ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဂျပန်နိုင်ငံ၏အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဂျပန်နိုင်ငံ၏အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ





နေပြည်တော်၊ စက်တင်ဘာ ၂၃

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဂျပန်နိုင်ငံ၏အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ၁၉၅၄ ခုနှစ်ကတည်းက စတင်ထူထောင်ခဲ့သည့် မိမိတို့နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံရေးသည် (၇၂) နှစ်တိုင်ခဲ့ပြီး ချစ်ကြည်ရင်းနှီးမှုရှိသည့် မိတ်ဆွေနိုင်ငံများလည်း ဖြစ်ကြပါကြောင်း၊ အဆွေတော်အနေဖြင့်လည်း မြန်မာနိုင်ငံနှင့် နှစ်ပေါင်းများစွာ လက်တွဲဆောင်ရွက်ခဲ့သည့်မိတ်ဆွေဖြစ်၍ မိမိတို့နိုင်ငံ၏ အခြေအနေမှန်များကို ပိုမိုသိရှိမည်ဟု ယုံကြည်ပါကြောင်း၊ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ချစ်ကြည်ရင်းနှီးမှုခိုင်မာပြီး အပြန်အလှန် ဖေးမကူညီခဲ့ကြသည့် သမိုင်းကြောင်းများလည်းရှိခဲ့ကြပြီး အစိုးရချင်းသာမက ပြည်သူချင်းလည်း ချစ်ခင်ရင်းနှီးကြပါကြောင်း၊ ထို့ကြောင့် မိမိတို့နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်တိုးမြှင့်ရန်အတွက် လွှတ်တော်ကဏ္ဍမှစတင်ဆောင်ရွက်နိုင်ပါကြောင်း၊ မိမိတို့လွှတ်တော်တွင် မြန်မာ-ဂျပန် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်၍ လွှတ်တော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိပါကြောင်း၊ မိမိတို့လွှတ်တော်ရှိ ကော်မတီများ၊ အမျိုးသမီး၊ လူငယ်နှင့်နည်းပညာ စသည့်ကဏ္ဍအသီးသီးတွင် ဂျပန်အောက်လွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအားလုံး လာရောက်လုပ်ကိုင်နိုင်ရန်အတွက် မိမိတို့လွှတ်တော်အနေဖြင့် ဥပဒေပိုင်းဆိုင်ရာများကို စိစစ်သုံးသပ်လျက်ရှိပါကြောင်း၊ ဂျပန်နိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍနှင့် နည်းပညာပိုင်းတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုဖြစ်၍ မိမိတို့နိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍ၊ နည်းပညာပိုင်းနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးစေလိုပါကြောင်း၊ အဆွေတော် ယခုလို လာရောက်ခြင်းသည် မိမိတို့နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရန်အတွက် အမြန်ဆုံးအကောင်အထည်ဖော်နိုင်မည့် ပထမဆုံးသော ခြေလှမ်းဖြစ်သည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe က ယခုကဲ့သို့ အဆွေတော်ကို ဂါရဝပြုတွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည့်အတွက်လည်း ဂုဏ်ယူပါကြောင်း၊ မိမိအနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်ကတည်းက မြန်မာနိုင်ငံသို့ရောက်ရှိကာ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဂျပန်-မြန်မာ နှစ်နိုင်ငံသည် အလွန်ရင်းနှီးကြသည့် မိတ်ဆွေနိုင်ငံများလည်းဖြစ်ကြပါကြောင်း၊ မိမိယခုလိုလာရောက်ခြင်းသည် မိမိတို့နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ODA စီမံကိန်းများ ပြန်လည်စတင်ဆောင်ရွက်နိုင်ရန် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့နှစ်နိုင်ငံ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်ခြင်းမှစတင်ခြင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ ထို့အပြင် နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်မှုများမှတစ်ဆင့် ပြည်သူချင်း ပိုမိုရင်းနှီးအောင် ဆောင်ရွက်သွားလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ သီလဝါစက်မှုဇုန်နှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများရှိပါကြောင်း၊ အဆွေတော်အနေဖြင့် အဆင်ပြေသင့်လျော်ချိန်တွင် ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားလိုပါကြောင်း၊ မိမိတို့နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီ အတွင်းရေးမှူး ဦးယောအေးလှ၊ ပြည်သူ့လွှတ်တော် မြန်မာ-ဂျပန် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ အတွင်းရေးမှူး ဦးမိုးမင်းဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


#News #Myanmar 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)