ကရင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ရိက္ခာများချီးမြှင့်ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking


ကရင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ရိက္ခာများချီးမြှင့်ပေးအပ်



ဘားအံ ,စက်တင်ဘာ ၁၂

ကရင်ပြည်နယ်အတွင်း နေရာဒေသအချို့တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်များနှင့်အကြမ်းဖက်ဖြစ်စဉ်များကြောင့် နယ်မြေတည်ငြိမ်အေးချမ်းမှုအားနည်းခဲ့သည့်အတွက် ဒေသခံပြည်သူများသည် မိမိတို့၏ဒေသကို စွန့်ခွာပြီး နီးစပ်ရာဆွေမျိုးသားချင်းများနှင့် ဘာသာရေးအဆောက်အဦများသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိရာ စက်တင်ဘာ ၁၂ ရက် နံနက် ၉ နာရီက ဘားအံမြို့ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ရိက္ခာများကို ချီးမြှင့်ပေးအပ်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယာယီနေရပ်စွန့်ခွာပြည်သူများနှင့်တွေ့ဆုံပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများ၏ ကျန်းမာရေး၊ ပညာသင်ကြားရေး၊ အေးချမ်းစွာနေထိုင်စားသောက်နိုင်ရေးအတွက် အမြဲသတိပြုကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း နေထိုင်စဉ်ကာလအတွင်း ခိုက်ရန်ဖြစ်ပွားခြင်းမရှိဘဲ ရင်းနှီးချစ်ခင်စွာနေထိုင်ကြရန်၊ သန့်ရှင်းသည့်သောက်သုံးရေများ အသုံးပြုကြရန်၊ ကျန်းမာရေးဂရုစိုက်ကြရန်၊ တာဝန်ရှိသူများ၏ပြောဆိုဆုံးမမှုများကို နားထောင်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက အထက်ဌာနများ၊ နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့များသို့ ချက်ချင်းသတင်းပို့ကြရန် အားပေးစကားများပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘားအံမြို့နယ်အတွင်း ယာယီပြောင်းရွှေ့အိမ်ထောင်စု(၄၂၂၃)စု၊ လူဦးရေ(၁၅၄၂၀)ဦးတို့အား အိမ်ထောင်စုတစ်စုလျှင် ဆန်(၆)ပြည်၊ ဆီ(၅၀)ကျပ်သားနှုန်းဖြင့် ဆန်၊ ဆီ၊ ရိက္ခာများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ကရင်ပြည်နယ်အတွင်း အိမ်ထောင်စု ၁၂၁၇၈ စု၊ လူဦးရေ ၄၉၀၃၃ ဦး ယာယီနေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်လျက်ရှိပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာလထိ ဘားအံမြို့နယ်အတွင်း ပြောင်းရွှေ့နေထိုင်လျက်ရှိသော အိမ်ထောင်စု ၄၂၂၃ စုအား ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီရိက္ခာများချီးမြှင့်ပေးအပ်မှုအနေဖြင့် ပထမအကြိမ်နှင့်ဒုတိယအကြိမ်တို့တွင် ဆန် ၃၆၉၇ အိတ်၊ ဆီ ၁၂၆၆၆ လီတာ၊ ခေါက်ဆွဲခြောက် ၇၆၁ ဖာ ၂၀ ထုပ်တို့ကို ချီးမြှင့်ပေးအပ်ခဲ့ကာ ၂၀၂၄ ခုနှစ်အတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ လူတစ်ဦးလျှင် ဆန်တစ်ဗူးခွဲနှုန်းဖြင့် သုံးလစာဆန်ရိက္ခာကို လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်ပြည်နယ်အစိုးရအဖွဲ့မှ အိမ်ထောင်စုတစ်စုလျှင် ဆန်(၅) ပြည်၊ ဆီ(၁)ပိဿာ၊ ကြက်ဥ (၂၀)လုံးဖြင့်လည်းကောင်း၊ APTERR အစီအစဉ်ဖြင့် လူတစ်ဦးလျှင် ၀ ဒသမ ၅ ကီလိုဂရန်နှုန်းဖြင့် ၁၄ ရက်စာ ဆန်ရိက္ခာကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးစကားများပြောကြားခဲ့ကြသည်။

စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)