နေပြည်တော်၊ အောက်တိုဘာ ၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း က အဂတိလိုက်စားမှုတိုက်ဖျက် ရေးလုပ်ငန်းစဉ်မှာ အားလုံးပူးပေါင်းပါဝင်ပြီး နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားကို စွမ်းစွမ်းတမံ ဖော်ဆောင်ပေးနိုင်သည့် အဂတိကင်းစင်ပြီး သန့်ရှင်းသောဌာနအဖွဲ့အစည်းဖြစ်အောင် အားလုံးဝိုင်းဝန်း လက်တွဲဆောင်ရွက်သွားကြရန် မှာကြားသည်။
အဆိုပါ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ကော်မရှင်အဖွဲ့ဝင်နှင့်တာဝန် ရှိသူများ၊ CPU အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၊ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ယနေ့ကျင်းပပြုလုပ်သည့် "အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ" သို့ တက်ရောက်ကြပါသော အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများအား ကျေးဇူးတင်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယခုဆွေးနွေးပွဲမှ အဂတိလိုက်စားမှုမြောက်နိုင်တဲ့ကိစ္စရပ်တွေ၊ သတိမထားမိဘဲ လုပ်ဆောင်မိရာမှ နိုင်ငံတော်နစ်နာဆုံးရှုံးမှုကြောင့် အဂတိလိုက်စားမှုမြောက်သွားနိုင်တဲ့ အခြေအနေတွေ၊ အဂတိလိုက်စားမှုရဲ့ ဆိုးကျိုးတွေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြစ်မှု ပြစ်ဒဏ်များကို သေသေချာချာ သိရှိနားလည်ခွင့်ရကြမှာ ဖြစ်ပါကြောင်း၊
အဂတိလိုက်စားမှုသည် နိုင်ငံတစ်နိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရာမှာ အဓိက အဟန့်အတားပြုနိုင်တဲ့ လူ့အဖွဲ့အစည်းကို ဖျက်ဆီးတတ်တဲ့ "ရောဂါဆိုးကြီးတစ်ခု"လို့ ဆိုနိုင်ကြောင်း၊ အဂတိလိုက်စားမှုသည် “ကိုယ်ကျင့်တရားပျက်ယွင်းခြင်း” ဖြစ်ပြီး၊ မိမိရဲ့ကိုယ်ကျိုးစီးပွား အကျိုးအမြတ် အတွက် သိလျက်နဲ့ ကျူးလွန်တတ်တဲ့ ရာဇဝတ်မှုတစ်ခုလည်း ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများ ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဖက်ဖက်မှ နောက်ကျကျန်ရစ်စေပါကြောင်း၊ အဆိုးရွားဆုံး အနေဖြင့် ဌာနဆိုင်ရာတွေအပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုများ လျော့ကျစေတဲ့အပြင် နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေးနဲ့ လူမှုယဉ်ကျေးမှုကြီး တစ်ခုလုံးကိုပါ ယိုယွင်းပျက်စီးစေတာ ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကို ကျူးလွန် မိပါက ဥပဒေအရ ထိရောက်စွာအရေးယူခံရမယ့်အပြင် လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာလည်း မိမိနဲ့ မိသားစုရဲ့ ဂုဏ်သိက္ခာကိုပါ အကြီးအကျယ် ထိခိုက်ကျဆင်းစေမှာဖြစ်တဲ့အတွက် နိုင်ငံ့ဝန်ထမ်းများအနေနဲ့ အထူးသိရှိ ရှောင်ကြဉ်ရန် လိုအပ်ပါကြောင်း၊
တက်ရောက်လာတဲ့ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို ကိုယ်တိုင်လိုက်နာရုံတင် မကဘဲ မိမိတို့ပတ်ဝန်းကျင်နဲ့ မိမိတို့အဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးရန်၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးလုပ်ငန်းစဉ်မှာ အားလုံးပူးပေါင်းပါဝင်ပြီး နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားကို စွမ်းစွမ်းတမံ ဖော်ဆောင်ပေးနိုင်သည့် အဂတိကင်းစင်ပြီး သန့်ရှင်းသောဌာနအဖွဲ့အစည်းဖြစ်အောင် အားလုံးဝိုင်းဝန်း လက်တွဲဆောင်ရွက်သွားကြပါဟု တိုက်တွန်းမှာကြားသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ကော်မရှင်အနေဖြင့် ပြည်သူ့ဘဏ္ဍာဆုံးရုံးမှု လျော့နည်းရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာများ တိုးပွားလာစေရန် ရည်ရွယ်၍ ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များတွင် နိုင်ငံ့ဝန်ထမ်းကဏ္ဍ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဂတိလိုက်စားမှုများကို မဖြစ်မီကြိုတင်ကာကွယ်တားဆီးရန်အတွက် အသိပညာပေးခြင်းနှင့် တားဆီးကာကွယ်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများကို ဝန်ဆောင်မှု ပေးနေသည့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို ကျင့်သုံးလိုက်နာရမည်ဖြစ်သကဲ့သို့ အစိုးရဌာန/ အဖွဲ့အစည်းများမှ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန် ထားမှုများကိုလည်း လိုက်နာကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် အမှတ်တရ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကူးကြသည်။
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိဝန်ထမ်းများက အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း ခေါင်းဆောင်၍ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit –CPU) များနှင့်တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ပါသည်။
#News #Myanmar








No comments:
Post a Comment