ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking


ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်


နေပြည်တော်၊ စက်တင်ဘာ ၁၂

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းစုပြည်နယ် လျန်ယွင်ကန်မြို့၌ ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ ပါဝင်တက်ရောက်ခဲ့သည်။

စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဝမ်းရှောင်ဟုန်နှင့် အဖွဲ့အားတွေ့ဆုံပြီး နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လျန်ယွင်ကန်မြို့ရှိ Haizhou Bayview ၊ Conference Center ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ဖွင့်ပွဲနှင့် ဖိုရမ်သို့ တက်ရောက်ခဲ့သည်။

ဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာတစ်ဝန်း အပြန်အလှန်ဆက်နွှယ်မှု မြင့်တက်လာခြင်းနှင့်အတူ နယ်စပ်ဖြတ်ကျော် လုံခြုံရေးခြိမ်းခြောက်မှုများအပေါ် နိုင်ငံစုံနှင့် နှစ်နိုင်ငံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံအနေဖြင့် အားပေးထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ လုံခြုံရေးချဉ်းကပ်မှုသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်၊ နိုင်ငံများ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်မူများအပေါ် အခြေခံထားကြောင်း၊ တရုတ်နိုင်ငံ၏ ဘက်စုံကျယ်ပြန့်ပြီး ရေရှည်တည်တံ့သော လုံခြုံရေးမျှော်မှန်းချက်ဖြစ်သည့် Global Security Initiative (GSI) ကို ကြိုဆိုထောက်ခံကြောင်း၊ သတင်းအချက်အလက်မျှဝေခြင်းနှင့် ဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များမှတစ်ဆင့် နယ်စပ်ဒေသဆိုက်ဘာလိမ်လည်မှု (Online Scam) ကွန်ရက်များကို ဖြိုခွဲနိုင်ခဲ့ခြင်း၊ တရားမဝင်ဆက်သွယ်ရေးပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ခြင်းစသည့် လက်တွေ့ကျသော ရလဒ်များရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်း၍ နိုင်ငံဖြတ်ကျော်မှုခင်းများကို အရှိန်အဟုန်မြှင့်တိုက်ဖျက်သွားရန် အဆင်သင့်ရှိကြောင်း ပြောကြားသည်။

စက်တင်ဘာ ၁၀ ရက်တွင် ဆက်သွယ်ရေးစနစ်နှင့် အင်တာနက်အသုံးပြု လိမ်လည်မှုတိုက်ဖျက်ရေး နိုင်ငံတကာမဟာမိတ်အဖွဲ့ စတင်တည်ထောင်သည့် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပြီး Haizhou Bayview ၊ Conference Center အတွင်းရှိ ပြည်သူ့လုံခြုံရေးဆိုင်ရာ နည်းပညာပြပွဲကို သွားရောက်လေ့လာခဲ့သည်။

ခရီးစဉ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး အပြုသဘောဆောင်သည့်ရလဒ်များ ရရှိခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယမန်နေ့က လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြကြောင်း သိရသည်။


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)