၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ အောက်တိုဘာ ၃

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စု လွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဥက္ကဋ္ဌ Jeng Phang နော်တောင်(ခ) ဦးနော်တောင်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ဦးချစ်ဆွေ၊ ဒုတိယဥက္ကဋ္ဌ (၂) ဦးတေဇကျော်၊ အတွင်းရေးမှူး ဦးသန်းအောင်နှင့် ပူးပေါင်းကော်မတီဝင်များ၊ စိစစ်ရေးပူးပေါင်းအဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပေးနိုင်ရေးနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေကြမ်းပါ ရငွေ၊ သုံးငွေများကို အသေးစိတ်စိစစ်နိုင်ရန်အတွက် စိစစ်ရေးပူးပေါင်းအဖွဲ့ ၁၈ ဖွဲ့ကို ကြိုတင်ဖွဲ့စည်းပေးထားပြီး ဖြစ်ပါကြောင်း။ 

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် စိစစ်ရေးပူးပေါင်း အဖွဲ့များအနေဖြင့် မူလခန့်မှန်းခြေတွင် ခွင့်ပြုထားမှု၊ သုံးစွဲပြီးနှင့် သုံးစွဲရန်ကျန်သည့် အခြေအနေ၊ သုံးစွဲနိုင်ခြင်းမရှိသဖြင့် ပြန်လည်အပ်နှံရမည့် ငွေပမာဏကိုလည်း စိစစ်ရန် လိုအပ်ပါကြောင်း။ 

စီးပွားရေး အဖွဲ့အစည်းများအား နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေပေးခြင်းအားဖြင့် ထပ်မံတိုးတက် ရရှိလာမည့် ဝင်ငွေအခြေအနေကိုလည်း တွက်ဆသင့်ပါကြောင်း၊ နိုင်ငံတော်သို့ ပေးသွင်းရမည့် ငွေများဖြစ်သော ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်နှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေများကိုလည်း ပေးသွင်းသည့်ဌာနနှင့် လက်ခံသည့်ဌာနတို့တွင် နှစ်ဖက်စာရင်းသွင်းမှု အခြေ အနေကိုလည်း စိစစ်ရန်လိုပါကြောင်း။

ဘဏ္ဍာရေးနှစ်အတွင်း ဘဏ္ဍာရေးစည်းမျဉ်းအရ ရန်ပုံငွေလွှဲပြောင်းသုံးစွဲမှု မပြုနိုင်သည့်အပြင် ဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေပြီးစီးအောင် ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စများနှင့် ယင်းတို့၏ ပကတိအခြေအနေကို သုံးသပ်တွက်ချက်ပြီး စိစစ်ဆောင်ရွက်ရန် လိုပါကြောင်း။

စိစစ်ပြီးနောက် မဖြစ်မနေပေးချေရမည့် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ နိုင်ငံတော်သို့ ထည့်ဝင်ငွေများ၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းပြောင်းလဲမှုကြောင့် လိုအပ်လာသည့် အသုံးစရိတ်၊ အမှန်တကယ်ထပ်မံလိုအပ်သော လစာစရိတ်၊ ပင်စင်၊ အတိုးပေးငွေနှင့် နိုင်ငံတော်၏ လိုအပ်ချက်အရ ဖြည့်စွက်ခွင့်ပြုငွေ တင်ပြတောင်းခံသည့် အသုံးစရိတ်များကိုသာ ခွင့်ပြုရန် လိုအပ်ပါကြောင်း။

ဥပဒေကြမ်းများကို စိစစ်ရာတွင် အားနည်းချက်၊ အားသာချက်များကို အခြေခံပြီး အားသာချက်များကို ပိုမိုတိုးတက်ကောင်းမွန် အောင်ဆောင်ရွက်ခြင်း၊ အားနည်းချက်များကို ပြန်လည်သုံးသပ် ပြုပြင်ဆောင်ရွက်ခြင်းဖြင့် ဘတ်ဂျက်စိစစ်ရေး လုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စေနိုင်မည် ဖြစ်ပါကြောင်း။

ရငွေ၊ သုံးငွေများ စိစစ်အတည်ပြုခြင်းလုပ်ငန်းစဉ်သည် လွှတ်တော်၏လုပ်ငန်းတာဝန် တစ်ရပ်ဖြစ်သည့်အတွက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် စိစစ်ရေးပူးပေါင်းအဖွဲ့များ အနေဖြင့် မိမိတို့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို တိတိကျကျ သိရှိနားလည်ရန် လိုအပ်သလို လုပ်ပိုင်ခွင့်ထက် ကျော်လွန်ဆောင်ရွက်ခြင်းများ မပြုလုပ်မိရန်လည်း လိုအပ်ပါကြောင်း။

ထို့ပြင် ဝန်ကြီးဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများကို ဖိတ်ခေါ်ဆွေးနွေး၊ မေးမြန်းခြင်းသည် လွှတ်တော်၏ oversight လုပ်ငန်း၊ ဘတ်ဂျက်စိစစ်အတည် ပြုခြင်းလုပ်ငန်းကို ပိုမိုထိရောက် အောင်မြင်စေရေးအတွက် အချက်အလက်များ ရှာဖွေစုဆောင်းခြင်းသာဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိ သူများကို စစ်ဆေးမေးမြန်းသည့် ပုံစံမျိုးမဖြစ်စေရန် သတိထားဂရုပြုပြီး ဆောင်ရွက်စေလိုပါကြောင်း။

ဥပဒေကြမ်းများစိစစ်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီသာ စိစစ်ရမည်ဖြစ်ပြီး စိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာများကို ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးရေးဆွဲ တင်ပြခြင်းဆိုင်ရာ ဥပဒေနှင့်အညီ သတ်မှတ်ကာလအတွင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီများကို အချိန်မီပေးပို့နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း။

ဥပဒေကြမ်းတွင် ပါဝင်သည့် အသုံးစရိတ်များ စိစစ်ရန်ကိစ္စနှင့် စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ရှင်းလင်းတင်ပြသွားမည်ဖြစ်သလို တက်ရောက်လာကြသည့် လွှတ်တော် အကြီးအမှူးများနှင့် ပူးပေါင်းကော်မတီဝင်များ၊ စိစစ်ရေး ပူးပေါင်းအဖွဲ့ဝင်များကလည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။ 

ထို့နောက် ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဥက္ကဋ္ဌက ဥပဒေကြမ်းစိစစ်ရေး လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်၊ ရငွေသုံးငွေစာရင်းများ၏ မှန်ကန်တိကျမှုရှိစေရန်နှင့် ဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေလိုအပ်ပြီး အမှန်တကယ် သုံးစွဲပြီးစီးနိုင်မည့် ဦးစားပေး အသုံးစရိတ်များကို အဓိကထားစိစစ်ရန် ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအား သတ်မှတ်ရက်များအတွင်း တင်သွင်း၊ စိစစ်၊ ဆွေးနွေး၊ ပြင်ဆင်အတည်ပြုနိုင်ရေးအတွက် လွှတ်တော်ကော်မတီများနှင့် စိစစ်ရေးပူးပေါင်းအဖွဲ့ ၁၈ ဖွဲ့အကြား ပူးပေါင်းဆောင်ရွက်မှု၊ ဘတ်ဂျက်စိစစ်မှုနှင့် အစီရင်ခံစာများကို အချိန်မီတင်ပြနိုင်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေး သို့ တက်ရောက်လာကြသည့် ပူးပေါင်းကော်မတီဝင်များနှင့် စိစစ်ရေး ပူးပေါင်းအဖွဲ့ဝင်များက ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ သတ်မှတ်ထားသည့်အချိန်အတွင်း ပြီးစီးနိုင်ရေး လက်ရှိလုပ်ဆောင်နေမှုများနှင့် စပ်လျဉ်း၍ တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော် နာယကက ဖြည့်စွက်ဆွေးနွေးခဲ့သည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)