ဆန္ဒပြလုယက်သူတွေကို ကာကွယ်ဖို့ မီလန်မြို့ကို စစ်တပ်အစောင့်အရှောက်တွေ ထပ်ချထား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆန္ဒပြလုယက်သူတွေကို ကာကွယ်ဖို့ မီလန်မြို့ကို စစ်တပ်အစောင့်အရှောက်တွေ ထပ်ချထား


အောက်တိုဘာ - ၂၀ ( အင်္ဂါနေ့ ) 

အထွေထွေကုန်ကျစရိတ်တွေ တက်လာလို့ အီတလီနိုင်ငံမှာ ဆန္ဒပြပွဲတွေ ဖြစ်လာပြီး နောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်လာတဲ့အတွက်ကြောင့် အီတလီအစိုးရဟာ မီလန်မြို့မှာ နောက်ထပ် လုယက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ မဖြစ်ပွားလာအောင် ကာကွယ်ဖို့ စစ်သား ၅၀၀ စေလွှတ် လိုက်ပါတယ်။ နှစ်ရက်ကြာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် ဆိုင်တွေ ဖျက်ဆီးလုယက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာရခဲ့သလို လူရာနဲ့ချီပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

အီတလီနိုင်ငံရဲ့ ဘဏ္ဍာရေးအချက်အချာမြို့ဖြစ်တဲ့ မီလန်မြို့မှာ ဇိမ်ခံပစ္စည်းအရောင်းဆိုင်တွေဟာ နောက်ထပ် အဓိကရုဏ်းတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ဆိုင်တံခါးတွေ ပိတ်ထားကြပြီး မှန်ပြတင်းပေါက်တွေမှာ ခင်းကျင်းပြသထားတဲ့ ကုန်ပစ္စည်းတွေကိုလည်း ဖယ်ရှားထားကြပါတယ်။

ဒုတိယဝန်ကြီးချုပ် မက်တီယို ဆာလ်ဗီနီက တနင်္လာနေ့မှာ စစ်သားတွေ စေလွှတ်မယ့်အကြောင်း ကြေညာခဲ့ပါတယ်။ လက်ယာယိမ်း လိဂ်ပါတီကို ဦးဆောင်နေတဲ့ ဆာလ်ဗီနီက လူမှုကွန်ရက်ပေါ်မှာ“စကားနဲ့ပြောနေတာကနေ လက်တွေ့လုပ်ဆောင်မှုအဖြစ် ပြောင်းလဲလိုက်ပြီ။ မီလန်မြို့ကို ကာကွယ်ဖို့ စစ်သား ၅၀၀ ထပ်မံစေလွှတ်မယ်” လို့ ရေးသားခဲ့ပါတယ်။

ဒီကြေညာချက်ဟာ ဝန်ကြီးချုပ် ဂျော်ဂျာ မယ်လိုနီ ဦးဆောင်ကျင်းပခဲ့တဲ့ အရေးပေါ်လုံခြုံရေး အစည်းအဝေး အပြီးမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ မယ်လိုနီရဲ့ အစိုးရဟာ အကြမ်းဖက် ဆန္ဒပြသူတွေ နဲ့ လူငယ်ဂိုဏ်းတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်နိုင်ဖို့ ပိုမိုပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

လူနေမှုစရိတ်တွေ အဆမတန်မြင့်တက်လာတာနဲ့ အများပြည်သူဝန်ဆောင်မှုတွေ အရည်အသွေး ကျဆင်း လာတာကို ဆန့်ကျင်ဆန္ဒပြရင်းနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အဓိကရုဏ်းတွေ စတင်ဖြစ်ပွားခဲ့တာပါ။ အစပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ အကြမ်းဖက်မှုတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ မျက်နှာဖုံးစွပ်ထားတဲ့ လူငယ်ရာနဲ့ချီဟာ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာ၊ အတားအဆီးတွေကို မီးရှို့တာနဲ့ မီလန်မြို့လယ်က ပီယာဇာ ဒယ်လ် ဒူအိုမိုရင်ပြင်တစ်ဝိုက်က ဆိုင်တွေကို လုယက်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေကလည်း ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ရေအမြောက် တွေ အသုံးပြုပြီး နှိမ်နင်းခဲ့ပါတယ်။ ဆန္ဒပြသူတွေကတော့ ပုလင်းတွေနဲ့ တခြားပစ္စည်းတွေကို ရဲတပ်ဖွဲ့ဝင်တွေဆီ ပစ်ပေါက်ခဲ့ကြပါတယ်။ တိုက်ခိုက်လုယက်ခံရတဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ ဒီကာသလွန် ၊ အက်တာရစ် နဲ့ ဗိုဒါဖုန်း တို့လည်း ပါဝင်ပါတယ်။ တခြားဆိုင်တွေကတော့ မှန်ပြတင်းပေါက် တွေ ကွဲကြေသွားတဲ့အတွက် ဆိုင်ရှေ့တွေကို သစ်သားပြားတွေနဲ့ ပိတ်ဆို့ကာကွယ် ထားကြပါတယ်။ အီတလီသတင်းဌာန ANSA ရဲ့ ဖော်ပြချက်အရ တနင်္ဂနွေနေ့ တစ်ရက်တည်းမှာပဲ ရဲတပ်ဖွဲ့က လူ ၂၇၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဲဒီထဲက ၃၂ ဦးကို တရားဝင် ဖမ်းဆီးအရေးယူ ခဲ့ပါတယ်။ တရားဝင်ဖမ်းဆီးခံရသူတွေထဲမှာ အသက်မပြည့်သေးသူ ၂၃ ဦးနဲ့ နိုင်ငံခြားသား ၁၃ ဦး ပါဝင်ပါတယ်။ နောက်ထပ် လူ ၂၈ ဦးကိုလည်း တရားရေးအာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီအဓိကရုဏ်းတွေအတွင်း ရဲတပ်ဖွဲ့ဝင် ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ANSA သတင်းဌာနက ဖော်ပြထားပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)