နေပြည်တော်၊ အောက်တိုဘာ ၁၇
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ကို ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၂၆ ဦး တက်ရောက်သဖြင့် ၉၃ ဒသမ ၉၃ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေးအထမြောက် ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြု ချက်ရယူ ၍ မှတ်တမ်းတင်သည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကာကွယ် ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအောင်အား ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခြင်းကို လွှတ်တော်က မှတ်တမ်းတင် ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက၏ ရှေ့မှောက်၌ ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ပြီးဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကိုကိုလွင်တို့က ကတိသစ္စာပြု ကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကိုသတ္တမအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများ ကို စတုတ္ထအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အား ဆက်လက်အတည်ဖြစ်စေရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဝန်းသိုမဲဆန္ဒနယ်မှ ဦးစိုးပိုင်က မန္တလေးတိုင်း ဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရှမ်းပြည်နယ် ကျောက်မဲ မြို့နယ်နှင့် သီပေါမြို့နယ်တို့မှအပ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိ လာခြင်းမရှိသေးသည့် မြို့နယ်(၅၅)မြို့နယ်ကို ထပ်မံ ၍ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အား နောက်ထပ်ရက်ပေါင်း ၉၀ အထိ ဆက်လက်အတည် ဖြစ်စေရေးကိစ္စရပ်အား ထောက်ခံဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ မတည်ငြိမ်မအေးချမ်းသေးသည့် ဒေသများတွင် တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ် စောင့်ရှောက်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက် နိုင်ရေးတို့အတွက် ဥပဒေနှင့်အညီ လိုအပ်သည့် အစီအမံများဆောင်ရွက်ခြင်းသည် အရေးကြီးပါကြောင်း၊ အရေးပေါ်အခြေအနေတစ်ရပ်ကို ကိုင်တွယ် ဖြေရှင်းရာတွင် အမိန့်တစ်ရပ်ထုတ်ပြန်ခြင်း၊ အုပ်ချုပ်ရေးစနစ်တစ်ရပ် ပြောင်းလဲကျင့်သုံးခြင်းတို့ဖြင့်သာ လုံလောက်သည်ဟု ပြော၍မရဘဲ အဆိုပါဆောင်ရွက် မှုများကြောင့် ပြည်သူများလုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများ ပြန်လည်ရရှိမှုကို လက်တွေ့ရလဒ်များဖြင့်တိုင်းတာကြရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ မူလအခြေအနေသို့ ပြန်လည် ရောက်ရှိခြင်းမရှိသေးသည့် (၅၅) မြို့နယ်အား အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေး သက်တမ်းဆက်လက်ထားရှိခြင်းနှင့်အတူ ပြည်သူများ၏ နေ့စဉ် ဘဝပြန်လည်တိုးတက်ကောင်းမွန်ရေးကိုပါ တစ်ပြိုင် တည်း ဆက်လက်ဆောင်ရွက်ပေးနိုင်ပါရန် ထောက်ခံ ဆွေးနွေးတင်ပြသည်။
သီပေါမဲဆန္ဒနယ် ဦးကောင်းသက်စံက လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အချို့သောအဖွဲ့အစည်း များက တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း စစ်ဘုရင်ဝါဒကို အသက်သွင်း နေကြသဖြင့် ပြည်သူများ ဒုက္ခမျိုးစုံ ခံစားနေကြရသဖြင့် ယင်းအခြေအနေကို သတိထားကိုင်တွယ် ဖြေရှင်းပေးရန် လိုအပ်ပါကြောင်း၊ မည်သို့ပင်စစ်ဘုရင် ဝါဒဖြင့် အုပ်ချုပ်စေကာမူ အချိန်တန်ပါကဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကာ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း။
တရားဥပဒေစိုးမိုးရေးသည် လမ်းညွှန်မြေပုံဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးသည် ယာဉ်၏ဘီးဖြစ် သဖြင့် လမ်းညွှန်မြေပုံမရှိလျှင် ဦးတည်ရာပျောက်နိုင်ပြီး ဘီးမရှိလျှင် ခရီးမဆန့်နိုင်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ ရှေ့ခရီးအောင်မြင်စေရန် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အခြေခံအုတ်မြစ်အဖြစ် ခိုင်မာစွာတည်ဆောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့်အပြင် ပြည်သူများဘဝ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေး ဆက်လက်လိုအပ်လျက်ရှိသဖြင့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အား ဆက်လက်အတည် ဖြစ်စေရန် လေးနက်စွာထောက်ခံကြောင်း ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ထပ်မံ၍ ရက်ပေါင်း ၉၀ အထိ ဆက်လက်အတည်ဖြစ်စေရေးကို လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း နှစ်ပတ်လည်အစီရင်ခံစာနှင့် ယင်းအပေါ် ပြည်သူ့ ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ(၁/၂၀၂၆) တို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မန္တလေးတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၁၀) ဦးမြင့်စန်းက နိုင်ငံ၏စီးပွားရေးကဏ္ဍ မြှင့်တင် ရန်အတွက် အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းများကို ဦးစားပေး၍ ဘဏ္ဍာငွေပံ့ပိုးပေးရန်၊ စက်ရုံမြေနေရာများနှင့် အလုပ်သမားများ နေထိုင်ရန် အိမ်ရာများဖော်ထုတ်ပေးရန်၊ အလုပ် သမားမိသားစုများ တရားဝင် နေထိုင်လုပ်ကိုင်နိုင်ရေး ကူညီဆောင်ရွက်ပေးရန်၊ MSME လုပ်ငန်းရှင်များ တောင်းဆိုထားသည့် စက်ရုံမြေနေရာများနှင့် အိမ်ရာမြေနေရာများကို အသိအမှတ်ပြုပေးရန်၊ ကုန်ကြမ်းဝယ်ယူရာတွင် ငွေကြေးကိစ္စနှင့် လျှပ်စစ်ဓာတ်အား၊ စက်သုံးဆီများရရှိရေးနှင့် လုပ်ငန်းလိုင်စင်လျှောက်ထား ရာတွင် အမြန်ရရှိရေးဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်းနှင့် အစီရင်ခံစာတင်ပြချက်ကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ်(၈) ဦးကြည်လင်းထက်က စီမံကိန်းပါအချက်အလက်များ အရ ပုံသေဈေးနှုန်းဖြင့် တွက်ချက်ထားသော GDP တွင် လယ်ယာကဏ္ဍအချိုးအစား လျော့နည်းလာ သဖြင့် အမှန်တကယ်ကုန်ထုတ်စွမ်းအား၊ စိုက်ပျိုးမြေ ဧကအလိုက်အထွက်နှုန်းနှင့် တောင်သူဝင်ငွေတို့ကို အသေးစိတ်စစ်ဆေးသုံးသပ်ရန် လိုအပ်ပြီး တောင်သူများ ဝင်ငွေကျဆင်းပါက ကုန်စည်စားသုံးမှု၊ ကျေးလက် ဈေးကွက်၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ် အကိုင်ဖန်တီးနိုင်မှုတို့အပေါ် ဆင့်ပွားထိခိုက်နိုင်သော ကြောင့် GDP အချိုးအစားသာမက ပို့ကုန်တိုးတက်မှုနှင့် ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကိုပါ ဆက်စပ်ရေး ဆွဲသင့်ပါကြောင်း။
ထို့ပြင် လျှပ်စစ်ကဏ္ဍတွင် သာမန်စာရင်းပိုငွေ ပြသနိုင်သော်လည်း စီမံကိန်းဘတ်ဂျက်ကို အပြည့် အဝ အကောင်အထည်မဖော်နိုင်သေးဘဲ လျှပ်စစ်ပြတ်တောက်မှုများ ကြုံတွေ့နေရဆဲဖြစ်ရာစာရင်း ပိုငွေပြနိုင် ရုံမျှဖြင့် အောင်မြင်မှုအဖြစ် မသတ်မှတ်ဘဲ စီမံကိန်းများ အချိန်မီပြီးစီးမှုနှင့် ပုံမှန်ဓာတ်အား ဖြန့်ဖြူးပေးနိုင် စွမ်းတို့ကို အလေးထားချိတ်ဆက် သုံးသပ်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသား စီမံကိန်းအကောင် အထည်ဖော်ရာတွင် ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်များနှင့်အညီ ကဏ္ဍအလိုက် ထုတ်လုပ်မှုတိုး တက်နှုန်း၊ ဘတ်ဂျက် အသုံးပြုနိုင်မှုနှင့် စီမံကိန်းပြီးစီးမှုတို့ကို ဘက်စုံ ချိတ်ဆက်အကဲဖြတ်ကာ ပြည်သူများ လက်တွေ့ အကျိုးခံစားရမည့်ရလဒ်အခြေပြု စီမံကိန်းစနစ် ပိုမိုအားကောင်းစေရန် လိုအပ်ကြောင်း ဆွေးနွေးသည်။
တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၁၀) ဦးသန်းအေး(ခ) ဦးတင်ဦးက ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေးပဋိပက္ခဖြစ်ပွားခြင်း၊ ရာသီဥတုဖောက်ပြန် ခြင်း၊ တရားဥပဒေစိုးမိုးမှုကျဆင်းခြင်း၊ လုပ်သား ရှားပါးခြင်း၊ သယ်ယူပို့ဆောင်ရေး ခက်ခဲမှုစသည့်တို့ ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်တွင် စက်မှုထုတ်ကုန်များ ဝယ်လိုအားမြင့် တက်လာနိုင်ခြင်း၊ ဆောက်လုပ် ရေးလုပ်ငန်းများ အားကောင်းလာနိုင်ခြင်း စသည့်အခြေအနေများကြောင့် စီးပွားရေးအခြေအနေ တိုးတက်လာနိုင်ပါကြောင်း၊ ပြည်သူများ စားဝတ် နေရေးအဆင်ပြေပြီး တစ်မျိုးသားလုံး စီးပွားရေး တိုးတက်ရန်နှင့် စီးပွားရေးစီမံကိန်းများ အောင်မြင်စွာအကောင်ထည်ဖော်နိုင်ရန်အဓိက လိုအပ်ချက်မှာ နိုင်ငံတစ်ဝန်းအေးချမ်းတည်ငြိမ်ပြီး တရားဥပဒေ စိုးမိုးမှုရှိခြင်း၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေ ချောမွေ့လွယ်ကူခြင်းတို့ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကို နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းပြီး ကုန်စည်စီးဆင်းမှုများလွယ်ကူ မြန်ဆန်လာစေခြင်း၊ အရှုံးပေါ်နေသည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ စက်ရုံများကို ပြန်လည်သုံးသပ်ပြီး အကျိုးအမြတ်ရှိစွာ ဆက်လက်ဆောင်ရွက်ကာ ပြည်သူများ၏ စားဝတ်နေရေးပြည့်စုံအောင် ဆောင်ရွက်ပေး စေလိုကြောင်း ဆွေးနွေးသည်။
မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူက နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်း အချို့တွင် လိုငွေပြမှုများရှိနေ ခြင်းသည် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအပေါ် ဖိအားတိုးစေနိုင်သည့်အပြင် ရေရှည်တွင် နိုင်ငံ၏ဘဏ္ဍာရေး တည်ငြိမ်မှုကို အားနည်းစေနိုင်ကြောင်း၊ လိုငွေကို ဘဏ္ဍာရန်ပုံငွေမှ ဖြည့်ဆည်း ပေးခြင်းထက် လိုငွေဖြစ်ပေါ်ရသည့် အကြောင်းရင်း ကို သေချာစိစစ်၍ ပြုပြင်ရေးအစီအစဉ်များချမှတ်ရန်လိုအပ်ပြီး ဘက်ပေါင်းစုံမှ ပြန်လည်ရှုမြင်သုံးသပ် ဆောင်ရွက်ခြင်းဖြင့် ရလဒ်ကောင်းများ ပေါ်ထွန်းလာနိုင် မည်ဖြစ်ကြောင်း၊ လိုငွေဖြစ်ပေါ်နေသည့် လုပ်ငန်းတိုင်း သည် စီမံခန့်ခွဲမှုမှားယွင်းမှုကြောင့်ဟု တစ်ထစ်ချ သတ်မှတ်၍မရဘဲ ကုန်ကြမ်းနှင့် စွမ်းအင်စရိတ်မြင့်မားခြင်း၊ စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းစရိတ် များပြားခြင်း၊ ရောင်းချရသည့်ဈေးနှုန်းထက် ထုတ်လုပ်မှုစရိတ် ပိုမိုများပြားခြင်း၊ ပြည်သူများအတွက် ဝန်ဆောင်ခကို ကုန်ကျစရိတ်အောက် လျှော့ချသတ်မှတ်ထားခြင်းနှင့် လုပ်ငန်းလည်ပတ်မှု၊ ထိရောက်မှုနည်းပါးခြင်းတို့လည်း ဆက်စပ်နှီးနွှယ်နေ သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
အလားတူ ချင်းပြည်နယ် ကိုယ်စားလှယ် အမှတ် (၁၁) ပီကျိန်ငိုက်မန်၊ ကြည့်မြင်တိုင်မဲဆန္ဒနယ်မှ ဦးခင်လှိုင်နှင့် ကျောက်ကြီးမဲဆန္ဒနယ်မှ ဦးဟံသာဝင်း တို့ကလည်း အကြံပြုထောက်ခံဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည် ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ် ရယူခြင်းအစီအစဉ်တို့ကို ဆက်လက်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောင် ရွက်ရန်လျာထားပါကြောင်း အသိပေးကြေညာသည်။
ထို့နောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာ ငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့် ယင်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ(၂/၂၀၂၆) တို့နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူက ဘတ်ဂျက်လိုငွေလျှော့ချရာတွင် အစိုးရအသုံးစရိတ် ဖြတ်တောက်ခြင်း တစ်ခုတည်းသာမက အခွန်ပေး ဆောင်သူအရေအတွက် တိုးချဲ့ရန် လိုအပ်ခြင်း၊ အခွန် နှုန်းထားတိုးမြှင့်ခြင်းထက် အခွန်အခြေ (Tax Base) ကျယ်ပြန့်အောင် ဦးစားပေးဆောင်ရွက်ခြင်း၊ အခွန် ကောက်ခံမှုစနစ်ကို ရှင်းလင်းစေပြီး အခွန်ကင်းလွတ် ခွင့်များ ပြန်လည်သုံးသပ်သင့်ခြင်း၊ အခွန်တိမ်းရှောင်မှုကို တားဆီးခြင်းတို့ ဆောင်ရွက်ရန် လိုအပ်ခြင်း၊ ရေရှည်အကျိုးရှိသော ရင်းနှီးမြှုပ်နှံမှုများအတွက် စီမံခန့်ခွဲခြင်း၊ အခွန်ဝင်ငွေပိုမိုတည်ငြိမ်လာပြီး အစိုးရ၏ ချေးငွေအပေါ်မှီခိုမှုကိုလျှော့ချနိုင်စေရန် ဆောင်ရွက်ခြင်း၊ အစိုးရအသုံးစရိတ်များကို ထိရောက်စွာစီမံခန့်ခွဲ ခြင်း၊ အသုံးစရိတ်ကို လျှော့ချခြင်းထက် အသုံးစရိတ်၏ အကျိုးရှိမှုကိုမြှင့်တင်ရန် လိုအပ်ခြင်း၊ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ၏ ဘဏ္ဍာရေးစွမ်းအင်မြှင့်တင် ဆောင်ရွက်နိုင်ခြင်း၊ အစိုးရ၏ ဘဏ္ဍာရေး လိုအပ်ချက်အတွက် ဗဟိုဘဏ်မှ ငွေကြေးဖောင်းပွမှု အန္တရာယ်၊ ချေးငွေကို ဆက်တိုက်တိုးမြှင့်ပါက အတိုးပေးချေမှုနှင့် အနာဂတ်ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးမြင့်တက်လာနိုင်မှု၊ ရေရှည်စီးပွားရေး စွမ်းရည်တိုးတက်စေမည့် စီမံကိန်းများတွင် ဦးစားပေးအသုံးပြုရန် လိုအပ်မှု၊ ပြည်တွင်းဘဏ်များမှ အစိုးရကို ချေးငွေများစွာပေးရ သည့်အခါ ပုဂ္ဂလိကလုပ်ငန်းများအတွက် ချေးငွေရရှိမှု လျော့နည်းသွားနိုင်ပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနှင့် GDP တိုးတက်မှုအပေါ် ထိခိုက်သက်ရောက်မှု ရှိနိုင်ခြေတို့အား သတိထားရန်လို အပ်ကြောင်း ဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ်(၈) ဦးကြည်လင်းထက်က ၂၀၂၅–၂၀၂၆ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာအပေါ် ဆွေးနွေးရာတွင် မူလခန့်မှန်းငွေထက် ပြင်ဆင်ခန့်မှန်း ငွေ၌ ရငွေတိုးလာသော်လည်း သုံးငွေတိုးလာမှုပမာဏက ပိုမိုများပြားပြီး ဘတ်ဂျက်လိုငွေ တိုးမြင့်လာပါကြောင်း၊ ထို့ကြောင့် သုံးငွေတိုးလာရသည့် အဓိက အကြောင်းရင်းများ၊ မဖြစ်မနေတိုးမြှင့်သုံးစွဲရသည့် အသုံးစရိတ်များနှင့် ထပ်မံသုံးစွဲမည့်ငွေများမှ ရရှိလာမည့်အကျိုးရလဒ်များကို ရှင်းလင်းသုံးသပ်ရန် လိုအပ်ကြောင်း၊ ထို့ပြင် ဘတ်ဂျက်လိုငွေနှင့် GDP အချိုး တိုးလာမှုကို အလေးထားစိစစ်ရာ၌ လိုငွေဖြည့်ဆည်းသည့် နည်းလမ်း၊ ချေးငွေဝန်ထုပ်ဝန်ပိုး၊ အသုံးစရိတ်များ၏ အကျိုးရလဒ်နှင့် ငလျင်ကဲ့သို့သော သဘာဝ ဘေးကြောင့် ပြန်လည်ထူထောင်နေရမှုတို့ကိုပါ ဆက်စပ်ထည့်သွင်းစဉ်းစားသင့်ကြောင်း။
နှစ်အလိုက် ဘဏ္ဍာငွေအရအသုံး အကောင်အထည်ဖော်မှုကို လေ့လာရာတွင်လည်း ပမာဏ သက်သက်ကိုသာမကြည့်ဘဲ မူလရည်မှန်းချက်အပေါ် အကောင်အထည်ဖော်နိုင်မှု၊ ဘဏ္ဍာငွေထိရောက်စွာ အသုံးချနိုင်မှုနှင့် ပြည်သူများ လက်တွေ့ရရှိသည့် အကျိုးရလဒ်တို့ကိုပါ သုံးသပ်ရန်နှင့် သုံးငွေတိုးနှုန်းက ရငွေတိုးနှုန်းထက် ပိုမိုမြင့်မားနေသဖြင့် အဓိကသုံးစွဲ သည့်ကဏ္ဍများ၊ ရငွေတိုးတက်မှုနှင့် လိုက်လျော ညီထွေရှိမှု၊ မျှော်မှန်းရလဒ်ရရှိမှုတို့ကို အသေးစိတ် စိစစ်ရန်လိုအပ်ကြောင်း၊ ထို့ပြင် ဘတ်ဂျက်လိုငွေ တိုးလာမှု၏ အကြောင်းရင်းနှင့် နောင်လာမည့်ဘဏ္ဍာ ရေးနှစ်များအပေါ် သက်ရောက်နိုင်မှုကို ထည့်သွင်း စဉ်းစားရန်၊ ငွေလုံးငွေရင်းအသုံးစရိတ် တိုးလာမှုနှင့် အတူ စီမံကိန်းများ အချိန်မီပြီးစီးမှု၊ သတ်မှတ်အရည် အသွေးနှင့် ကိုက်ညီမှုနှင့် ပြည်သူများအတွက် လက်တွေ့အကျိုးကျေးဇူးရရှိမှုတို့ကို အကဲဖြတ်ရန် လိုအပ်ကြောင်း၊ ကြွေးမြီရငွေလျော့ကျသော်လည်း ကြွေးမြီဆိုင်ရာအသုံးစရိတ်တိုးလာမှုကို မှန်ကန်စွာ အဓိပ္ပာယ်ဖော်နိုင်ရန် အတွက် ကြွေးမြီ အမျိုးအစား၊ ကြွေးမြီသစ်ရယူမှုနှင့် ပြန်လည်ပေးဆပ်မှု ဖွဲ့စည်းပုံကို ခွဲခြားသိရှိရန်နှင့် ကြွေးမြီအရင်းပြန်ဆပ်ငွေနှင့် အတိုးပေးငွေတို့ကို သီးခြားဖော်ပြပေးခြင်းဖြင့် ဘဏ္ဍာရေးအခြေအနေကို ပိုမိုရှင်းလင်းစွာ သုံးသပ်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးသည်။
ကန်ကြီးထောင့် မဲဆန္ဒနယ်မှ ဒေါ်ခင်စောမူက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေ ရငွေ၊ သုံးငွေများအပေါ် နှစ်ပတ်လည်အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေအား လေ့လာ ကြည့်ရာတွင် ရငွေအပိုင်း၌ သာမန်ရငွေရရှိမှု ၉၉ ဒသမ ၉၇ ရာခိုင်နှုန်း၊ ငွေလုံးငွေရင်း ရရှိမှု ၇၆ ဒသမ ၄၂ ရာခိုင်နှုန်း၊ ကြွေးမြီ ရရှိမှု ၅၄ ဒသမ ၅၉ ရာခိုင်နှုန်း နှင့် စုစုပေါင်းရရှိမှု ၉၈ ဒသမ ၃၀ ရာခိုင်နှုန်းဖြစ်သည့် အတွက် လျာထားချက်နီးပါး အကောင်အထည်ဖော် နိုင်ခဲ့သည်ဟု သုံးသပ်ရရှိသော်လည်း ငွေလုံးငွေရင်း ရငွေနှင့် ကြွေးမြီရငွေတို့တွင် လျာထားချက်မပြည့်မီခဲ့သည်ကို တွေ့ရှိရကြောင်း၊ လျာထားသတ်မှတ်ထား သည့်ဝင်ငွေများ အပြည့်အဝရရှိနိုင်မှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ် သည့်အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ပြည်ပ နိုင်ငံများနှင့် သဘောတူစာချုပ်များကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး၊ ကဏ္ဍအသီးသီးမှ အကောင် အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများ ပြည့်ဝအောင် ဆောင်ရွက်နိုင်ရေးနှင့် ခေတ်စနစ်နှင့် ကိုက်ညီသော ဝင်ငွေခွန်များရရှိအောင် ဆောင်ရွက်ရေး စသည်တို့ အတွက် လက်တွေ့ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။
ထို့အတူ တနင်္သာရီတိုင်းဒေသကြီး ကိုယ်စား လှယ်အမှတ်(၁၀) ဦးသန်းအေး (ခ) ဦးတင်ဦး က ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါအစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်တို့ကို ဆက်လက်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်ဆောင်ရွက်ရန် လျာထားပါကြောင်း အသိပေး ကြေညာသည်။
ယင်းနောက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက လွှတ်တော်သို့ တင်သွင်းရာတွင် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ထပ်မံခွင့်ပြုပေးမည့် ဖြည့်စွက် ခွင့်ပြုငွေများအပါအဝင် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်း (RE) ကိုလည်း မူလခန့်မှန်းခြေငွေစာရင်း (BE) နှင့် နှိုင်းယှဉ်သုံးသပ်နိုင်ရန် ရေးဆွဲတင်ပြထား ကြောင်း၊ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများအနက် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ နိုင်ငံတော်သို့ ထည့်ဝင်ငွေ စသည့်နိုင်ငံတော်က ရရှိမည့်အသုံးစရိတ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များ၊ နိုင်ငံတော်၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဆိုင်ရာ အသုံးစရိတ်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့်ကျန်းမာ ရေးကဏ္ဍဆိုင်ရာ အသုံးစရိတ်များ၊ ကုန်ထုတ်လုပ်မှု တိုးမြင့်စေရေးနှင့်အလုပ် အကိုင်အခွင့်အလမ်း ပေါများစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသုံး စရိတ်များနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများအတွက် ပြန်လည် ပြုပြင်ခြင်း အသုံးစရိတ်များကို ဦးစားပေး၍ ခွင့်ပြုရန်ဆောင်ရွက်ခဲ့ကြောင်း။
ထို့ပြင် အမှန်တကယ် ထပ်မံလိုအပ်သည့် လစာ စရိတ်၊ ပင်စင်၊ ကုန်ကြမ်းဝယ်ယူခြင်း၊ ထုတ်လုပ်မှု စရိတ်၊ ပြည်ပအကူအညီရငွေများနှင့် ပြည်ပချေးငွေ များ ထပ်မံရရှိလာခြင်းကြောင့် လိုအပ်လာသည့် အသုံးစရိတ်နှင့် ပြည်ပချေးငွေအတွက် အရင်းနှင့် အတိုးပေးဆပ်ငွေများကိုလည်း စိစစ်ခွင့်ပြုခဲ့ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ လမ်းပန်းဆက်သွယ် မှုတိုးတက်ကောင်းမွန်ရေး၊ လျှပ်စစ်မီးနှင့် ရေရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အသုံးစရိတ်များနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးမှုများအတွက် ပြန်လည်ပြုပြင်ရေး အသုံးစရိတ်များကို ဖြည့်စွက်ခွင့်ပြုငွေတွင် ဦးစားပေး ခွင့်ပြုခဲ့ခြင်းကြောင့် အသုံးစရိတ်များ ထပ်မံလိုအပ်သဖြင့် လိုငွေတိုးလာရခြင်း ဖြစ်ပါကြောင်း သို့ဖြစ်ပါ၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာသည်။
ထို့နောက် တတိယအကြိမ် ပြည်ထောင်စု လွှတ်တော်တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးသတ္တမနေ့ ကျင်းပပြုလုပ်မည့်နေ့ရက်ကို ကြိုတင်အသိပေးမည်ဖြစ်ကြောင်းသိရသည်။
#News #Myanmar

No comments:
Post a Comment