၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ ဗီယက်နမ်နိုင်ငံသို့ သွားရောက်လေ့လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ ဗီယက်နမ်နိုင်ငံသို့ သွားရောက်လေ့လာ


 နေပြည်တော်၊ အောက်တိုဘာ ၁၉

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် တစ်နိုင်ငံလုံးဘာသာတွဲအလိုက်အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ ၃၆ ဦးနှင့်အုပ်ချုပ်သူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ် စေလွှတ်ခဲ့ရာ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက ထိုင်းနိုင်ငံသုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့်ထွက်ခွာကြပြီး ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိကြသည်။

၁၇-၁၀-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ထူးချွန်ကျောင်းသား ကျောင်းသူများသည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှ ဟာလောင်းမြို့သို့ထွက်ခွာကြကာ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံထားရသည့် Halong Bay သို့ရောက်ရှိပြီး အပျော်စီးသင်္ဘောဖြင့် လေ့လာကြည့်ရှုကြသည်။

လေ့လာစဉ်သဘာဝအတိုင်းလှပသော ထုံးကျောက်လိုဏ်ဂူဖြစ်သည့် Thien Cung Cave အတွင်းရှိ ထုံးကျောက်တန်းများ၊ ကျောက်စက်ပန်းဆွဲများနှင့် ကျောက်စွယ်ကျောက်နံရံများ၏ သဘာဝအလှတရားများနှင့် ထူးခြားသည့်ရှုခင်းများ၊ Lu Huong ကျွန်းနှင့် Couple ကျွန်းများ၏ သဘာဝထုံးကျောက်တောင်ဖြစ်တည်ပုံများ၊ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးနည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာများနှင့် သဘာဝပင်လယ်ကမ်းခြေရှုခင်းများကို စိတ်ပါဝင်စားစွာလေ့လာကြသည်။

ညနေပိုင်းတွင် ဟနွိုင်းမြို့ရှိ ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးတက္ကသိုလ်ဖြစ်ခဲ့သည့် Temple of Literature ကို ရောက်ရှိပြီး ယူနက်စကိုအသိအမှတ်ပြု ကျောက်လိပ်ကြီးများ၏ ကျောပေါ်တွင် စိုက်ထူထားသည့် ကျောက်စာတိုင်များနှင့် ဗီယက်နမ်ပညာရေးဆိုင်ရာ သမိုင်းဝင်အမွေအနှစ်များ၊ ရှေးဟောင်းဗိသုကာလက်ရာများ၊ သမိုင်းဝင်အမွေအနှစ်များကို ခေတ်မီဒီဂျစ်တယ်နည်းပညာများ အသုံးပြုပြင်ဆင်ထားသည့် 3D ကျောက်စာများကို လေ့လာခဲ့ကြသည်။

ယမန်နေ့နံနက်ပိုင်းတွင် ထူးချွန်ကျောင်းသား ကျောင်းသူများသည် ဗီယက်နမ်နိုင်ငံ၏ သမိုင်းဝင် အထိမ်းအမှတ်နေရာဖြစ်သည့် ဟိုချီမင်းပြတိုက်သို့ရောက်ရှိပြီး ဟိုချီမင်း၏ ဘဝဇာတ်ကြောင်း အတ္ထုပ္ပတ္တိ၊ လွတ်လပ်ရေးလှုပ်ရှားမှု သမိုင်းစာရွက်စာတမ်းများနှင့် မှတ်တမ်းဓာတ်ပုံများ၊ ရှေးဟောင်းပစ္စည်းများ၊ ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းများနှင့် သမိုင်းဝင်ပစ္စည်းများ၊ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့ကြသည့် စစ်သည်များ၏ စစ်ဝတ်စုံ၊ အသုံးအဆောင်များနှင့် လက်နက်ငယ်များ ပြသထား သည့်ပြခန်းများကို ကြည့်ရှုလေ့လာကြသည်။

ထို့ပြင် One Pillar Pagoda ရှေးဟောင်းဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၊ Ba Dinh ရင်ပြင်နှင့် ဟိုချီမင်းဂူဗိမာန်၊ ဗီယက်နမ်နိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှု၊ ပထဝီဝင်နှင့်သမိုင်းဆိုင်ရာ အထောက်အထားများ ခိုင်မာစွာကျန်ရှိနေသည့် UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံထားရသော Imperial Citadel of Thang Long ရှေးဟောင်းနန်းတော်၊ Vietnam Military History Museum နှင့် ဗီယက်နမ်၏ ရှေးအကျဆုံးနှင့် အထင်ကရရိုးရာပိုးထည်ထုတ်လုပ်ရာ ကျေးရွာကြီးဖြစ်သည့် Van Phuc Silk Village တို့သို့ ရောက်ရှိကြပြီး ဗီယက်နမ်နိုင်ငံ၏သမိုင်းကြောင်းများ၊ နိုင်ငံရေး၊ယဉ်ကျေးမှုနှင့်ရှေးဟောင်းဗိသုကာအမွေအနှစ်များ၊ သမိုင်းဝင်တိုက်လေယာဉ်များ၊ တင့်ကားများ၊ စစ်ဆင်ရေးမြေပုံများ၊ ပြင်ပကွင်းပြင်မှ စစ်လက်နက်ကြီးများ၊ ခေတ်မီ 3D မာလ်တီမီဒီယာပြခန်းများ၊ ပိုးကောင်မွေးမြူခြင်း၊ ပိုးအိမ်မှပိုးမျှင်ထုတ်ယူခြင်း၊ ပိုးချည်ဆိုးဆေးဆိုးခြင်းမှစ၍ ရှေးဟောင်းသစ်သားရက်ကန်းစင်များနှင့် ခေတ်မီရက်ကန်းစက်များဖြင့် ပိုးထည်ရက်လုပ်နေပုံအဆင့်ဆင့်ကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)