“လက်ဖက်ဆွေသဟာ တရုတ်-မြန်မာ၊ လဝန်းထိန်သာ ကမ္ဘာတစ်ဝန်းမှာ” ဆောင်းဦးလယ်လမုန့်ပွဲတော်နှင့် လက်ဖက်ယဉ်ကျေးမှုပြပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

“လက်ဖက်ဆွေသဟာ တရုတ်-မြန်မာ၊ လဝန်းထိန်သာ ကမ္ဘာတစ်ဝန်းမှာ” ဆောင်းဦးလယ်လမုန့်ပွဲတော်နှင့် လက်ဖက်ယဉ်ကျေးမှုပြပွဲ ကျင်းပ


ရန်ကုန်၊ စက်တင်ဘာ ၂၄

“လက်ဖက်ဆွေသဟာ တရုတ်-မြန်မာ၊ လဝန်းထိန်သာ ကမ္ဘာတစ်ဝန်းမှာ” ဆောင်းဦးလယ်လမုန့်ပွဲတော်နှင့် လက်ဖက်ယဉ်ကျေးမှုပြပွဲကို ယမန်နေ့က ရန်ကုန်မြို့လှိုင်မြို့နယ်ရှိ လှိုင်မင်္ဂလာခန်းမ၌ ကျင်းပသည်။

“တရုတ်နိုင်ငံရဲ့ လက်ဖက်ယဉ်ကျေးမှုဟာ ရှည်လျားကြာမြင့်တဲ့ သမိုင်းကြောင်းရှိပါတယ်။ ဒီနေ့အထိလည်း ထင်ရှားကျော်ကြားပါတယ်။ မြန်မာ့လက်ဖက်ယဉ်ကျေးမှုကလည်း ယဉ်ကျေးမှုသမိုင်းနောက်ခံ အခိုင်အမာနဲ့ အမျိုးအစားများပြားစုံလင်ပါတယ်။ တရုတ်လူမျိုးတွေရဲ့ လက်ဖက်ရည်သောက်သုံးခြင်း၊ မြန်မာလူမျိုးတွေရဲ့ လက်ဖက်သုပ်စားသုံးခြင်း၊ ရေနွေးကြမ်းသောက်သုံးခြင်း ဓလေ့တွေက နှစ်နိုင်ငံပြည်သူတွေရဲ့ လူနေမှုဘဝမှာ မြင်တွေ့ခံစားနိုင်တဲ့ ယဉ်ကျေးမှုပဲ ဖြစ်ပါတယ်။ တရုတ်နဲ့ မြန်မာနှစ်နိုင်ငံဟာ တောတောင် ရေမြေချင်းထိစပ်လျက်ရှိပြီး နှစ်နိုင်ငံ ပြည်သူအကြားမှာရှိတဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကလည်း နှစ်ကာလများစွာ တည်တံ့ခိုင်မြဲနေပါတယ်။ ဒီနေ့ကျင်းပတဲ့ “ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား" ဆောင်းဦးလယ်လမုန့်ပွဲတော်ဟာ တရုတ်-မြန်မာ အိမ်နီးချင်းနှစ်နိုင်ငံကြားက စိတ်ချင်းယှက်နွှယ်ပြီး သံယောဇဉ်ပေါင်းကူးတံတားသဖွယ် ဖော်ညွှန်းပေးနိုင်မယ့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်တစ်ခုဖြစ်ပါတယ်” ဟု တရုတ်ယဉ်ကျေးမှုစင်တာ (ရန်ကုန်)တာဝန်ခံ Mr. Han Jiajun က ပြောကြားသည်။

ပြပွဲတွင် ဝါးကျည်တောက် လက်ဖက်ခြောက်ပြုလုပ်မှု အတတ်ပညာ၊ ဟားနီတိုင်းရင်းသားရိုးရာပန်းထိုးပညာ၊ ပိုင်တိုင်းရင်းသား ဆေးဆိုးပန်းရိုက်ပညာ၊ ယူနန် Tile Cat ယဉ်ကျေးမှု လက်ရာများ၊ ယူနန် Jiama နတ်ရုပ် ယဉ်ကျေးမှု လက်ရာများ၊ ယူနန်ဒြပ်မဲ့ ယဉ်ကျေးမှု လက်ဖက်ပြုလုပ်ခြင်းအတတ်ပညာ၊ ယူနန်ဒေသစားဖွယ်များ၊ တက်ဟုန်းဒေသ စားဖွယ်နှင့်ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်များ၊ ကျန်းရှီးဒေသစားဖွယ်များ၊ ဟေးလုံကျန်း လယ်ယာထွက်ကုန်ပစ္စည်းများ၊ ကြွေထည်လက်ရာများ၊ မြန်မာ့လက်ဖက် ယဉ်ကျေးမှုများ၊ မြန်မာ့လက်ဖက် ရည်၊ ကော်ဖီ၊ မုန့်များကို ပြသထားပြီး ပြပွဲလာ ပရိသတ်များအား ဒေသထွက်အစားအစာများဖြင့် ဧည့်ခံခဲ့သည်။

ထို့ပြင် ပွဲတော်တွင် ယူနန်လူမှုဘဝ ခရီးသွားမိတ်ဆက်ဗီဒီယို ပြသခြင်း၊ “ ယူနန်တိုင်းရင်းသား အက မီးပွဲတော်တင်ဆက်ခြင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံ ရိုးရာယဉ်ကျေးမှု တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်းတို့ ဆောင်ရွက်ကြသည်။

ဆောင်းဦးလယ်လမုန့်ပွဲတော် (Mid-Autumn Festival) သည် မိသားစုများ ပြန်လည်ဆုံစည်းကာ လပြည့်လကို ကြည့်ရှုပူဇော် ကြသည့် ရိုးရာပွဲတော်တစ်ခုဖြစ် ပြီး ပွဲတော်တွင် လမုန့်စားသုံးခြင်းနှင့် လက်ဖက်ရည် သောက်သုံးခြင်းတို့သည် ပွဲတော်နှင့် ယှဉ်တွဲနေသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်။

အဆိုပါပွဲတော်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသံမှူး Mr. Li Qianguo ၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးနှင့် တရုတ်ယဉ်ကျေးမှု စင်တာ(ရန်ကုန်) တာဝန်ခံ Mr. Han Jiajun တို့က အမှာစကားပြောကြားကြသည်။


ကျော်ကြီး

#News #Myanmar 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)