ဆိုးလ်၊ အောက်တိုဘာ ၂
၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ၅ လကြာ အောင်မြင်စွာ ကျင်းပခဲ့သည့် “2026 ASEAN Panorama” ပြပွဲအား အောင်မြင်စွာကျင်းပပြီးစီးမှု အထိမ်းအမှတ်အဖြစ် ပိတ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၃၀ ရက် ညနေပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Korea Press Center၊ Seoul ASEAN Hall ၌ ကျင်းပခဲ့ရာ အာဆီယံနိုင်ငံများမှ သံတမန်များ၊ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီးပွားရေးသံမှူးနှင့် ASEAN-Korea Centre (AKC)၊ Trade and Investment Unit (TIU) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ “2026 ASEAN Panorama” ပြပွဲကို ASEAN-Korea Centre က ၂၀၁၄ ခုနှစ် မှစ၍ နှစ်စဉ်ကျင်းပခဲ့သည့် ASEAN Trade Fair ကို ပိုမိုတိုးချဲ့၍ အာဆီယံနိုင်ငံများအလိုက် လစဉ်အလှည့်ကျ မိတ်ဆက်ပြသသည့်ပုံစံဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံမှ စီးပွားရေးလုပ်ငန်းများ၊ ထုတ်ကုန်များနှင့် ယဉ်ကျေးမှုများကို ကိုရီးယားသမ္မတနိုင်ငံရှိ စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များထံ မိတ်ဆက်ပေးနိုင်ခဲ့သည်။
AKC (TIU) ၏ ထုတ်ပြန်ချက်များအရ ပြပွဲကာလအတွင်း အာဆီယံနိုင်ငံ ၁၁ နိုင်ငံမှ ကုမ္ပဏီ ၉၄ ခု ပါဝင်ခဲ့ပြီး အစားအသောက်နှင့် အဖျော်ယမကာ၊ အဝတ်အထည်နှင့် ဖက်ရှင် အသုံးအဆောင်၊ စာအုပ်များ၊ ဖန်တီးမှုလုပ်ငန်းနှင့် Halal Lifestyle စသည့် ကဏ္ဍများမှ ထုတ်ကုန် ၅၀၃ မျိုးကို ပြသခဲ့ကြသည်။
ပြပွဲသို့ လာရောက်လေ့လာသူ ၅,၀၀၀ ခန့်ရှိခဲ့ပြီး အာဆီယံကုမ္ပဏီများနှင့် ကိုရီးယားနိုင်ငံရှိ ဝယ်ယူသူများ၊ ဖြန့်ချိသူများအကြား B2B ဆွေးနွေးမှု ၃၀၀ ခန့် ပြုလုပ်နိုင်ခဲ့သည်။ ထို့အပြင် Korea Market Entry Support Program များ၊ Business Seminar များနှင့် 1:1 Buyer Consultation များမှတစ်ဆင့် ASEAN MSMEs များအတွက် ကိုရီးယားဈေးကွက်သို့ ဝင်ရောက်နိုင်ရေးနှင့် စီးပွားရေးကွန်ရက်များ တိုးချဲ့နိုင်ရေးကို ပံ့ပိုးပေးခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်းတွင် ထိုင်းနိုင်ငံနှင့်အတူ မြန်မာနိုင်ငံကိုယ်စားပြုပြခန်းကို ပါဝင်ခင်းကျင်းပြသခဲ့ပြီး မြန်မာကုမ္ပဏီ ၁၀ ခု၏ အစားအသောက်ထုတ်ကုန်များ၊ ရိုးရာလက်မှုပစ္စည်းများ၊ အထည်အလိပ်နှင့် အခြားထုတ်ကုန်များကို မိတ်ဆက်ပြသနိုင်ခဲ့သည်။ ထို့ပြင် မြန်မာကုမ္ပဏီ ၉ ခုမှ ကိုယ်စားလှယ် ၁၆ ဦးသည် ဩဂုတ်လ ၂၆ နှင့် ၂၇ ရက်တို့တွင် ကျင်းပခဲ့သည့် Business Forum နှင့် B2B Business Matching အစီအစဉ်များ၌ ကိုရီးယားကုမ္ပဏီများ၊ ဝယ်ယူသူများနှင့် စီးပွားရေးဆက်သွယ်မှုများ ဆောင်ရွက်နိုင်ရန် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့သည်။
“2026 ASEAN Panorama” ပြပွဲသည် အာဆီယံနိုင်ငံများ၏ ထုတ်ကုန်များ၊ ယဉ်ကျေးမှုနှင့် စီးပွားရေးအခွင့်အလမ်းများကို ကိုရီးယားဈေးကွက်သို့ မိတ်ဆက်ပေးနိုင်သည့်အပြင် အာဆီယံ MSMEs များနှင့် ကိုရီးယားနိုင်ငံရှိ ကုန်စည်ဝယ်ယူသူများ၊ ဖြန့်ချိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်သည့် အခွင့်အလမ်းများ ရရှိခဲ့ကြောင်း သိရသည်။
#News #Myanmar



No comments:
Post a Comment