ပဲခူး၊ အောက်တိုဘာ ၁၈
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union-MPU) ဒုတိယဥက္ကဋ္ဌ ဦးခင်ရီသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များအား ယမန်နေ့က ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရုံး ဥဿာပြည့်စုံခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဒုတိယဥက္ကဋ္ဌက လွှတ်တော်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့၏ ပြည်ထောင်စုအဆင့် လွှတ်တော်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအကြား လွှတ်တော်ဆိုင်ရာလုပ်ငန်းများကို ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံတကာ လွှတ်တော်အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံနိုင်ရေးတို့အတွက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamen-tary Union-MPU) ကို ဖွဲ့စည်းထားပါကြောင်း၊ မိမိတို့လွှတ်တော်များသည် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပိုင်းခြားထားသော်လည်း မိမိတို့အားလုံးသည် ပြည်သူများကို ကိုယ်စားပြုသည့် ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသကဲ့သို့ လွှတ်တော်၏ တာဝန် ၃ ရပ်ဖြစ်သည့် ဥပဒေပြုခြင်း၊ ပြည်သူကိုကိုယ်စားပြုခြင်းနှင့် အခြားမဏ္ဍိုင်များနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်း လုပ်ငန်းများတွင် တူညီကြပါကြောင်း။
မိမိတို့ တာဝန်ထမ်းဆောင်သည့် သက်တမ်းကာလအတွင်း လွှတ်တော်များသည် စွမ်းရည်မြင့်မား၍ ပြည်သူကိုဗဟိုပြုသည့် ခေတ်မီလွှတ်တော်တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်လာရေး အနာဂတ် ရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ ပြည်သူ့လွှတ်တော်တွင် ပြည်သူ့လွှတ်တော် မဟာဗျူဟာ (၅)နှစ်စီမံကိန်း (၂၀၂၇-၂၀၃၁) ရေးဆွဲထားရှိပြီး ဥပဒေပြုရေးတွင် ထိရောက်မှုရှိရေး၊ စောင့်ကြည့်ထိန်းညှိရေးနှင့် တာဝန်ခံမှုရှိရေး၊ ပြည်သူနှင့်ထိတွေ့၍ ပြည်သူကို ကိုယ်စားပြုရေး၊ နိုင်ငံတကာလွှတ်တော်များနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်ဝန်ထမ်းများ စွမ်းရည်မြင့်မားရေး၊ သုတေသနစွမ်းဆောင်ရည်မြင့်မားရေး၊ ဒီဂျစ်တယ်လွှတ်တော်စနစ် ဖွံ့ဖြိုးရေး စသည့် မဟာဗျူဟာ ရည်မှန်းချက် (၆) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ရည်မှန်းချက်(၆)ရပ်အပေါ် မူတည်၍ မိမိတို့တိုင်းဒေသကြီးလွှတ်တော်နှင့် ကိုက်ညီသည့် အချက်များအား နည်းဗျူဟာရေးဆွဲ ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကိုယ်စားလှယ်၏ တာဝန်များကို ဂုဏ်သိက္ခာရှိစွာ ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်ဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်း (Code of conduct) ရေးဆွဲသွားရန် လိုအပ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အသံကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်မြင့်မားစွာဖြင့် အမြင်ကျယ်ကျယ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ဥပဒေရေးရာကိစ္စရပ်များတွင်လည်း နှံ့စပ်ကျွမ်းကျင်ရန် လိုအပ်ပါကြောင်း၊ လွှတ်တော်တွင် အရည်အသွေးမြင့်မားသည့် မေးခွန်းနှင့်အဆိုများ မေးမြန်းနိုင်ရေးအတွက် ပြည်တွင်း ပြည်ပ ဗဟုသုတများ ပြည့်စုံကြွယ်ဝရန်လိုအပ်ပြီး လွှတ်တော်သို့ မေးမြန်းသည့် မေးခွန်းနှင့်အဆိုများသည် နိုင်ငံတော်မှ တရားဝင်ဖော်ပြသည့် အသုံးအနှုန်းဖြစ်ရန်ကိုလည်း သတိပြု ရေးသားပြောဆို ဆွေးနွေးရမည် ဖြစ်ပါကြောင်း။
လွှတ်တော်သက်တမ်း နုနယ်သေးသည့်အတွက်လည်း လွှတ်တော်၏ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အရွေ့တစ်ခုသို့ ရောက်အောင် လိမ္မာပါးနပ်စွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကို ပြည်သူများ ပိုမိုသိရှိစိတ်ဝင်စားစေရန်အတွက် မိမိတို့ ပြည်သူ့လွှတ်တော်တွင် Know Parliament, See Parliament, Open Parliament အစီအစဉ်များ ကျင့်သုံးဆောင်ရွက်နေသကဲ့သို့ တိုင်းဒေသကြီးလွှတ်တော်အနေဖြင့်လည်း အခြေအနေအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အကြံပြုလိုပါကြောင်း၊ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များကို အထောက်အကူပြုရသည့် လွှတ်တော်ဝန်ထမ်းများအနေဖြင့်လည်း နည်းပညာတတ်ကျွမ်းမှု၊ ရုံးလုပ်ငန်းကျွမ်းကျင်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များကို နားလည်တတ်ကျွမ်းပြီး အရည်အသွေးမြင့်မားသည့် ဝန်ထမ်းများဖြစ်စေရေး စဉ်ဆက်မပြတ် လေ့လာသင်ကြားနေရမည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကဏ္ဍ မြင့်မားတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများအားလုံးက တက်ညီလက်ညီဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ချိုဦးက ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏ လွှတ်တော်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။
#News #Myanmar

No comments:
Post a Comment