နေပြည်တော်၊ စက်တင်ဘာ ၁၁
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် 9 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ဒေသ စံတော်ချိန်မွန်းလွဲ နာရီ မိနစ် ၂၀ တွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ရုံးအစည်းအဝေးခန်း၌ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကျင်းပသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲပြုလုပ်မည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရုံးသို့ ရောက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ကကြိုဆိုနှုတ်ဆက်၍ မှတ်တမ်းတင် ဓာတ်ပုံရိုက် ကြပြီး တွေ့ဆုံပွဲကိုကျင်းပသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင်များအဖြစ် လိုက်ပါ သွားသည့် ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်နှင့်အတူ ကမ္ဘောဒီးယား အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးနှင့် တာဝန် ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို လှိုက်လှဲနွေးထွေးစွာကြိုဆိုပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် သမ္မတကြီးအနေဖြင့်တစ်ကြိမ် လာရောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ မိမိတို့ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် အဆွေတော်၏ ကူညီဆောင်ရွက်မှုပေးမှုများ ကိုလည်းကျေးဇူးတင် ရှိပါကြောင်း၊ ယနေ့နှစ်နိုင်ငံဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီး မြှုပ်နှံမှုကဏ္ဍနှင့် အခြားကဏ္ဍ ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုမြှင့်တင်နိုင်ရေး ဆွေးနွေးဆောင်ရွက် သွားနိုင်မည်ဟုယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ပြန်လည်ဆွေးနွေးပြောကြားရာတွင် ကမ္ဘောဒီးယား နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် ဖနောင်ပင်မြို့၏ မြို့ပြစနစ်တကျ ခေတ်မီတိုးတက် လာမှုများကို တွေ့မြင်ရသည့်အတွက် ဂုဏ်ယူပါကြောင်း၊ ၂၀၂၅ ခုနှစ် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုအပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် မြန်မာပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားသည့်စိတ်၊ မိတ်ဆွေကောင်းပီသသည့်စိတ်ဖြင့် ကယ်ဆယ်ရေးပစ္စည်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ မိမိ၏နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်းအခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံမှ အထူးကိုယ်စားလှယ်စေလွှတ်ပေး ခြင်းနှင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခြင်းခံရမှုအပေါ် အဆွေတော်ထံမှဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့မှုအတွက် ထို့အပြင် မြန်မာနိုင်ငံ၏ရွေးကောက်ပွဲ ပထမပိုင်းနှင့် တတိယပိုင်းကို ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်များကို လေ့လာသူအဖြစ် စေလွှတ်ပေးသည့် အတွက် အသိအမှတ်ပြု ဝမ်းမြောက်ပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အပြုသဘော ဖြစ်ပေါ်တိုးတက်မှုများကို အစဉ်တစိုက် ထောက်ခံပေးသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း၊ မိမိနိုင်ငံတော် သမ္မတအဖြစ် တာဝန်ယူဆောင်ရွက်သည့်အချိန်တွင် ကမ္ဘောဒီးယား- မြန်မာနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမို တိုးတက်ခိုင်မာလာအောင် ကြိုးပမ်းလုပ်ဆောင်သွားမည်ကို အခိုင်အမာပြောကြားလို ကြောင်း ပြောကြားသည်။ လှိုက်လှဲစွာကျေးဇူးတင်ရှိသည်ကိုပြောကြားလိုကြောင်း၊
ယင်းနောက် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်လျက်ရှိမှုအခြေအနေ၊ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ရပ်တည် ထောက်ခံပေးလျက်ရှိမှု အခြေအနေ၊ နှစ်နိုင်ငံအကြား ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME) ကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ အလုပ်အကိုင်အခွင့်အလမ်း ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မှု အခြေအနေ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းငွေကြေး လိမ်လည်မှုနှင့် အွန်ုလိုင်းလောင်း ကစားမှုများ ပပျောက်စေရေး ထိထိရောက်ရောက် ရှင်းလင်းဆောင်ရွက်လျက်ရှိမှုနှင့် ကမ္ဘောဒီးယားနိုင်ငံအစိုးရအနေဖြင့်လည်း အွန်လိုင်း ငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ ပပျောက်စေရေးကြိုးပမ်းဆောင်ရွက် လျက်ရှိမှုအခြေအနေ၊ မြန်မာနိုင်ငံ၏ ပြည်တွင်း ဖြစ်ပေါ်တိုးတက်ပြောင်းလဲလျက်ရှိမှု၊ အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးပူးပေါင်း ဆောင်ရွက်လျက်ရှိမှုနှင့် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံ ရေးကို အလေးထားပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့် မိတ်ဆွေကောင်းနိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည့် အခြေအနေနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ကမ္ဘောဒီးယား နိုင်ငံတို့အကြား သဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး လဲလှယ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှု အပြန်အလှန် မြှင့်တင်နိုင်ရေးနှင့် အကာအကွယ် ပေးရေး ဆိုင်ရာသဘောတူစာချုပ်၊ အခွန်နှစ်ထပ် ကျသင့်မှုမှရှောင်ရှားရေး သဘောတူစာချုပ်၊ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် ပြန်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာတို့ကိုနှစ်နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက် တို၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က ရင်းနှီးနွေးထွေးစွာ လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။
#News #Myanmar






No comments:
Post a Comment