မြန်မာ-ကိုရီးယား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်မည့် အလားအလာများအား ရှင်းလင်းပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ-ကိုရီးယား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်မည့် အလားအလာများအား ရှင်းလင်းပြောကြား




ဆိုးလ်၊ စက်တင်ဘာ ၁၇

ဆိုးလ်မြို့ရှိ ကိုရီးယား-မြန်မာ စီးပွားရေးလုံခြုံမှုဆိုင်ရာသုတေသနအသင်း (Korea-Myanmar Association for Economic & Security Studies - KMAESS) ၏ စတင်ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ်ပြုလုပ်သည့်စီးပွားရေးဖိုရမ်ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင် ဆိုးလ်မြို့ရှိ LS Tower (MIR Hall) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Mr. Lim Jong-deck၊ ဆိုးလ်မြို့ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်၊ KMAESS မှ ဥက္ကဋ္ဌ Mr. Choi Shin Il နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကိုရီးယား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို စိတ်ဝင်စားသည့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Mr. Lim Jong-deck၊ ဆိုးလ်မြို့ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်နှင့် ကိုရီးယားနိုင်ငံ ကာကွယ်ရေးသံတမန်ရေးရာအသင်း (Korea Defense Diplomacy Association) ဥက္ကဋ္ဌ  Mr. Hwang Dong Jun တို့က KMAESS ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ်ဆွေးနွေးပွဲ ကျင်းပနိုင်မှုအတွက် ဂုဏ်ပြုမိန့်ခွန်းများကို အသီးသီး ပြောကြားခဲ့ပါသည်။ ၎င်းနောက် KMAESS ဥက္ကဋ္ဌ Mr. Choi Shin Il က ဖွဲ့စည်းတည်ထောင်ရခြင်းနှင့် ယခုကဲ့သို့ ဖိုရမ်ကျင်းပနိုင်မှုအပေါ်  ဝိုင်းဝန်းကူညီပံ့ပိုးခဲ့မှုများအား ကျေးဇူးတင်စကားပြောကြားပြီး၊ ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအောင်မြင်စေရန်နှင့် KMAESS ဖွဲ့စည်းတည်ထောင်ရာတွင် စိတ်အားတက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးခဲ့၍ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီးအား “ကျေးဇူးတင်အသိအမှတ်ပြုတံဆိပ်” ပေးအပ်ခဲ့သည်။

မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီးက ဂုဏ်ပြုစကားပြောကြားရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရန် KMAESS အသင်းအနေဖြင့် အရေးပါသည့် ပေါင်းကူးတံတားတစ်ရပ်အဖြစ် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံက အလေးထားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံတော်အကြီးအကဲ အနေဖြင့်လည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို အလေးထားဖိတ်ခေါ်လျက်ရှိပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဒေါက်တာ ဝါဝါမောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးအေးဝင်းတို့ကလည်း Video Message ဖြင့် ဂုဏ်ပြုစကား အသီးသီးပေးပို့ခဲ့ကြသည်။

ယင်းနောက် ဖိုရမ်ကို ဆက်လက်ကျင်းပရာတွင် မြန်မာနိုင်ငံသံရုံး၊ ဆိုးလ်မြို့မှ စီးပွားရေးသံမှူး ဒေါ်ဝင်းပပသူက “The Business Environment and Future Prospects for Myanmar-Korea Economic Cooperation” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်၊ နှစ်နိုင်ငံကုန်သွယ်မှု အခြေအနေများနှင့် မြန်မာ-ကိုရီးယား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်မည့် အလားအလာများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ ဖွဲနုဆီထုတ်လုပ်ရေးလုပ်ငန်းအပါအဝင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လာရောက်နိုင်ရေး မြန်မာသံရုံး၊ ဆိုးလ်မြို့က လုပ်ဆောင်နေမှုများကို ထည့်သွင်းဆွေးနွေးခဲ့သည်။

အခမ်းအနားတွင် KMAESS နှင့် မြန်မာနိုင်ငံ Super Seven Star Group of Companies တို့အကြား အထွေထွေစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding–MOU) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး၊ မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား အနာဂတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် လက်တွေ့ကျသော ချိတ်ဆက်မှုတစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့ပါသည်။ ထို့ပြင် ကိုရီးယားလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင် သိရှိလိုသည့် လုပ်ငန်းစဉ်များနှင့် သက်ဆိုင်ရာကိစ္စရပ်များကို မြန်မာသံရုံး၊ ဆိုးလ်မြို့ စီးပွားရေးသံမှူးက ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး၊ အနာဂတ်တွင် လက်တွေ့အကောင်အထည်ဖော်နိုင်မည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် အခြေခံကောင်းတစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ခဲ့ပါသည်။

KMAESS သည် ကိုရီးယားသမ္မတနိုင်ငံ စက်မှု၊ ကုန်သွယ်ရေးနှင့် သယံဇာတဝန်ကြီးဌာန (Ministry of Trade, Industry and Resources -MOTIR) ၏ ခွင့်ပြုချက်ဖြင့် အကျိုးအမြတ်မယူသော တရားဝင် Think Tank အဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းတည်ထောင်ထားပြီး ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေး လုံခြုံမှုဆိုင်ရာ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလာစေရန်၊ သုတေသနနှင့် မူဝါဒဆိုင်ရာ ဆွေးနွေးဖလှယ်မှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်။


#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)