နေပြည်တော်၊ စက်တင်ဘာ ၁၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းရှီးပြည်နယ် နန်ချန်းမြို့ Traditional Chinese Medicine Sci-Tech Innovation City Conference Center တွင် ယနေ့ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) တိုင်းရင်းဆေးပညာဆိုင်ရာဖိုရမ် ၂၀၂၆ သို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။
ယမန်နေ့က ကျင်းပသည့် ဖိုရမ်ဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားသည်။
အဆိုပါဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီနှင့် ကျန်းရှီးပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၊ တက္ကသိုလ်များမှ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာပညာရှင်များ၊ တိုင်းရင်းဆေးထုတ်လုပ်မှုနှင့် စက်မှုနယ်ပယ်မှ အသိပညာ၊ အတတ်ပညာရှင်များ တက်ရောက်ကြသည်။
အဆိုပါဖိုရမ်သည် တိုင်းရင်းဆေးပညာ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန်နှင့် လူသားအားလုံး၏ ပြည်သူ့ကျန်းမာရေးကို မြှင့်တင်ရန်အတွက် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများ၏ ခိုင်မာသော ကတိကဝတ်ကို ထင်ဟပ်စေပြီး ယခုနှစ် ဆောင်ပုဒ်ဖြစ်သည့် “Empowering Traditional Medicine with Modern Technology to Co‑build Human Health for All” သည် ခေတ်ကာလနှင့်လျော်ညီကာ ရှေးဟောင်းတိုင်းရင်းဆေးပညာ အသိပညာများကိုထိန်းသိမ်းရန်နှင့် ခေတ်မီသိပ္ပံနှင့် နည်းပညာ၏ပြောင်းလဲတိုးတက်မှုစွမ်းအားများကို ပေါင်းစပ်အသုံးပြုရန် ရည်ရွယ်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖိုရမ်တက်ရောက်သူများနှင့်အတူ နန်ချန်းတိုင်းရင်းဆေးရုံ၌ ကျင်းပဆောင်ရွက်လျက်ရှိသော တိုင်းရင်းဆေးပညာ ရက်သတ္တပတ်အစီအစဉ်၊ နန်ချန်းမြို့၌ ဆက်လက်ကျင်းပသည့် New Policies, Standards, Technologies and Products of Traditional Medicine ဖွင့်ပွဲတို့ကို တက်ရောက်ခဲ့ကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment