နေပြည်တော်၊ စက်တင်ဘာ ၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁) နှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဒဂုံတက္ကသိုလ်
ဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ဒဂုံတက္ကသိုလ် ဘူတာရုံသို့ရောက်ရှိကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက္ကသိုလ်ဘူတာရုံအနီး ကျောင်းသား၊ ကျောင်းသူများ နေ့စဉ်အဆင်ပြေချောမွေ့စွာ ကျောင်းတက်ရောက်နိုင်ရန် YBS ဘတ်စ်ကားဂိတ်ထားရှိနိုင်ရေး ယာဉ်ရပ်နားဝန်းနှင့် ယာဉ်လှည့်ကွင်း တည်ဆောက်နိုင်မည့် လျာထားနေရာရွေးချယ်ထားရှိမှု၊ ကျောင်းအတွင်းရှိ ဗိုလ်မှူးဗထူးလမ်း လမ်းဘေးဘယ်ညာ လူသွားပလက်ဖောင်းများဆောင်ရွက်ခြင်းနှင့် ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေ၊ တက္ကသိုလ်ဝင်းအတွင်း ယာဉ်ကြောမျဉ်းနှင့် လူကူးမျဉ်းကြားများ စနစ်တကျ ဆေးရေးဆွဲသွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ယာဉ်ရပ်နားဝန်းနှင့် ယာဉ်လှည့်ကွင်းနေရာ တည်ဆောက်ရာ၌ မြေသားအောက်ခံဖောင်ဒေးရှင်းကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်သွားရန်၊ ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာအသုံးပြုနိုင်ရေး လူသွားပလက်ဖောင်းများ ထည့်သွင်းတည်ဆောက်သွားရန်နှင့် ကျောင်းဆင်း၊ ကျောင်းတက်ချိန်များ၌ YBS ဘတ်စ်ကားများကို အချိန်နှင့်တစ်ပြေးညီ စီမံပြေးဆွဲပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဘူတာရုံယာဒ်ဝင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဘူတာနယ်နိမိတ်အတွင်း စည်းကမ်းစနစ်တကျ ဖြစ်စေရေးနှင့် သန့်ရှင်းသာယာလှပရေး အမြဲမပြတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒဂုံတက္ကသိုလ်ဧရိယာတစ်ခုလုံးအနေဖြင့်လည်း တက္ကသိုလ်အင်္ဂါရပ်နှင့်အညီဖြစ်စေရေး လိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ လမ်းဘေးဝဲယာရှိ ခြုံနွယ်များအားရှင်းလင်းသွားရန်နှင့် သစ်ပင်ကြီးများကိုလည်း အလင်းဖွင့်ခုတ်ထွင်ခြင်းများ ဆောင်ရွက်သွားရန်လိုပြီး သန့်ရှင်းသာယာလှပသည့်၊ ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် တက္ကသိုလ်ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖော်ဆောင်ပေးသွားရန်လိုကြောင်း၊ ရေဝပ်ဧရိယာများမရှိစေရေးအတွက်လည်း မြေဖို့ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ စနစ်တကျ ဖော်ထုတ်ပေးခြင်းများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျောင်းတွင်းလမ်းများကိုလည်း သတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး စနစ်တကျပြန်လည် အဆင့်မြှင့်တင် ပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမသို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမ၌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချစ်စိန်တို့က တက္ကသိုလ်၏မျှော်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ၊ တက္ကသိုလ်၏လိုအပ်ချက်များ၊ ဘာသာရပ်များအလိုက် သင်ကြားပေးလျက်ရှိသည့် အခြေအနေများကိုရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ အကြီးစားပြင်ဆင် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် တက္ကသိုလ်အားကစားကွင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်းနှင့် ပွဲကြည့်စင် အဆင့်မြှင့်တင်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ဘောလုံးကွင်းအား မီတာ ၄၀၀ ပြေးလမ်းပါ စံကိုက်ကွင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန်နှင့် ပွဲကြည့်စင်ကိုလည်း သတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး ပြန်လည်တည်ဆောက်သွားရန်လိုကြောင်း၊ အားကစားကွင်းအဆင့်မြှင့်တင်ခြင်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ကျောင်းအားကစားပွဲများအား လေ့ကျင့်ရေး အားကစားကွင်း၌ဆောင်ရွက်နိုင်ရေး စီမံပေးထားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆေးတက္ကသိုလ် (၁) ရန်ကုန်
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ကမာရွတ်မြို့နယ်၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်ဝန်းအတွင်း ရှေးယခင်ကတည်ရှိခဲ့သည့် လိပ်ခုံးပုံ (MULTI-PURPOSE ASSEMBLY HALL) အဆောက်အဦအား မူလပုံစံမပျက် ခေတ်မီဆန်းသစ်သည့်အသွင်ဖြင့် အသစ်ပြန်လည် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိကြရာ ဆေးတက္ကသိုလ် (၁) နှင့် (၂) တို့မှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် တည်ဆောက်ရေးလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် ယခင်ကတည်ရှိခဲ့သည့် လိပ်ခုံးပုံအဆောက်အဦ၏ သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ မှတ်တမ်းမှတ်ရာများကို ပြန်လည်ကြည့်ရှုလေ့လာဆန်းစစ်၍ မူလပုံစံမပျက် ခေတ်မီဆန်းသစ်သည့်အသွင်ဖြင့် လိပ်ခုံးပုံအဆောက်အဦဖြစ်စေရေး စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုတည်ဆောက်မည့် လိပ်ခုံးပုံအဆောက်အဦသည် မော်တော်ယာဉ်များ အသွားအလာများပြားသည့် ပြည်လမ်းမကြီးဘေးတွင် တည်ရှိသည်ဖြစ်၍ အသံထိန်းစနစ်များကိုလည်း စနစ်တကျ တွက်ချက်ထည့်သွင်း ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
အဆိုပါ ယခင်က အထင်ကရအဆောက်အဦတစ်ခုအဖြစ် ကျော်ကြားတည်ရှိခဲ့သည့် လိပ်ခုံးပုံသစ်သားခန်းမကြီး (MULTI-PURPOSE ASSEMBLY HALL) အဆောက်အဦကို ဗြိတိသျှ ဗိသုကာပညာရှင် Ragian Squire က ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး ၁၉၅၄ - ၁၉၅၆ ခုနှစ်များအတွင်း ရန်ကုန်စက်မှုတက္ကသိုလ်အတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် အဆိုပါ လိပ်ခုံးသစ်သားခန်းမကြီးကို ၁၉၈၀ ပြည့်နှစ်များဝန်းကျင်ခန့်တွင် ယိုယွင်းပျက်စီးလာခြင်း၊ အပူပိုင်းမိုးရေချိန်နှင့် ကာလကြာမြင့်မှုတို့ကြောင့် သစ်သားဖွဲ့စည်းပုံများ ပျက်စီးယိုယွင်းလာကာ လူအများအသုံးပြုနိုင်မှုမရှိတော့ခြင်း၊ ရေရှည်ပြုပြင်ထိန်းသိမ်းရန် ကုန်ကျစရိတ်ကြီးမားလှခြင်းတို့ကြောင့် ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ မူလပုံစံမပျက် ခေတ်မီဆန်းသစ်သည့်အသွင်ဖြင့် အဆိုပါလိပ်ခုံးပုံ အဆောက်အဦအား ပြန်လည်တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။
ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) သို့ ရောက်ရှိကြပြီး အုပ်ချုပ်မှုအဆောက်အဦ ရှင်းလင်းဆောင်ခန်းမ၌ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းဇော်ဦးက လှိုင်တက္ကသိုလ်များနယ်မြေဆိုင်ရာ အချက်အလက်များနှင့် တက္ကသိုလ်များ၊ စာသင်ဆောင်များ တည်ဆောက်ထားရှိမှုအခြေအနေ၊ လှိုင်တက္ကသိုလ်နယ်မြေအတွင်း တက္ကသိုလ်များအလိုက် အိပ်ဆောင်များနှင့်စာသင်ဆောင်များ တည်ရှိမှုအခြေအနေ၊ ဝန်ထမ်းအိမ်ရာများ တည်ဆောက်ထားရှိမှု၊ စာသင်ဆောင်များ၊ Theater များ တည်ရှိမှုနှင့် လှိုင်တက္ကသိုလ်များနယ်မြေအတွင်း သင်ကြားမှု၊ သင်ယူမှုနှင့်အုပ်ချုပ်မှု အခြေခံအဆောက်အဦများ၏အခြေအနေနှင့် ထပ်မံလိုအပ်လျက်ရှိသည့် အခြေခံအဆောက်အဦဆိုင်ရာများနှင့် ပတ်သက်၍လည်းကောင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကေသွယ်လှိုင်က ရန်ကုန်ပညာရေးတက္ကသိုလ်၏ နောက်ခံသမိုင်းကြောင်းဆိုင်ရာများနှင့် ပေးအပ်လျက်ရှိသည့် ဘွဲ့များ၊ သင်ကြား၊ သင်ယူမှုဆိုင်ရာ အခြေခံအဆောက်အဦ လိုအပ်ချက်များနှင့် ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းများအလိုက် ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေသုံးစွဲမှု၊ လုပ်ငန်းပြီးစီးမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များမေးမြန်းကာ လှိုင်တက္ကသိုလ်များနယ်မြေနှင့် ကမာရွတ်တက္ကသိုလ်နယ်မြေတို့အတွင်း ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ တစ်စုတစ်စည်းတည်း ဆောင်ရွက်နိုင်ရေးနှင့် သင်ကြားသင်ယူမှုဆိုင်ရာကိစ္စရပ်များ ပိုမိုလျင်မြန် အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး ပေါင်းစည်းထားရှိနိုင်ရန်လိုကြောင်း၊ ပညာရေးအရ ရင်းနှီးမြှုပ်နှံခြင်းသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်ကောင်းကို ပုံဖော်တည်ဆောက်နေခြင်းပင်ဖြစ်သည့်အတွက် နိုင်ငံအတွက် အသိပညာအတတ်ပညာပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကို တက္ကသိုလ်များမှ စဉ်ဆက်မပြတ်မွေးထုတ်ပေးသွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ကောလိပ်များအနေဖြင့်လည်း ပညာတတ် လူသားအရင်းအမြစ်ကောင်းများမွေးထုတ်၍ ဒေသ၏ ကောင်းရာကောင်းကျိုးများကို နိုင်ငံ့ဝန်ထမ်းများအဖြစ် ပြန်လည်အကျိုးပြုတာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တက္ကသိုလ်များအလိုက် ဘာသာရပ်များအလိုက် တက်ရောက်ကြသည့် ကျောင်းသားဦးရေအချိုး၊ သင်ကြားသင်ယူမှု အခြေခံအဆောက်အဦနှင့် သင်ကြားရေးဝန်ထမ်းအချိုးတို့ကို စနစ်တကျတွက်ချက်၍ လိုအပ်ပါက အခြေခံအဆောက်အဦ တိုးချဲ့တည်ဆောက်ခြင်းများဆောင်ရွက်ပေးခြင်း၊ လူဦးရေအနည်းငယ်သာရှိသည့် ဘာသာရပ်များအား စုပေါင်းသင်ကြားစေခြင်းတို့ကို လေ့လာဆန်းစစ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သင်ကြား၊ သင်ယူမှု အခြေခံအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တက္ကသိုလ်ဘွဲ့နှင်းသဘင်ကဲ့သို့သော တက္ကသိုလ်တစ်ရပ်၏ အဓိကပြယုဂ်နှင့် ဂုဏ်ဒြပ်ဖြစ်သည့် အရေးကြီးအဆောက်အဦများတည်ဆောက်ရာ၌ ဘက်ပေါင်းစုံမှ စဉ်းစားတွက်ချက်ခြင်း၊ အဆိုပြုနေရာနှင့် အဆိုပြုပုံစံဒီဇိုင်းအကြမ်းများရေးဆွဲ၍ ဦးစားပေးအဆင့်အလိုက် သတ်မှတ်ရွေးချယ်ခြင်းတို့ကို အဆင့်ဆင့်စနစ်တကျ ဆောင်ရွက်တည်ဆောက်သွားကြရန်နှင့် ရေရှည်အကျိုးကိုကြည့်၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စီးပွားရေးတက္ကသိုလ် (ရန်ကုန်)၊ ရန်ကုန်တက္ကသိုလ်၊ ပညာရေးတက္ကသိုလ်တို့အား ကျောင်းသားဦးရေနှင့် သင်ကြားရေးဝန်ထမ်းများ၏ အချိုး၊ အခြေခံအဆောက်အဦ လိုအပ်ချက်အချိုးတို့ကို ဆန်းစစ်လေ့လာတွက်ချက်၍ တစ်စုတစ်စည်းတည်းဖြစ်စေရေး စုစည်းဆောင်ရွက်နိုင်မည့် အခြေအနေများကို အဖြေရှာဆောင်ရွက်သွားကြရန်လိုကြောင်း၊ တက္ကသိုလ်များအလိုက် အခြေခံအဆောက်အဦများ၏ အသုံးပြုမည့်အကြောင်းအရာ၊ လူဝင်ဆံ့မှုတို့အလိုက် အဆောက်အဦကြံ့ခိုင်မှုများကိုလည်း ပြန်လည်တိုင်းတာဆန်းစစ်ပြုစု၍ စနစ်တကျဖြစ်စေရေး ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) အတွင်း လှည့်လည်၍ Theater များ၊ စာသင်ဆောင်များ၊ ဘာသာရပ်အလိုက်စာပေဌာနများ၊ စာကြည့်တိုက် ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းသား၊ ကျောင်းသူများ၏အဆောင်များ စသည်ဖြင့် တက္ကသိုလ်အဆောက်အဦ အကွက်ချဆောင်ရွက်ထားရှိမှု မြေပြင်အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar






No comments:
Post a Comment