နေပြည်တော်၊ အောက်တိုဘာ ၃
ပူတာအိုမြို့ ရဝမ်ရိုးရာယဉ်ကျေးမှုဝင်းအတွင်းရှိ ခါကာဘိုရာဇီခန်းမ၌ ယမန်နေ့က ယာယီနေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် ပြည်နယ်ဝန်ကြီး ချုပ်ဦးခက်ထိန်နန်တို့က ယာယီနေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်များ ပေးအပ်ခဲ့ကာ အခက်အခဲတင်ပြချက်များကို ဖြည့်ဆည်းပေးသည်။
အခမ်းအနားတွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်အချိုးကျသည့်အတွက် နယ်မြေတည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ပူတာအိုမြို့နယ်၌ ဒီဂရီကောလိပ်ဖွင့်လှစ်မည့် လျာထားမြေနေရာနှင့် အစိုးရစက်မှုလက်မှုသိပ္ပံသို့ ရောက်ရှိပြီး ဒီဂရီကောလိပ်နှင့် ပူးတွဲဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် စာသင်ဆောင်များနှင့် သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုစစ်ဆေးကာ ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ချီးမြှင့်ငွေများပေးအပ်ပြီး ရုံးဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
၁-၁၀-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက မဂွေဇ-ခေါင်လန်ဖူးကားလမ်း မိုင်တိုင် ၃၄ မိုင် ၇ ဖာလုံ၌ တောင်ကျရေတိုက်စားမှုကြောင့် မြေပြိုလမ်းပိတ်ဆို့မှုများအား ရှင်းလင်း၍ ရှောင်ကွင်းလမ်းဖောက်လုပ်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။ မွန်းလွဲပိုင်းတွင် နောင်မွန်းမြို့ အထွေထွေအုပ်ချုပ်ရေးရုံးရှိ ဝဏ္ဏကျော်ထင် ဦးခူရှိန်ဖုန်းခန်းမ၌ တိုင်းရင်းသားအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကားပြောကြား၍ ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်တင်ပြမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ချီးမြှင့်ငွေများပေးအပ်ကာ နောင်မွန်း(အထက) ကျောင်းဝင်းအတွင်း ခါကာဘို သစ်သားကျောင်းဆောင် ပြုပြင်ထိန်းသိမ်းခြင်းနှင့် ကျောင်းအဝင်လမ်းပေ ၆၀၀ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်လျက်ရှိသည့် စာသင်ခုံနှင့်ထိုင်ခုံများ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ပူတာအိုမြို့ မုဒုံ(အမက)ကျောင်း အဝင်လမ်းပေ ၁၉၂၀ ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေမှုနှင့် ပန်းလှိုင်ရပ်ကွက်ရှိ မဟာမြတ်မုနိဘုရားကြီး ပရိဝုဏ်အတွင်း၌ ဂန္ဓကုဋိတိုက်တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပူတာအိုမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ၌ ကျောင်းအုပ်ကြီး၊ ဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံအမှာစကား ပြောကြားကာ ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment