ရန်ကုန်၊ စက်တင်ဘာ ၂
အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၏ သက်တမ်းသည် နှစ်ပေါင်း ၇၄ နှစ် ရှိပြီဖြစ်ပြီး ကျောင်းကို စတင်ဖွင့်လှစ်စဉ်က အနုပညာဘာသာရပ်တစ်ခုကိုသာ ဦးစားပေးသင်ကြားရာမှ တိုးတက်ပြောင်းလဲလာသည့် ခေတ်ကာလနှင့် လျော်ညီအောင် ၂၀၁၀ ပြည့်နှစ်တွင် ပန်တျာနှင့် ပန်းချီပန်းပုကျောင်းများကိုပေါင်း၍ အနုပညာအထက်တန်းကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့က အမှတ် (၁၃၁) ကမ္ဘာအေးဘုရားလမ်းရှိ အနုပညာအထက်တန်းကျောင်း (ရန်ကုန်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၏ ပြောကြားချက်အရ သိရခြင်းဖြစ်သည်။
ဆက်လက်၍ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၏ ဖွင့်လှစ်သင်ကြားနေမှုများ ထုတ်လုပ်ဌာနစု (ရန်ကုန်)၊ အမျိုးသားဇာတ်ရုံ (ရန်ကုန်) တို့၏ ဆောင်ရွက်နေမှုလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့ပြင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ပန်တျာဌာနနှင့် ပန်းချီပန်းပုဌာနများတွင် တက်ရောက်သင်ယူလျက်ရှိသော ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ကျောင်းသား ကျောင်းသူများ၏ အနုပညာဘာသာရပ်ဆိုင်ရာ သင်ကြားနေမှု၊ ထုတ်လုပ်ဌာနစု (ရန်ကုန်) ၏ ယိမ်းအကများ လေ့ကျင့်နေမှု၊ မြန်မာ့ရိုးရာကြိုးဆွဲ ရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်းမှ သင်တန်းသားများ၏ သင်ယူနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment