နေပြည်တော်၊ အောက်တိုဘာ ၉
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း - NSPAW (၂၀၂၃-၂၀၃၂) အကောင်အထည်ဖော်ရာတွင် ဒုတိယသမ္မတဦးဆောင်၍ ဒုတိယဝန်ကြီးများပါဝင်သည့် ဦးဆောင်ကော်မတီတစ်ရပ်နှင့် သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင်သည့် လုပ်ငန်းကော်မတီ ၁၂ ရပ်ကို ဖွဲ့စည်းကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပညာရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အသက်မွေးဝမ်းကျောင်းမှုများ၊ အလုပ်အကိုင် အခွင့်အရေးများ ရရှိရေးတို့တွင် ကျေးလက်၊ မြို့ပြကွာဟမှု မရှိစေရေး၊ ကျေးလက်နေအမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ လူမှုရေးအဆင့်အတန်းမြင့်မားလာစေရေးအတွက် ဝန်ကြီးဌာနက အမျိုးသမီးအဖွဲ့များနှင့် ပူးပေါင်း၍ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ ကျေးရွာ ၄၅ ရွာတွင် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်လက်၍လည်း ကျေးရွာများ တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ရှိ Kumudra Ballroom၊ Hotel Max ၌ ယမန်နေ့က ကျင်းပသည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က အမှာစကားပြောကြားရာတွင် ထိုသို့ထည့်သွင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသမီးရေးရာ ဝန်ကြီးဌာနကို ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်တွင် အသစ်ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အဓိက တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် မူဝါဒများ၊ စီမံကိန်းနှင့်လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်ခြင်း၊ ဥပဒေများပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း၊ အမျိုးသမီး ရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာနှင့် ဒေသတွင်းဆက်သွယ်ဆောင်ရွက်ခြင်းစသည့် အမျိုးသမီးကဏ္ဍဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသအလိုက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျယ်ပြန့်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် အမျိုးသမီးကော်မတီများကို ဒေသအဆင့်ဆင့်ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဒုတိယဥက္ကဋ္ဌ အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန်းစန်းနွယ်က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို ရှင်းလင်းတင်ပြခြင်း၊ အစည်းအဝေး တက်ရောက်လာသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင် အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာ စီမံကိန်းဦးဆောင်ကော်မတီ Focal ဝန်ကြီးဌာနများ မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လ (ဧပြီလ မှ စက်တင်ဘာလ)အတွင်း အကောင်အထည်ဖော်မှုများနှင့်စပ်လျဉ်း၍ အောင်မြင်မှု၊ အားနည်းချက်၊ အားသာချက်၊ လက်ရှိ ဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
#News #Myanmar

No comments:
Post a Comment