စက်တင်ဘာ - ၁၆ ( ဗုဒ္ဓဟူးနေ့ )
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အနေနဲ့ အင်အားကြီးနိုင်ငံတွေကိုလည်း ကျန်တဲ့နိုင်ငံတွေနည်းတူ စံနှုန်းတစ်ခုတည်းနဲ့ အရေးယူနိုင်ဖို့ ဘက်ပေါင်းစုံကနေ အကြီးအကျယ် ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီလို့ လူ့အခွင့်အရေး လှုပ်ရှားသူ ဒေဗစ်လိုပက်ဇ် က ပြောကြားလိုက်ပါတယ်။
ဟိဂ်မြို့မှာအခြေစိုက်တဲ့ ICC တရားရုံးကို ဂျီနိုဆိုက် (လူမျိုးတုံးသတ်ဖြတ်မှု)၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ကျူးကျော်စစ်ပွဲ ရာဇဝတ်မှုတွေကို အရေးယူဖို့အတွက် "ရုမ်း စတက်ကျု" သဘောတူညီချက် အရ ၂၀၀၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ ဒါပေမဲ့ ဒီတရားရုံးဟာ နိုင်ငံရေးအရ ဘက်လိုက်မှုတွေရှိပြီး အနိုင်ကျင့် ရွေးချယ်အရေးယူနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကာလရှည်ကြာ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
အင်္ဂါနေ့က RTသတင်းဌာန နဲ့ အင်တာဗျူးမှာ လိုပက်ဇ် က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာ အာဖရိကနဲ့ ကမ္ဘာ့တောင်ဘက်ခြမ်း က နိုင်ငံတွေအပေါ်မှာပဲ ဖိဖိစီးစီး အရေးယူခဲ့ပြီး၊ အင်အားကြီး အနောက်နိုင်ငံတွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကိုတော့ အပြစ်ပေးခြင်းမရှိဘဲ လွှတ်ပေးထားခဲ့တယ်လို့ ပြောပါတယ်။
သူက ၂၀၀၃ အီရတ်စစ်ပွဲ၊ CIA ရဲ့ ညှင်းပန်းနှိပ်စက်မှု စွပ်စွဲချက်တွေနဲ့ ဂါဇာ ပဋိပက္ခတို့ကို သာဓကအဖြစ် ထောက်ပြခဲ့သလို၊ အာဖဂန်နစ္စတန် ကိစ္စမှာလည်း ဝါရှင်တန်ရဲ့ ဖိအားပေးမှုကြောင့် အမေရိကန်ကျူးလွန်ခဲ့တဲ့ စွပ်စွဲချက်တွေကို ဘေးဖယ်ထားခဲ့ရတယ်လို့ ဆိုပါတယ်။
"အင်အားကြီးသူတွေကို မယှဉ်နိုင်တဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ကိုလိုနီခေတ်က ဥပဒေအုပ်ချုပ်ရေး ပုံစံမျိုးပဲ" လို့လည်း သူက ပြောဆိုခဲ့ပါတယ်။
ဒါကြောင့် တရားရုံးအနေနဲ့ အာဖရိက၊ အာရှနဲ့ လက်တင်အမေရိက နိုင်ငံတွေကို ပိုမိုကိုယ်စားပြုခွင့်ပေးပြီး၊ အနောက်နိုင်ငံတွေအပေါ် ငွေကြေးမှီခိုနေရတာကို လျှော့ချကာ တရားရုံးရဲ့ တည်ဆောက်ပုံကို ပြုပြင်ပြောင်းလဲရင်း "ကိုလိုနီစနစ်စွဲတွေကို ချွတ်ချ" ရမယ်လို့ လိုပက်ဇ် က ဆွေးနွေးသွားပါတယ်။
လက်ရှိ ICC မှာ အဖွဲ့ဝင် ၁၂၅ နိုင်ငံရှိပေမဲ့ အမေရိကန်၊ ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့လို အင်အားကြီးနိုင်ငံတွေ ပါဝင်ခြင်းမရှိပါဘူး။ အစ္စရေးကလည်း တရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို ငြင်းပယ်ထားပါတယ်။
ဝါရှင်တန်ဟာ အမေရိကန်နဲ့ အစ္စရေးနိုင်ငံသားတွေပါဝင်တဲ့ အမှုတွေကြောင့် ICC တရားသူကြီးတွေ၊ အစိုးရရှေ့နေတွေနဲ့ အခြားဝန်ထမ်းတွေကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ တရားရုံးကတော့ ဂါဇာမှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုနဲ့ အဲဒီအချိန်က ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂဲလန့်တို့အတွက် ၂၀၂၄ ခုနှစ်မှာ ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment