စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေဖို့ တောင်သူအခြေပြုသုတေသနစခန်းများဆီသို့ - Myanmar National Post

Myanmar National Post

News Agency

Breaking

စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေဖို့ တောင်သူအခြေပြုသုတေသနစခန်းများဆီသို့


Green Revolution (စိုက်ပျိုးရေးတော်လှန်ရေး) နောက်ပိုင်းကာလတွင် လယ်ယာမြေအခြေပြုသုတေသန (On-farm Research) နှင့် စိုက်ပျိုးရေးတိုးချဲ့အကြံပေးဝန်ဆောင်မှုများသည် စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရသည်။

ထိုအခြေအနေများနှင့် ကိုက်ညီစေရန် တိုးချဲ့ရေးနည်းလမ်းများ၊ ကိရိယာများ၊ မူဝါဒများနှင့် လုပ်ဆောင်ပုံများကိုလည်း ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်လာခဲ့ကြသည်။ ယခင်ကအသုံးပြုခဲ့သော သုတေသနပညာရှင်များ ဦးဆောင်သည့် “အပေါ်မှအောက်သို့” နည်းလမ်းများကို တဖြည်းဖြည်းလျှော့ချလာပြီး တောင်သူများကို အခြေခံသည့် “အောက်မှအပေါ်သို့”ပါဝင်ဆောင်ရွက်မှုနည်းလမ်းများဖြင့် အစားထိုးအသုံးပြုလာခဲ့သည်။

ထို့ကြောင့် Farming Systems Research and Extension (FSRE) နှင့် Participatory Technology Development (PTD) ကဲ့သို့သော ပါဝင်ဆောင်ရွက်မှု အခြေပြုနည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများမှာ အရေးပါလာခဲ့သည်။ ထို့အပြင် Rapid Rural Appraisal (RRA)၊ Participatory Rural Appraisal (PRA)၊ Participatory Learning and Action (PLA) နှင့် Rapid Appraisal of Agricultural Knowledge Systems (RAAKS) ကဲ့သို့သော ပါဝင်ဆောင်ရွက်မှုအခြေပြု လေ့လာသုံးသပ်ရေးကိရိယာများသည် ကမ္ဘာတစ်ဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခဲ့ကြသည်။ မကြာသေးမီနှစ်များတွင် နည်းပညာဖြန့်ဝေမှုလုပ်ငန်းများသည် တောင်သူဦးဆောင်သော ဆန်းသစ်တီထွင်မှုများနှင့် တိုးချဲ့ရေးပုံစံများကို ပိုမိုအသိအမှတ်ပြုလာကြသည်။

တောင်သူအခြေပြု စိုက်ပျိုးရေးသုတေသနလုပ်ငန်းသည် သုတေသနပညာရှင်များ၊ စိုက်ပျိုးရေး တိုးချဲ့ပညာပေးဝန်ထမ်းများနှင့် တောင်သူလယ်သမားအဖွဲ့များ ပူးပေါင်း၍ တောင်သူများ၏ အမှန်တကယ် လိုအပ်ချက်များကိုအခြေခံကာ တောင်သူလယ်ယာမြေတွင် တိုက်ရိုက်သုတေသနဆောင်ရွက်သည့် ပူးပေါင်းဆောင်ရွက်မှု သုတေသနလုပ်ငန်းတစ်ခုဖြစ်ပါသည်။


တောင်သူများ ရင်ဆိုင်နေရသော အခက်အခဲပြဿနာများနှင့် ဆီလျော်မှုရှိ

သုတေသီများနှင့် တောင်သူများ၏ ပူးပေါင်းအားထုတ်မှုမှ ထွက်ပေါ်လာသော နည်းပညာရလဒ်များသည် လုပ်ကွက်ငယ်တောင်သူများ၏ လူမှု-စီးပွားပတ်ဝန်းကျင်နှင့် လည်းကောင်း၊ တောင်သူများ လက်တွေ့စိုက်ပျိုးရေးလုပ်ငန်းတွင် ရင်ဆိုင်နေရသောအခက်အခဲ ပြဿနာများနှင့်လည်းကောင်း ဆီလျော်မှုရှိပြီး လက်တွေ့ကျစေရန် တောင်သူအခြေပြု စိုက်ပျိုးရေးသုတေသနလုပ်ငန်းများကို ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပါသည်။

တောင်သူအခြေပြုသုတေသနလုပ်ငန်းဆောင်ရွက်ခြင်းသည် တောင်သူကိုယ်တိုင် ဦးဆောင်ညွှန်ကြားခြင်း၊ သီးခြားလွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်းနှင့် ပုံမှန်တောင်သူတစ်ဦး လက်ဝယ်ရှိပြီးသား အရင်းအမြစ်များကိုအသုံးပြု၍ မိမိတို့၏ ထုတ်လုပ်မှုစွမ်းအား တိုးတက်စေရန်အတွက် ၎င်းတို့၏အရင်းအမြစ်များကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မည့်နည်းလမ်းများကို စမ်းသပ်ရှာဖွေနိုင်စေသည့် အခွင့်အရေးများကို ရရှိစေပါသည်။

ဤသုတေသနလုပ်ငန်းတွင် သုတေသနစီမံချက်ရေးဆွဲခြင်းမှစ၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စောင့်ကြည့်လေ့လာအကဲဖြတ်ခြင်းနှင့် ရလဒ်များမျှဝေခြင်းအထိ သုတေသနပညာရှင်များ၊ တောင်သူများနှင့် စိုက်ပျိုးရေးတိုးချဲ့ဝန်ထမ်းများကို ပါဝင်ဆောင်ရွက်စေပါသည်။ လိုအပ်ပါက အခြားသောသက်ဆိုင်သူများကိုလည်း ပူးပေါင်းပါဝင်စေပါသည်။ ဤသုတေသနလုပ်ငန်းသည် စိုက်ပျိုးရေးသုတေသနလုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် တောင်သူများ၏ ထုတ်လုပ်မှု၊ စီမံခန့်ခွဲမှုနှင့် စွန့်စားရမှုများလျှော့ချနိုင်ရန် ရည်ရွယ်ထားသော သုတေသနလုပ်ဆောင်ခြင်း နည်းလမ်းတစ်ခုဖြစ်ပါသည်။

တောင်သူအခြေပြုစိုက်ပျိုးရေးသုတေသနလုပ်ငန်း၏ အဓိကရည်ရွယ်ချက်မှာ နည်းပညာဖန်တီးမှု၊ အတည်ပြုစမ်းသပ်မှုနှင့် လက်ခံအသုံးပြုမှုလုပ်ငန်းစဉ်များကို မြှင့်တင်ပေးရန်ဖြစ်သည်။ အထူးသဖြင့်-

(က)     သုတေသနစခန်းများမှ ဖန်တီးထားသောနည်းပညာများ၊ ပြင်ပမှ မိတ်ဆက်သည့်နည်းပညာများ သို့မဟုတ် ဒေသရိုးရာဓလေ့ကို အခြေခံသည့်နည်းပညာများကို ဒေသ အခြေအနေနှင့်ကိုက်ညီအောင် ပြုပြင်ဖန်တီးရန်၊

(ခ)       ကွဲပြားခြားနားသော စိုက်ပျိုးလယ်ယာအခြေအနေများအတွင်း တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဝင်ငွေတိုးတက်စေနိုင်မည့် နည်းပညာများဖော်ထုတ်ရန်၊

(ဂ)       သုတေသနပညာရှင်များမသိရှိသော တောင်သူများ၏ ရိုးရာအသိပညာနှင့် အတွေ့အကြုံများကို ဖော်ထုတ်အသုံးချပြီး သုတေသနရလဒ်များ ပိုမိုအသုံးဝင်လာစေရန်၊

(ဃ)    တောင်သူများ၏ ပြဿနာများကို တန်ဖိုးကွင်းဆက်တစ်လျှောက် ပါဝင်ဆောင်ရွက်သူများ ပူးပေါင်းဖြေရှင်းနိုင်ရေး ပလက်ဖောင်းတစ်ခုဖန်တီးပေးရန်၊

(င) တောင်သူများကို မိမိတို့ကြုံတွေ့ရသော ပြဿနာများအား ခွဲခြမ်းစိတ်ဖြာ၍ ကိုယ်တိုင်ဖြေရှင်းနိုင်သည့်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်တို့အတွက် ရည်ရွယ်ပါသည်။

တောင်သူအခြေပြုသုတေသနလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ မည်သည့်ခေါင်းစဉ်မဆို အသုံးပြုနိုင်သော်လည်း အောက်ပါအကြောင်းအရာများသည် ပိုမိုသင့်လျော်ပါသည် -

(က)     သီးနှံမျိုးသစ်များ အကဲဖြတ်လေ့လာခြင်း၊ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု၌ အထွက်တိုးနည်းပညာအမျိုးမျိုးအနက် အသင့်တော်ဆုံးကို အကဲဖြတ်လေ့လာစမ်းသပ်ခြင်း၊

(ခ)       တောင်သူအသုံးပြုနေသော စိုက်ပျိုးရေးနည်းလမ်းများကို ပိုမိုလွယ်ကူထိရောက်စေရန် ပြုပြင်မွမ်းမံပေးခြင်း၊

(ဂ)       တောင်သူများ၏ နည်းပညာများကို သိပ္ပံနည်းကျ အတည်ပြုခြင်း၊

(ဃ)     အခြားဒေသများတွင် အောင်မြင်သောနည်းပညာများကို နေရာဒေသအခြေအနေနှင့်ကိုက်ညီအောင် ပြင်ဆင်အသုံးပြုခြင်းနှင့်

(င)       နေရာဒေသအလိုက် အာဟာရဓာတ်စီမံခန့်ခွဲမှုကဲ့သို့သော နည်းပညာများအား ဒေသအလိုက် စမ်းသပ်လေ့လာခြင်းဖြင့် စိုက်ပျိုးရေးစံချိန်စံညွှန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်း။

တောင်သူအခြေပြု သုတေသနလုပ်ငန်းဆောင်ရွက်ခြင်း၏ အခြေခံမူများမှာ တောင်သူများ၏ ရှုပ်ထွေးသောအခြေအနေများကို အပြည့်အဝထည့်သွင်းစဉ်းစားနိုင်ရန် ဘာသာရပ်စုံ သုတေသနပညာရှင်များပါဝင်သည့် အဖွဲ့များဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်ခြင်း၊ တောင်သူ များ၏လိုအပ်ချက်များ အမှန်တကယ်ထင်ဟပ်လာစေရန် တောင်သူများကို စီမံချက်ရေးဆွဲသည့်အစမှ ပါဝင်စေခြင်း၊ သုတေသနရလဒ်များကို ပိုမိုကျယ်ပြန့်ပြီး ရေရှည်တည်တံ့စေရန် စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ကုန်သည်များ၊ ထုတ်လုပ်သူများ၊ ပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းများနှင့် မီဒီယာများပါဝင်ခြင်း၊ နည်းပညာဖွံ့ဖြိုးရေး၊ နည်းပညာဖြန့်ဝေခြင်း၊ ဈေးကွက်မြှင့်တင်ခြင်းနှင့် သမဝါယမလုပ်ငန်းများကို အားပေးပံ့ပိုးရန် တောင်သူများအား အဖွဲ့လိုက်ပါဝင်ဆောင်ရွက်စေခြင်း၊ တောင်သူ အခြေပြုသုတေသနလုပ်ငန်းများကြောင့် တောင်သူများ၏ ဆန်းသစ်တီထွင်နိုင်စွမ်းနှင့် စိုက်ပျိုးရေးတိုးချဲ့ဝန်ထမ်းများ၏ လမ်းညွှန်ပေးနိုင်စွမ်းကို မြှင့်တင်ပေးခြင်း၊ တောင်သူအမျိုးသားများသာမက တောင်သူအမျိုးသမီးများနှင့် မိသားစုဝင်လူငယ်များ၏ လိုအပ်ချက်၊ အသိပညာနှင့် စိတ်ဝင်စားမှုများကိုပါ ထည့်သွင်းစဉ်းစားနိုင်ခြင်းနှင့် တောင်သူအခြေပြုသုတေသနလုပ်ငန်းများမှရရှိသော အတွေ့အကြုံများကို မှတ်တမ်းတင်၊ ခွဲခြမ်းစိတ်ဖြာပြီး အခြားတောင်သူများသို့ မျှဝေနိုင်ခြင်းတို့ဖြစ်ပါသည်။

တောင်သူအခြေပြုသုတေသနစခန်းများတွင် သုတေသနလုပ်ငန်းများ လုပ်ဆောင်ရာ၌ သုတေသနခေါင်းစဉ်များကို အောက်ပါအချက်များအပေါ် အခြေခံ၍ သုံးသပ်ရွေးချယ်ရပါသည် -

(က)     နည်းပညာပိုင်းဆိုင်ရာ လက်တွေ့ကျနိုင်မှု၊

(ခ)       လယ်ယာစနစ်နှင့် ကိုက်ညီမှု၊

(ဂ)       စီးပွားရေးအရ အကျိုးရှိမှု၊

(ဃ)     လူမှုရေးအရ လက်ခံနိုင်မှု၊

(င)       သုတေသနဆောင်ရွက်ရန် လိုအပ်သည့်အချိန်၊

(စ)       ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ၊

(ဆ)     သုတေသနအဖွဲ့၏ စွမ်းဆောင်ရည်၊

ရွေးချယ်စရာတစ်ခုချင်းစီ၏ အားသာချက်၊ အားနည်းချက်နှင့် အကျိုးသက်ရောက်မှုများကို စာရင်းပြုစုပြီး သုတေသနပညာရှင်များ၊ တောင်သူများနှင့် စိုက်ပျိုးရေးတိုးချဲ့ဝန်ထမ်းများ၏ ရွေးချယ်ဆုံးဖြတ်မှုအတွက် အသုံးပြုရပါသည်။ သုတေသနလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်လိုသော တောင်သူများရွေးချယ်ရာတွင်လည်း ကျား/မ၊ အသက်၊ ဒေသနှင့် စီးပွားရေးအခြေအနေ ကိုယ်စားပြုနိုင်သူများ၊ နည်းပညာအသစ်များစမ်းသပ်ရန် စိတ်ဝင်စားသူများ၊ သတင်းအချက်အလက် မျှဝေလိုစိတ်ရှိသူများနှင့် ရပ်ရွာက သဘောတူလက်ခံထားသူများ စသည့်အချက်များအပေါ် ဦးစားပေးရွေးချယ်ရပါသည်။

စမ်းသပ်ကွင်းရွေးချယ်ရာတွင်လည်း စမ်းသပ်ကွင်းသည် ဒေသကို ကိုယ်စားပြုနိုင်သည့်နေရာဖြစ်ပြီး မြေအမျိုးအစား၊ ကျား/မ ကွာခြားမှု၊ သယံဇာတရရှိနိုင်မှုနှင့် လူမှုစီးပွားအခြေအနေများကို ထည့်သွင်းစဉ်းစားရပါသည်။ အခြားတောင်သူများ လာရောက်လေ့လာနိုင်ရန် လက်လှမ်းမီသည့်နေရာဖြစ်သင့်ပြီး ရလဒ်များကို ကျယ်ပြန့်စွာ ဖြန့်ဝေနိုင်ရမည်ဖြစ်ပါသည်။


နည်းပညာသင်တန်းများဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသိပညာ၊ အတတ်ပညာနှင့် ဗဟုသုတများ တိုးပွားလာစေရန် နည်းပညာသင်တန်းများဖွင့်လှစ်ပေးခြင်းသည်လည်း တောင်သူအခြေပြုသုတေသနစခန်းများ တည်ထောင်ပေးခြင်း၏ အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ နည်းပညာသင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် နည်းပညာအသစ်များမိတ်ဆက်ပေးခြင်း၊ တောင်သူများ၏ အသိပညာနှင့် ကျွမ်းကျင်မှုတိုးတက်စေခြင်း၊ စိုက်ပျိုးရေးတိုးချဲ့ဝန်ထမ်းများနှင့် သုတေသီများအကြား တူညီသောနားလည်မှုရရှိစေခြင်းနှင့် စမ်းသပ်လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း အစရှိသော အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။ တောင်သူအခြေပြုသုတေသနစခန်းများမှရရှိသော သတင်းအချက်အလက်များကို Field Day များ၊ ဆွေးနွေးပွဲများ၊ အတွေ့အကြုံဖလှယ်ပွဲများ၊ သင်တန်းများနှင့် တိုးချဲ့ပညာပေးလုပ်ငန်း များတွင် အသုံးပြုနိုင်ပါသည်။

စိုက်ပျိုးရေးသုတေသနလုပ်ငန်းများသည် လယ်ယာစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခြေခံကျသောလုပ်ငန်းများဖြစ်ကြပါသည်။ နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ်တွင်ရှိသော စိုက်ပျိုးရေးသုတေသနဦးစီးဌာနသည် စိုက်ပျိုးထုတ်လုပ်သူများအတွက် သီးနှံမျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ပေးခြင်းနှင့် ထိုမျိုးကောင်းမျိုးသန့်များ အောင်မြင်အောင်စိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးနည်းစနစ်ကောင်းများကို အဓိကကျသော စိုက်ပျိုးရေးသုတေသနလုပ်ငန်းများအဖြစ် သုတေသနပြု ဖော်ထုတ်ပေးလျက်ရှိပါသည်။

မိမိတို့ဌာနမှ သုတေသနပြုဖော်ထုတ်လိုက်သည့် သီးနှံမျိုးသစ်များနှင့် စိုက်ပျိုးနည်းစနစ်များနှင့်ပတ်သက်သော သုတေသနတွေ့ရှိချက်များအား လက်ခံကျင့်သုံးနိုင်မည့် တောင်သူများလက်ဝယ်သို့ လျင်မြန်စွာရောက်ရှိရေးသည် စိုက်ပျိုးရေးသုတေသနဝန်ထမ်းများ၏တာဝန်ဖြစ်ပြီး ထိုသို့ဖြစ်လာစေရန် ဒေသအသီးသီးရှိ တောင်သူများ၏ နေရာအရောက်သွားရောက်၍ နည်းပညာပေးပြီး လက်တွေ့လုပ်ဆောင်ပြခြင်းဖြင့် မိမိတို့၏ သုတေသနတွေ့ရှိချက်များကို လက်ခံကျင့်သုံးဆောင်ရွက်ကြမှသာ တောင်သူများ လက်ခံကျင့်သုံးနိုင်သော သုတေသနတွေ့ရှိချက်များ ဖြစ်လာမည်ဖြစ်ပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနသည် နှစ်စဉ်ရုံးချုပ်နှင့် နယ်သုတေသနခြံများ၊ နယ်ဒေသသုတေသနဗဟိုဌာနများမှ သုတေသနပြုဖော်ထုတ်လိုက်သည့် သီးနှံမျိုးသစ်များ၊ စိုက်ပျိုး နည်းစနစ်များနှင့်ပတ်သက်သော သုတေသနတွေ့ရှိချက်များကို လက်တွေ့သရုပ်ပြစမ်းသပ်နိုင်ရန် တောင်သူများ ပူးပေါင်းပါဝင်သော သီးနှံမျိုးသစ်များ အထွက်ယှဉ်ပြိုင်စမ်းသပ်ခြင်း၊ တောင်သူများ ကိုယ်တိုင်မျိုးစေ့ထုတ်နိုင်ရန် နည်းပညာသင်တန်းများပေးခြင်း၊ အထွက်တိုးတက်စေနိုင်သည့် စိုက်နည်းစနစ် သုတေသနရလဒ်များကို သင်တန်းများပေးခြင်း အစရှိသော တောင်သူအခြေပြုသုတေသန လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ်တွင် နယ်အလိုက် တောင်သူအခြေပြုသုတေသနစခန်းများ သီးသန့်ထူထောင်ကာ တောင်သူအခြေပြုသုတေသနလုပ်ငန်းများကို ပိုမိုအားစိုက်လုပ်ဆောင်ခဲ့ကြပါသည်။


တောင်သူနည်းပညာပေးဆွေးနွေးပွဲများ ကျင်းပ

စိုက်ပျိုးရေးသုတေသနဦးစီးဌာနသည် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အတွေ့အကြုံများ နှီးနှောဖလှယ်နိုင်ရေးနှင့် တောင်သူများကြုံတွေ့နေရသော အခက်အခဲပြဿနာများကို အကောင်းဆုံးကျော်ဖြတ်နိုင်မည့် နည်းလမ်းများ ညှိနှိုင်းအဖြေရှာ ဖော်ထုတ်နိုင်ကြစေရန်အတွက် တောင်သူနည်းပညာပေးဆွေးနွေးပွဲများကို ၈ - ၈- ၂၀၂၃ ရက်နေ့ မှစတင်၍ ကျင်းပလျက်ရှိရာ ၁၅-၁၀-၂၀၂၆ ရက်နေ့တွင် အကြိမ် (၁၃၀)မြောက် ကျင်းပနိုင်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တောင်သူများနှင့် စိုက်ပျိုးရေးတိုးချဲ့ပညာပေးဝန်ထမ်းများက အွန်လိုင်းဖြင့်တက်ရောက်ပြီး နေပြည်တော်ကောင်စီနယ်မြေမှ သုတေသနပညာရှင်များ၊ မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် တောင်သူများ တက်ရောက်ခဲ့ကြပါသည်။ နည်းပညာပေးဆွေးနွေးပွဲတွင် သုတေသန ပညာရှင်များနှင့် တိုးချဲ့ပညာပေးဝန်ထမ်းများက စိုက်ပျိုးနည်းပညာများကို မျှဝေဆွေးနွေး၍ အခက်အခဲများကို ဆွေးနွေးဖြေရှင်းကြပါသည်။

တောင်သူအခြေပြုသုတေသနစခန်းများ တည်ထောင်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် တောင်သူများ၏ ရိုးရာအသိပညာနှင့် သိပ္ပံနည်းကျနည်းပညာများကို ပေါင်းစပ်အသုံးပြုသည့် ပါဝင်ဆောင်ရွက်မှု သုတေသနနည်းလမ်းတစ်ခုဖြစ်သည်။ ဤနည်းလမ်းသည် အချိန်၊ လူအင်အားနှင့် ဘဏ္ဍာရေးအရင်းအမြစ် များလိုအပ်သော်လည်း တောင်သူများ၏ လိုအပ်ချက်အမှန်များကို ဖြေရှင်းနိုင်ပြီး နည်းပညာဖွံ့ဖြိုးမှုနှင့် ဖြန့်ဝေမှုပိုမိုထိရောက်စေသည်။ ထို့ပြင် သုတေသနပညာရှင်၊ စိုက်ပျိုးရေးတိုးချဲ့ပညာပေးဝန်ထမ်း များနှင့် အခြားသက်ဆိုင်သူများအကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေပြီး စိုက်ပျိုးရေးထုတ်လုပ်မှု၊ အမြတ်အစွန်းနှင့် ကျေးလက်ဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် အရေးပါသောနည်းလမ်းတစ်ခုဖြစ်ပါသည်။

အနာဂတ်တွင် တောင်သူများကို ဈေးကွက်များနှင့် ချိတ်ဆက်ပေးခြင်း၊ အခကြေးငွေပေး၍ ရယူရသော တိုးချဲ့ဝန်ဆောင်မှုများ ဖော်ဆောင်ခြင်းနှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများကို ထိရောက်စွာ အသုံးပြုခြင်းတို့သည် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော ဦးတည်ချက်များဖြစ်လာ မည်ဖြစ်ပါသည်။ ။


ဒေါက်တာနီနီတင့်(စိုက်သု)

ကိုးကား


-           သုတေသနနှစ်ချုပ်အစီရင်ခံစာ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန

-           Catherine Tarasoff(2016).” A Guide to On-Farm Demonstration Research. http://www.farmwest.com/bc-forage-council

-           EIAR & JICA.2015. Guideline to participatory agricultural research through farmer research groups for agricultural researchers. https://www.jica.go.jp

-           FAO. 2000. Guidelines for on-farm plant nutrition and soil management trials and demonstrations. 71 pp. FAO Land and Water Development Division

-           S.S. Singh & S.K. Dubey. 2021. Farmer participatory research: Tools, policies and practices. Indian Journal of Agronomy 66 (5th IAC Special issue): S288__S300

-           U.K.Behera, James France (2023).Farming system research: Concept, design and methodology. Advances in Agronomy. Vol. 177(1) p -5


#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)