)နှင့် အမှတ်(၂) ဆောင်ရွက်မည့် လျာထားနေရာတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြစ်ရေ စီးဆင်းနေမှု၊ မဇင်း လမ်းဆုံ အနီးရေကျော်နေမှုနှင့် ကလျာဏီသိမ်တော်ကြီးဘုန်းကြီးကျောင်း၌ အနိမ့်ပိုင်းနေအိမ်များမှ ယာယီရေဘေးရှောင် ပြည်သူများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ မုန့်နှင့် ထမင်းထုပ်များပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်သို့ ရေဝင်ရောက်လျက် ရှိသည့် ပန်းဆိုးချောင်း ပြန်လည်တူးဖော်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ ဇိုင်းဂနိုင်းကြီးကျေးရွာမှ အနောက်ဘက်မြို့ရှောင်လမ်းသို့ ချိတ်ဆက်ထားသည့် ကျေးရွာချင်းဆက်လမ်း ယာယီရေကျော်နေမှုတို့အား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar












No comments:
Post a Comment