နေပြည်တော်၊ အောက်တိုဘာ ၉
ဝါအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်ဖိုးကွင်းဆက်စရိတ် လေ့လာဆန်းစစ်ရေး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယမန်နေ့က စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဝါစိုက်ပျိုးသူများအဖွဲ့၊ ဝါဂွမ်းကြိတ်ခွဲ ထုတ်လုပ်သူများ၊ ချည်မျှင်ထုတ်လုပ်သူများ၊ ပိတ်ထုတ်လုပ်သူ၊ ရက်ကန်းလုပ်ငန်းများ၊ စီးပွားရေး၊ ဘဏ္ဍာရေးနှင့်မူဝါဒအဖွဲ့တို့က အဖွဲ့အလိုက်ဆွေးနွေးရရှိခဲ့သည့် အချက်အလက်များကို အဖွဲ့ကိုယ်စားလှယ်များက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် အဖွဲ့အသီးသီး၏ တွေ့ရှိမှု အချက်အလက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပွဲကို ကျင်းပရာ စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးသွင်အောင်၊ ဒေါက်တာ အောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)မှ ဝါစိုက်တောင်သူများနှင့် ဝါလုပ်ငန်းရှင်များ၊ ဝါစိုက်ပျိုးထုတ်လုပ်သူများ၊ ဝါကြိတ်စက်ရုံနှင့် ချည်မျှင်၊ အထည်အလိပ်၊ အဝတ်အထည်ထုတ်လုပ်သည့်စက်မှု လုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာအသင်းအဖွဲ့များ၊ ပညာရှင်များ၊ သုတေသီများ၊ နည်းပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ရှိမှု အချက်အလက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ ဆွေးနွေးပွဲကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
ဆွေးနွေးပွဲတွင် ဝါစိုက်ပျိုးသူများအဖွဲ့မှ အခက်အခဲခုနစ်ချက်၊ သုံးသပ်အကြံပြုတင်ပြချက် ရှစ်ချက်၊ ဝါဂွမ်းကြိတ်ခွဲထုတ်လုပ်သူများအဖွဲ့မှ အခက်အခဲလေးချက်၊ သုံးသပ်အကြံပြုတင်ပြချက်လေးချက်၊ ချည်မျှင်ထုတ်လုပ်သူများအဖွဲ့မှ အခက်အခဲလေးချက်၊ သုံးသပ်အကြံပြုတင်ပြချက်ငါးချက်၊ ပိတ်ထုတ်လုပ်သူ၊ ရက်ကန်းလုပ်ငန်းအဖွဲ့မှ အခက်အခဲငါးချက်၊ သုံးသပ်အကြံပြုတင်ပြချက် လေးချက်၊ စီးပွားရေး၊ ဘဏ္ဍာရေးနှင့်မူဝါဒအဖွဲ့မှ တွေ့ရှိချက် သုံးချက်၊ သုံးသပ်အကြံပြုချက် ရှစ်ချက် စုစုပေါင်းအခက်အခဲ အချက်၂၀ ၊ တွေ့ရှိချက်သုံးချက်၊ သုံးသပ် အကြံပြုချက် ၂၁ ချက်တို့ကို ဖော်ထုတ်ရရှိခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar

No comments:
Post a Comment