နေပြည်တော်၊ စက်တင်ဘာ ၂၉
အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုပျက်စီးစေရန်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုများအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်အဖွဲ့များအား အားပေးမှု၊ ထောက်ခံမှု၊ ကူညီထောက်ပံ့မှုများပြုလုပ်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်း ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အကြမ်းဖက် NUG အဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန်နှင့် ၎င်းတို့ ရေရှည်ရပ်တည်နိုင်ရန်အတွက် People's Revolution Supply Family-PRF Website (https://form.prfhq.modnug.org)အား တည်ထောင်၍ Wave Payı တရားမဝင် NUG Pay၊ တရားမဝင် SDB Bank၊ Crypto နှင့် နိုင်ငံခြားငွေ Payment စနစ်များမှတစ်ဆင့် ငွေကြေးကောက်ခံလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်။
အကြမ်းဖက်အဖွဲ့များ အခြေပြုနေထိုင်ရပ်တည်၍ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းကို မလိုလားသော အေးချမ်းစွာနေထိုင်လိုသည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်များအရ PRF Website သို့ WavePay ဖြင့် ငွေကြေးထောက်ပံ့သူ ၇၀၀ ဦးခန့်၊ တရားမဝင် NUG Pay ဖြင့် ငွေကြေးထောက်ပံ့သူ ၁,၀၀၀ ဦးခန့်၊ တရားမဝင် SDB ဘဏ်ဖြင့် ငွေကြေးထောက်ပံ့သူ ၁,၀၀၀ ဦးခန့်၊ စုစုပေါင်း ၂,၇၀၀ ကျော်၏အချက်အလက်များအား ဖော်ထုတ်ရရှိခဲ့ပြီး ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ PRF Website သို့ ငွေကြေးထောက်ပံ့ပေးပို့သူ တရားခံများဖြစ်ကြသည့် မိုးညှင်းမြို့နေထက်သူအောင် ၊ လားရှိုးမြို့နေ မေရီဆန်စင် ၊ ရွှေညောင်မြို့နေ မျိုးမြမြတ်ထွန်းကြည်၊ ပုသိမ်ကြီးမြို့နယ်နေ လှိုင်ဖုန်း ၊ ပြင်ဦးလွင်မြို့နေ စန်းယုအောင် ၊ ပျဉ်းမနားမြို့နယ်နေ သဲအိခိုင်၊ ဇမ္ဗူသီရိမြို့နယ်နေ သီဟ၊ လှည်းကူးမြို့နေ ဇော်ကိုလတ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ရန်နိုင်အောင် ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ မျိုးဇော် ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ အောင်ဟိန်း ၊ မင်္ဂလာဒုံမြို့နယ်နေ ငြိမ်းဝင်းအောင်နှင့် ကျော်ဝင်းစိုး၊ လှိုင်မြို့နယ်နေ မြသီတာ ၊ ကြည့်မြင်တိုင်မြို့နယ်နေသက်နိုင်ထူး ၊ ဆိပ်ကြီးခနောင်တို တိုက်နယ်နေ ညွန့်ရီ ၊ ပုသိမ်မြို့နေ ကြူကြူဝင်း၊ ဒေးဒရဲမြို့နေ သိန်းဇင်ထိုက်နှင့် ကြည်ကြည်စန်း၊ မအူပင်မြို့နေ အောင်ဇော်ထွေး၊ ကျောင်းကုန်းမြို့နေ အေးအေးသင်း စုစုပေါင်းတရားခံ ၂၁ ဦးအား ဖော်ထုတ်ဖမ်းဆီး ရရှိခဲ့သည်။
အဆိုပါ NUG အကြမ်းဖက်အဖွဲ့၏ တရားမဝင် PRF Website (https://form.prfhq.modnug.org) သို့ ငွေကြေးထောက်ပံ့မှုပြုလုပ်သူ ဖမ်းဆီးရမိတရားခံများအား တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး PRF Website နှင့်ဆက်စပ်ပြီး ကျန်ရှိသည့် တရားခံများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဖော်ထုတ်ဖမ်းဆီးရရှိသည့် WavePay အကောင့်များအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီပိတ်သိမ်း၍ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည် ဖြစ်သည်။
မိဘပြည်သူများအနေဖြင့်လည်း CRPH ၊ NUG အကြမ်းဖက်အဖွဲ့အပါအဝင် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ခံမှု၊ ကူညီအားပေးမှု၊ ငွေကြေးထောက်ပံ့မှုမပြုခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်းဖြစ်သည်နှင့်အညီ အဆိုပါအားပေးထောက်ခံမှုပြုနေသူများ၏ သတင်းကိုသိရှိပါက သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာသတင်းပေးပို့တိုင်ကြားနိုင်ပြီး သတင်းပေးပို့လာသူများကိုလည်း ထိုက်တန်စွာ ဆုကြေးများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
#News #Myanmar




No comments:
Post a Comment