နေပြည်တော်၊ အောက်တိုဘာ ၃
“လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင်ကျင်းပခဲ့ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ စာတမ်းဖတ်ပွဲမှ ထွက်ပေါ်လာသည့် ရလဒ်များအရ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ချမှတ်နိုင်ရန် ယမန်နေ့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဇမ္ဗူသီရိခန်းမ၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့ ညှိနှိုင်းဆွေးနွေးကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ဘဏ္ဍာရေးကဏ္ဍက ပံ့ပိုးဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးချေးငွေသတ်မှတ်ရေးနှင့်စပ်လျဉ်းသည့် ညွှန်ကြားချက် ထုတ်ပြန်နိုင်ရန်၊ ချေးငွေပံ့ပိုးပေးရန်၊ စိုက်ပျိုးရေးအခြေပြု ရောနှော ဘဏ္ဍာငွေတစ်ရပ်(Blended Finance) တည်ထောင်ရန်၊ စိုက်ပျိုးရေးချေးငွေများကို လွယ်ကူစွာထုတ်ချေးပေးနိုင်ရေးအတွက် ပြည့်စုံသော ဒီဂျစ်တယ်ပလက်ဖောင်း တည်ဆောက်နိုင်ရန်နှင့် ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ပိုမိုတိုးတက်ရန်တို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ငါးနှစ်တာကာလ (၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ) အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် နှစ်အလိုက်အကောင်အထည်ဖော်မှု(ရာခိုင်နှုန်း)၊ ဘဏ္ဍာငွဖြည့်တင်းမည့်အစီအစဉ်၊ တိုင်းတာမည့်ညွှန်ကိန်းနှင့် တာဝန်ယူရမည့်အဖွဲ့အစည်း စသည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် မြန်မာနိုင်ငံဘဏ်များ အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဘဏ်များမှ တာဝန်ရှိသူများ ပါဝင်တက်ရောက် ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် အင်အားပြင်း မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေကြီးကြပ်မှု ဗဟိုကော်မတီ (၃/၂၀၂၆) အစည်း အဝေးကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်နေပြည်တော် ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ ရန်ပုံငွေ ကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက မန္တလေးငလျင်ကြီးကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ခြောက်ခုမှ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများ၏နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရခြင်းကြောင့် ပြန်လည်ထူထောင်ရေး ချေးငွေအစီအစဉ်အား နိုင်ငံတော်မှ ထည့်ဝင်ပံ့ပိုးသော ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရန်ပုံငွေ ကြီးကြပ်မှုဗဟိုကော်မတီအနေဖြင့် ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့မှ စိစစ်တင်ပြလာသော ချေးငွေများကို ချေးငွေဆိုင်ရာ စံပြုလုပ်ငန်းစဉ် SOP ပါ စံသတ်မှတ်ချက်များနှင့်အညီစိစစ်၍ ထုတ်ချေးပေးလျက်ရှိရာတွင် စုစုပေါင်းချေးငွေ ၁၂ ခု၊ ပမာဏ ကျပ် ၈ ဒသမ ၁၁ ဘီလီယံကို ထုတ်ချေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။
ချေးငွေများတွင် နိုင်ငံ့ဝန်ထမ်းများ၊ MSME လုပ်ငန်းများ၊ စက်ရုံလုပ်ငန်းကြီးများ၊ ဟိုတယ်နှင့်ပညာရေးဆိုင်ရာလုပ်ငန်းများပါဝင်ပြီး ချေးငွေအမျိုးအစားများအနေဖြင့် Home Loan ၊ Recon-struction Loan၊ Working Capital Loan၊ Fixed Capital Loan စသည်ဖြင့် ပါဝင်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးလျက်ရှိရာတွင် အတိုးနှုန်းသက်သာစွာဖြင့် ပံ့ပိုးပေးသည့် အထူးချေးငွေ အစီအစဉ်တစ်ရပ် ဖြစ်သည့်အတွက် ရည်ရွယ်ချက်အတိုင်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အဖွဲ့ဝင်များအားလုံး ပူးပေါင်းဆောင်ရွက် ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
အဆိုပါ အစည်းအဝေးတွင် တက်ရောက်လာသည့် ဗဟိုကော်မတီအဖွဲ့ဝင်များက ခွင့်ပြုထားသည့် ဘဏ်များအနက် ဘဏ် ၅ ဘဏ်မှ တင်ပြလာသည့် နိုင်ငံ့ဝန်ထမ်းတစ်ဦးနှင့် လုပ်ငန်းကိုးခု အပါအဝင် စုစုပေါင်းချေးငွေ ၁၀ ခုအတွက် ချေးငွေပမာဏ ကျပ် ၂၄ ဒသမ ၇၅ ဘီလီယံကို စိစစ်အတည်ပြုကြပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment