အောက်တိုဘာ - ၁၄ ( ဗုဒ္ဓဟူးနေ့ )
ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသားတွေက ပညာရေးအခြေအနေတွေ ပိုကောင်းလာဖို့ တောင်းဆိုပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ (၅) ကြိမ်မြောက် ဆန္ဒပြပွဲတွေ လုပ်ရင်းနဲ့ အင်္ဂါနေ့မှာလည်း ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေ ဆက်ဖြစ်နေပါတယ်။
မြို့တော်ပါရီမှာတော့ နပိုလီယံရဲ့ ဂူဗိမာန်ရှိရာ လေအင်ဗာလီဒီ စစ်ဘက်ဆိုင်ရာ အဆောက်အအုံနားက ဗျူဘန်းရင်ပြင်မှာ အကြမ်းတမ်းဆုံး ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး တွေ အဆက်မပြတ် ပစ်ခတ်ခဲ့ကြပြီး ဆန္ဒပြသူတွေဘက်ကလည်း ကျောက်ခဲတွေနဲ့ ပစ်ပေါက်ကာ ရဲတွေကို ဖောက်ခွဲရေး မီးရှူးမီးပန်းတွေနဲ့ ပြန်လည် တိုက်ခိုက်ခဲ့ကြပါတယ်။
လွန်ခဲ့တဲ့တစ်လက ကျောင်းသားတွေက အလုပ်သမား သပိတ်မှောက်မှုတွေမှာ ပူးပေါင်းပါဝင်လာ ကတည်းက ဆန္ဒပြပွဲတွေ စတင်ခဲ့တာဖြစ်ပြီး လူပေါင်း ၆,၈၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အင်္ဂါနေ့က ဆန္ဒပြပွဲတွေမှာ ပါဝင်သူ စုစုပေါင်း ၁၆၁,၅၀၀ ကျော်ရှိပြီး အဲဒီထဲမှာ ပါရီမြို့တည်းတင် ၄၁,၅၀၀ ပါဝင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဆန္ဒပြပွဲ စီစဉ်သူတွေရဲ့ အဆိုအရ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူဦးရေ ၄၈၀,၀၀၀ ထိ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
အစိုးရတာဝန်ရှိသူတွေက ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေမှာ တရားမျှတမှုရှိတယ်လို့ အသိအမှတ်ပြုခဲ့ပေမဲ့၊ အကြမ်းဖက်မှုတွေအတွက် လက်ဝဲစွန်း တက်ကြွလှုပ်ရှားသူတွေကို အပြစ်တင်ခဲ့ပါတယ်။ ဒါ့အပြင် ပါလီမန်မှာ တတိယအကြီးဆုံး ပါတီတစ်ခုဖြစ်တဲ့ (LFI) ပါတီကိုလည်း မငြိမ်မသက်မှုတွေ ဖြစ်အောင် လှုံ့ဆော်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီပါတီကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းပယ်ခဲ့ပြီး ဆန္ဒပြသူတွေကို အကြမ်းဖက်မှုတွေ မလုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ကျောင်းသားတွေနဲ့ အလုပ်သမားသမဂ္ဂတွေဘက်ကလည်း ရဲတပ်ဖွဲ့ကို အလွန်အကျွံ အင်အားသုံးတယ် လို့ ပြန်လည်စွပ်စွဲခဲ့ကြပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ပြည်တွင်းရဲတပ်ဖွဲ့ စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ နိုင်ငံတော် ရဲတပ်ဖွဲ့ အထွေထွေစစ်ဆေးရေးဌာန (IGPN) ကတော့ တာဝန်လွဲမှားစွာ ဆောင်ရွက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် အမှုပေါင်း ၃၆ မှုကို စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။
ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် ပညာရေးဝန်ကြီး အက်ဒ်ဝက် ဂျက်ဖရေး က အင်္ဂါနေ့မှာ ပြောကြားရာမှာတော့ အစိုးရအနေနဲ့ ဆရာ၊ ဆရာမ အလွန်အမင်း လိုအပ်နေတဲ့ အထက်တန်းကျောင်းတွေဆီကို အစားထိုး ဆရာ၊ ဆရာမ ၃,၀၀၀ ကို စတင်စေလွှတ်ပေးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment