အောက်တိုဘာ - ၁၈ ( တနင်္ဂနွေနေ့ )
ကုန်ကျစရိတ်တွေ မြင့်တက်လာမှုကို ဆန့်ကျင်တဲ့အနေနဲ့ တနိုင်ငံလုံးဆိုင်ရာ ဆန္ဒပြပွဲတွေအတွင်း အီတလီနိုင်ငံက ဘိုလိုဂ်နာ နဲ့ မီလန် မြို့တွေမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ထိပ်တိုက်ရင်ဆိုင် တွေ့ခဲ့ကြပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြလို့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ရေပိုက်ကားတွေကို အသုံးပြု နှိမ်နင်းခဲ့ရပါတယ်။
ကျောင်းသားတွေနဲ့ လူငယ်အလုပ်သမားတွေ ပါဝင်ဖွဲ့စည်းထားတဲ့ "Italia in Piazza" အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ စတင်ခဲ့တဲ့ ဒီဆန္ဒပြပွဲတွေဟာ စနေနေ့ကတည်းက အီတလီတဝှမ်းမှာ စတင်ခဲ့တာပါ။ အဓိကကတော့ စွမ်းအင်နဲ့ လောင်စာဆီဈေးနှုန်းတွေ ကြီးမြင့်တာ၊ အိမ်ငှားခတွေ ကြီးလွန်းတာ၊ လုပ်ခလစာ နည်းပါးတာ၊ ကျန်းမာရေးနဲ့ ပညာရေးစနစ်တွေ ယိုယွင်းလာတာတွေကို ကန့်ကွက်ရှုတ်ချဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဆန္ဒပြသူတွေဟာ စစ်ရေးအသုံးစရိတ်တွေကိုလည်း ကန့်ကွက်ကြောင်း ပြသခဲ့ကြပါတယ်။
မီလန်မြို့မှာ လူ ၅,၀၀၀ ကျော် ပါဝင်ခဲ့တဲ့ ဒီချီတက်ပွဲမှာ ပါဝင်သူတွေက "စစ်ပွဲတွေအတွက်ထက် မိသားစုတွေအတွက် ပိုက်ဆံပိုသုံးပေးပါ" ဆိုတဲ့ စာတန်းကို ကိုင်စွဲချီတက်ခဲ့ကြပါတယ်။ ဂျီနိုအာ မြို့မှာလည်း လူအုပ်ကြီးဟာ အလံတွေကိုင်ပြီး စစ်ဆန့်ကျင်ရေး ဆိုင်းဘုတ်တွေနဲ့အတူ လက်နက်တွေထက် စာသင်ကျောင်းတွေနဲ့ အိမ်ရာတွေအတွက် ရန်ပုံငွေပိုပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
မီလန်မြို့က ဆန္ဒပြပွဲဟာ အစပိုင်းမှာ ငြိမ်းချမ်းခဲ့ပေမဲ့ မြို့လယ်ခေါင်မှာရှိတဲ့ ရဲတပ်ဖွဲ့ရဲ့ တားဆီးပိတ်ဆို့နယ်မြေကို ရောက်လာတဲ့အခါမှာတော့ အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့ပါတယ်။ မျက်နှာဖုံးစွပ် ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ကို ကျောက်ခဲတွေနဲ့ လက်လုပ်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ပစ်ပေါက်ခဲ့ကြတာကြောင့် ရဲတပ်ဖွဲ့ဘက်ကလည်း လူစုခွဲဖို့အတွက် အင်အားသုံး နှိမ်နင်း ခဲ့ရပါတယ်။
ဆန္ဒပြပွဲတွေဟာ မီလန်မြို့ရဲ့ နာမည်ကျော် အထင်ကရနေရာတစ်ခုဖြစ်တဲ့ ဒူအိုမို ကတ်သီဒြယ် ဘုရားကျောင်းရှေ့အထိ ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီနေရာမှာတော့ ဆန္ဒပြသူတွေက သံချောင်းအတားအဆီတွေ၊ အမှိုက်ပုံးတွေ နဲ့ ကော်ဖီဆိုင် စားပွဲခုံတွေနဲ့ အတားအဆီးတွေလုပ်ကာ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက ရဲကားတစ်စီးကို ကန်ကျောက်ပြီး ပရိဘောဂတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတာကြောင့် ရဲကားတောင် ဆုတ်ခွာသွားခဲ့ရပါတယ်။ ခရီးသွားတွေကလည်း ကွဲအက်နေတဲ့ မှန်စတွေ၊ အမှိုက်သရိုက်တွေနဲ့ မျက်ရည်ယိုဗုံးခိုးငွေ့တွေကြားမှာ လူသွားစင်္ကြံ တွေအောက်မှာ ပုန်းအောင်းခိုလှုံနေခဲ့ကြရပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment