စက်တင်ဘာ - ၄ (သောကြာနေ့)
၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အီသီယိုပီးယား လေးကြောင်းလိုင်း လေယာဉ်အမှတ် ၃၀၂ ပျက်ကျမှုမှာ သေဆုံးခဲ့ရသူ ကင်ညာနိုင်ငံသား ၃၂ ဦးရဲ့ မိသားစုဝင်တွေကို ဘိုးအင်းကုမ္ပဏီက လျှော်ကြေးငွေ စုစုပေါင်း ဒေါ်လာ ၈၇.၃ သန်း ပေးတော့မယ်လို့ ကင်ညာမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဒါဟာ ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က အက်ဒီစအာဘာဘာမှ နာရိုဘီသို့ ပျံသန်းထွက်ခွာပြီး မကြာမီ ကင်ညာနိုင်ငံသား ၃၂ ဦး အပါအဝင် လေယာဉ်ပေါ်ပါသူ ၁၅၇ ဦးစလုံး သေဆုံးခဲ့ရတဲ့ ဘိုးအင်း ၇၃၇ လေယာဉ် ပျက်ကျမှုဖြစ်စဉ်အပြီး ၇ နှစ်ကျော်အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ် မတိုင်မီ ၅ လကျော်ကလည်း အင်ဒိုနီးရှားနိုင်ငံမှာ လိုင်းယွန်းလေကြောင်းလိုင်း လေယာဉ်အမှတ် ၆၁၀ (အဆိုပါ ဘိုအင်း လေယာဉ်မော်ဒယ် အမျိုးအစားတူ) ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါသူ ၁၈၉ ဦးစလုံး သေဆုံးခဲ့ပါတယ်။
ကင်ညာမိသားစုဝင်တွေဟာ စုစုပေါင်း ဒေါ်လာ ၈၇,၃၄၃,၃၅၂.၆၀ ရရှိကြမှာဖြစ်ကြောင်း ချီကာဂိုအခြေစိုက် ဥပဒေအကျိုးဆောင်လုပ်ငန်းကို ကိုးကားပြီး စတား သတင်းစာက ဖော်ပြခဲ့ပါတယ်။ အဆိုပါ ဥပဒေလုပ်ငန်းဟာ 737 MAX လေယာဉ်ပျက်ကျမှု နှစ်ခုကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ မိသားစုပေါင်း ၉၃ စုကို ကိုယ်စားပြု ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
"အမေရိကန်၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာရှဒေသတွေမှာရှိတဲ့ ကျနော်တို့ရဲ့ အမှုသည်တွေအတွက် ဥပဒေကြောင်းအရ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို အပြီးသတ်ဆောင်ရွက်ပြီးပါပြီ။ ဘိုးအင်း ကုမ္ပဏီအနေနဲ့ အမေရိကန် တရားရေးဝန်ကြီးဌာနနဲ့ ချုပ်ဆိုထားတဲ့ တရားမစွဲဆိုရေး သဘောတူညီချက်အတိုင်း ကျနော်တို့ရဲ့ အမှုသည်တွေကို ချက်ချင်း လျှော်ကြေးပေးအပ်သွားတော့မှာ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ကင်ညာမိသားစုဝင်တွေကို ပေးအပ်မယ့် ဒေါ်လာ ၈၇.၃ သန်း ပမာဏဟာ ဘိုးအင်းကုမ္ပဏီနဲ့ အမေရိကန် တရားရေးဝန်ကြီးဌာနတို့အကြား ၂၀၂၅ ခုနှစ် တရားမစွဲဆိုရေး သဘောတူညီချက်အရ ထူထောင်ထားတဲ့ ဒေါ်လာ ၄၄၄.၅ သန်း ရန်ပုံငွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
ဘိုးအင်း ရဲ့ နည်းပညာဆိုင်ရာ လေယာဉ်မှူး နှစ်ဦးဟာ 737 MAX လေယာဉ် ထိန်းချုပ်မှုစနစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဖက်ဒရယ် လေကြောင်းဦးစီးဌာန (FAA) ထံမှ ဖုံးကွယ်ထားခဲ့တာကြောင့် အမေရိကန် လေကြောင်းဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေး အာဏာပိုင်တွေကို လိမ်လည်လှည့်ဖြားခဲ့မှုနဲ့ တရားရေးဝန်ကြီးဌာန က ၂၀၂၁ ခုနှစ်မှာ ကုမ္ပဏီကို စွဲချက်တင်ခဲ့ပါတယ်။ အဆိုပါနှစ်မှာပဲ ဘိုးအင်း ဟာ တရားရေးဝန်ကြီးဌာနနဲ့ တရားစွဲဆိုမှု ဆိုင်းငံ့ရေး သဘောတူညီချက် ချုပ်ဆိုခဲ့ပြီး လေယာဉ်ပျက်ကျမှု နှစ်ခုအတွင်း သေဆုံးခဲ့ရသူ ၃၄၆ ဦးရဲ့ မိသားစုဝင်တွေအတွက် ဒေါ်လာ သန်း ၅၀၀ ရန်ပုံငွေ ထူထောင်ပေးဖို့ သဘောတူညီခဲ့ပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment