မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကများအဖွဲ့ စတုတ္ထအကြိမ်မြောက် အသစ်ဖွဲ့စည်း - Myanmar National Post

Myanmar National Post

News Agency

Breaking


မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကများအဖွဲ့ စတုတ္ထအကြိမ်မြောက် အသစ်ဖွဲ့စည်း


နေပြည်တော်၊ စက်တင်ဘာ ၁၄

မြန်မာနိုင်ငံ  အင်ဂျင်နီယာကောင်စီနာယကများအဖွဲ့ စတုတ္ထအကြိမ်မြောက် အသစ်ဖွဲ့စည်းခြင်းနှင့်အင်ဂျင်နီယာကောင်စီဝင်များအား ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့ကရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံး အစည်း အဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယကများအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊  စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့်စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ၊ ဦးအေးမြင့်၊ ဒေါက်တာညီလှငယ် ၊ ဒေါက်တာ ဝင်းမြင့်နှင့်ဦးဟံစိန်တို့ဖြင့် နာယကအဖွဲ့ အသစ်ဖွဲ့စည်းသည်။

ဆက်လက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယကပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကအဖွဲ့ကို  ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်ပြန်လည်ဖွဲ့စည်းခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ်ကျင်းပသည့် နာယကအဖွဲ့အစည်း အဝေးဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနာယကအဖွဲ့က အင်ဂျင်နီယာကောင်စီအဖွဲ့ဝင် ၆၀ ကို အတည်ပြုရွေးချယ်ပေးမည်ဖြစ်ပြီး   မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ အလုပ်အမှုဆောင်အဖွဲ့ကို ဆက်လက်ရွေးချယ်ဖွဲ့စည်းမည်ဖြစ်ပါကြောင်း ပြောကြားသည်။ 

ထို့အတူ နာယကအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က အင်ဂျင်နီယာပညာရေးနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးသည်။

အလားတူ  နာယကအဖွဲ့ဝင်ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက နိုင်ငံတော်စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတတ်ရေးအတွက် MSME လုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ဆက်လက်၍  အင်ဂျင်နီယာကောင်စီနာယကများဖြစ်သော ဦးအေးမြင့်၊ ဒေါက်တာညီလှငယ်၊ ဒေါက်တာဝင်းမြင့်နှင့်  ဦးဟံစိန် တို့က  မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ မူဝါဒလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့်အင်ဂျင်နီယာပညာရပ်အသိုက်အဝန်း၏ တိုးတက်ရာတိုးတက်ကြောင်း ဆက်လက်အကောင်အထည် ဖော်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အကြံပြုဆွေးနွေးပြီး တက်ရောက်လာသော နာယကအဖွဲ့ဝင်များက  တင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းကာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဝင် ၆၀ ကို စိစစ်၍အတည်ပြုရွေးချယ်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ဆိပ်ကြီးခနောင်တို(တွံတေးတူးမြောင်း)တံတားစီမံကိန်းကို  သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစဉ် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့်ဝန်ကြီးချုပ်တို့က တံတားတည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာသတ်မှတ်ချိန်အတွင်းပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ တံတားကြီးနှင့်အတူ မြို့ပြဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတားများ ကောင်း မွန်စေရေးဦးစားပေး ဆောင်ရွက်ရန်မှာကြားသည်။ ဆိပ်ကြီးခနောင်တို(တွံတေး တူးမြောင်း)တံတားသည် ရန်ကုန်တိုင်းဒေသကြီး  ဒလမြို့နှင့်ဆိပ်ကြီးခနောင်တိုမြို့တို့ကို  ဆက်သွယ်တည်ဆောက်ထားပြီး  တံတားအရှည် ၂၄၂၈ ပေ၊ တံတားအပေါ်ထည် သံမဏိ သံပေါင်တံတားဖြစ်ကာ တံတားခံနိုင်ဝန် ယာဉ်တစ်စီးချင်းတန် ၆၀ ဖြစ်ကြောင်းသိရသည်။

ထိုမှတစ်ဆင့် အင်းစိန်မြို့နယ် တညင်းကုန်းဘူတာအနီး ရန်ကုန်-ပြည်ရထားလမ်းနှင့်ခရေပင်လမ်းဆုံရှိ   မီးရထားခုံးကျော်တံတားတည် ဆောက်ရန်ဆောင်ရွက်နေသည့်အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့်ဝန်ကြီးချုပ်တို့က ယခုခုံးကျော်တံတားကို   နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်အရ ယာဉ်အန္တရာယ်ကင်းရှင်းပြီး ယာဉ်ကြောပိတ်ဆို့မှုလည်း လျော့နည်းသက်သာစေရန်တည်ဆောက်ခြင်းဖြစ်ကြောင်း၊ တညင်းကုန်းဈေးအတွင်းဝင်ရောက်မည့် ကုန်ကားကြီးများ အဆင်ပြေစွာသွားလာနိုင်စေရေးထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်သက်ဆိုင် ရာဌာနများပေါင်းစပ်ညှိနှိုင်း၍ တံတားတည်ဆောက်ရေးကာလအတွင်း ယာဉ်သွားလာမှု အဆင်ပြေချောမွေ့စေရေးနှင့်ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေးကြိုတင်စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

တညင်းကုန်းဘူတာအနီး မီးရထားလမ်းဆုံနေရာသည် ရန်ကုန်-ပြည်ရထားနှင့်ရန်ကုန်မြို့ပတ်ရထားများ  နေ့စဉ်အစုန် ၊ အဆန် ၂၃ ကြိမ် ခန့်ဖြတ်သန်းသွားလာလျက်ရှိသည့်အတွက် တံတားတည်ဆောက်ပြီးစီးသွားပါက ပြည်သူများအနေဖြင့်သွားလာရေးလွယ်ကူအဆင်ပြေချောမွေ့စေပြီး  ယာဉ်ကြောပိတ်ဆို့မှုများကိုယခုထက်ပိုမိုဖြေလျှော့ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။ 


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)