နေပြည်တော်၊ အောက်တိုဘာ ၃၁
ဆိုက်ဘာလုံခြုံရေးဆိုင်ရာဗဟိုကော်မတီညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆)ကို ယမန်နေ့က နေပြည်တော်ရှိ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂)အစည်းအဝေးခန်းမ၌ ကျင်းပရာ ဆိုက်ဘာလုံခြုံရေးဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ ထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်ရန် ကဏ္ဍအလိုက်၊ အပိုင်းလိုက်၊ အဆင့်လိုက်လမ်းပြမြေပုံများချမှတ်ပြီး မဟာဗျူဟာမြောက်ဆောင်ရွက်နေမှု၊ ခေတ်မီပြီးလုံခြုံစိတ်ချရသည့် ဒီဂျစ်တယ်အခြေခံအဆောက်အအုံများကို အခြေခံခိုင်မာအောင်တည်ဆောက်သွားရန်နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုပေးသည့် ယန္တရားများတည်ဆောက်ပြီး အစိုးရ၏ e-Government စနစ်များကို အပြည့်အဝဒီဂျစ်တယ်အသွင်ပြောင်းလဲဆောင်ရွက်သွားရန် လိုအပ်မှုအခြေအနေများ၊ နိုင်ငံတကာနှင့် အာဆီယံဒေသတွင်းနိုင်ငံများတွင် ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်ပြီး အမျိုးသားဆိုက်ဘာလုံခြုံရေးဥပဒေ၊ ဆိုက်ဘာမှုခင်းဆိုင်ရာ တားဆီးနှိမ်နင်းရေးဥပဒေ၊ ကိုယ်ရေးအချက်အလက်ကာကွယ်ရေးဥပဒေနှင့် နယ်စပ်ဖြတ်ကျော် ဒီဂျစ်တယ်ဒေတာစီးဆင်းမှုလုံခြုံရေးမူဝါဒများကဲ့သို့သော ဥပဒေ၊ မူဘောင်များထုတ်ပြန်ချမှတ် ဆောင်ရွက်နေသည့်အခြေအနေများ၊ ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေကြသည့် ဒီဂျစ်တယ်စနစ်များကို အမျိုးသားဒေတာစင်တာစနစ်တစ်ခု ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်မှုအခြေအနေများ၊ ဆိုက်ဘာတိုက်ခိုက်မှုများကို ဆိုက်ဘာလုံခြုံရေးစောင့်ကြည့်ကွပ်ကဲရေးဗဟိုဌာနဖြင့် နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်မည့် ဆိုက်ဘာဝန်းကျင်တစ်ခုကို အတူတကွတည်ဆောက်နိုင်ရန် လိုအပ်မှုအခြေအနေများကို အသေးစိတ်ရှင်းလင်းပြောကြားပြီး ကော်မတီ၏လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားသည်။
အစည်းအဝေးသို့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအောင်၊ ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအလိုက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအမံများကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတက တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
#News #Myanmar

No comments:
Post a Comment