ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ့ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ စွမ်းဆောင်နိုင်မှုအခြေအနေများနှင့် ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ့ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ စွမ်းဆောင်နိုင်မှုအခြေအနေများနှင့် ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ အောက်တိုဘာ ၁၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းလှည့်လည်၍ မြန်မာ့ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ စွမ်းဆောင်နိုင်မှုအခြေအနေများနှင့် ဆက်လက်တိုးချဲ့ဆောင်ရွက်သွားနိုင်မည့် အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ သီလဝါမီးရထားဘူတာရုံ၌ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက လက်ရှိ တိုးကြောင်ကလေး - သီလဝါရထားလမ်းပိုင်းဆိုင်ရာ အချက်အလက်များ၊ တိုးကြောင်ကလေး-သီလဝါ ရထားလမ်းပိုင်းအား ဒွေးလမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေး အပိုင်းအလိုက်တိုင်းတာမှုများပြုလုပ်ပြီး လုပ်ငန်းများလျာထား ဆောင်ရွက်လျက်ရှိမှု၊ သန်လျင်တံတားအမှတ်(၁)၏ တံတားဆိုင်ရာ အချက်အလက်များ၊ သီလဝါဘူတာယာဒ်ဝင်းများသို့ ဒွေးလမ်းများဝင်ရောက်မည့်ပုံစံနှင့် သီလဝါယာဒ်ဝင်း တိုးချဲ့မည့်အဆိုပြုပုံစံများ၊ လက်ရှိတိုးကြောင်းကလေး-သီလဝါရထားလမ်းပိုင်းအား အဆင့်မြှင့်တင်ပြုပြင်ပြီးစီးမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သီလဝါဆိပ်ကမ်းသည် မိမိတို့နိုင်ငံရှိ အဓိကဆိပ်ကမ်းကြီးများအနက်မှတစ်ခုဖြစ်ပြီး သီလဝါဆိပ်ကမ်းနှင့် စက်မှုဇုန်တို့မှ ကုန်ပစ္စည်းများအား ပိုမိုလွယ်ကူလျင်မြန်ချောမွေ့စွာ၊ ကုန်ကျစရိတ်သက်သာစွာဖြင့်ဖြန့်ဖြူးနိုင်ရေး တိုးကြောင်ကလေး-သီလဝါ ရထားလမ်းပိုင်းအား ဒွေးလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ ဒွေးလမ်းဖောက်လုပ်မည့် လျာထားလမ်းကြောင်းတစ်လျှောက်အား မြေပြင်ကွင်းဆင်း စစ်ဆေးတိုင်းတာတွက်ချက်၍ လမ်းကွေ့နေရာများ၊ ဆင်ခြေလျှောနေရာများ၊ တံတားနေရာများ၌စနစ်တကျဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ သီလဝါဘူတာမှ သီလဝါဆိပ်ကမ်းဝန်းအတွင်းသို့လည်း ရထားလမ်းတိုးချဲ့ဖောက်လုပ်ရန်နှင့် တိုးချဲ့မည့် ဒွေးလမ်းလမ်းကြောင်းတစ်လျှောက် ကြိုတင်ဆောင်ရွက်နိုင်သည့် မြေနေရာရှင်းလင်းခြင်းနှင့်မြေကြီးလုပ်ငန်းများ၊ တံတားလုပ်ငန်းများနှင့် ကျောက်ထုတ်လုပ်ငန်းများကို ကနဦးဆောင်ရွက်သွားရန်လိုကြောင်း၊ နောင်တစ်ချိန်တွင် လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေးအတွက်လည်း ယခုကတည်းက ကြိုတင်တွက်ချက်လျာထားစဉ်းစားဆောင်ရွက်ရန်လိုကြောင်းနှင့်အခြားလိုအပ်သည်များကိုလမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် သီလဝါဘူတာယာဒ်ဝန်းရှိ မီးရထားလမ်းအား သံလမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီမှုများအားကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များ၏တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ယင်းနောက် မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်း(MITT) သို့ရောက်ရှိရာ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ စွမ်းဆောင်နိုင်မှုအခြေအနေများနှင့် ပတ်သက်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ နောက်ခံသမိုင်းကြောင်း၊ မူဝါဒနှင့်လုပ်ငန်းတာဝန်များ၊ ကမ်းရိုးတန်းအရှည် ၁၂၆၀ ရေမိုင်ရှိ မြန်မာ့ဆိပ်ကမ်းများ၊ ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်ရေး(Maritime Trade) ဆောင်ရွက်နိုင်မှုနှင့် အကျိုးအမြတ်ရရှိမှုများ၊ နှစ်အလိုက် ဆိပ်ကမ်းတံတားများတိုးတက်လာမှု၊ ရန်ကုန်မြို့ ဆိပ်ကမ်းဧရိယာအတွင်းရှိ ဆိပ်ကမ်းတံတားများ၊ သီလဝါအပြင်ဆိပ်ကမ်းဧရိယာရှိ ဆိပ်ကမ်းတံတားများ၊ ရန်ကုန်ဆိပ်ကမ်း၏ နှစ်စဉ်ကုန်စည်ကိုင်တွယ်နိုင်စွမ်းများ၊ ရန်ကုန်-ဒလတံတားစီမံကိန်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ဆောင်ရွက်မှု၊ ပို့ကုန်မြှင့်တင်ရေးမူဝါဒနှင့်အညီ ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုကို အားပေးမြှင့်တင်လျက်ရှိမှု၊ ပင်လယ်ရေကြောင်းကုန်သွယ်မှုအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဆောင်ရွက်ပေးနေသည့် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများ၊ အထွေထွေကုန်စည်တံတားများ အဆင့်မြှင့်တင်ဆောင်ရွက်မည့် အစီအမံများ၊ ပို့ကုန်မြှင့်တင်ရေးမူဝါဒနှင့်အညီ ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုကို အားပေးမြှင့်တင်လျက်ရှိမှု၊ မိုးရာသီနှင့် ပွင့်လင်းရာသီကုန်ကိုင်တွယ်ရရှိမှု၊ Transshipment လုပ်ငန်း လက်ရှိဆောင်ရွက်နေမှု၊ နိုင်ငံဖြတ်သန်းကုန်သွယ်မှု (Transit Trade)ကို အားပေး မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်းတွင်း ကုန်သေတ္တာစခန်းနှင့် ပြည်တွင်းကမ်းရိုးတန်းဆိပ်ကမ်းများတည်ဆောက်ခြင်း၊ ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရေးအတွက် ကြပ်မတ်တွန်းအားပေးဆောင်ရွက်လျက်ရှိမှု၊ Semi Smart ကုန်သေတ္တာဆိပ်ကမ်း (Pilot Project)စီမံကိန်း လက်တွေ့အကောင်အထည်ဖော်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိမှု၊ ကုန်သေတ္တာဆိပ်ကမ်းများအလိုက် ဒီဂျစ်တယ်နည်းလမ်းဖြင့် ဆောင်ရွက်နေမှု၊ ပြည်ပနိုင်ငံများရှိ ဆိပ်ကမ်းများသို့ သွားရောက်၍ ဆိပ်ကမ်းလုပ်ငန်းများအား လေ့လာဆောင်ရွက်ခဲ့မှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက ပင်လယ်ဝမှ ဝင်ရောက်သည့် ရေလမ်းကြောင်းများ အမြဲကောင်းမွန်နေစေရေးအတွက် နှစ်စဉ်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်လိုကြောင်း၊ Smart Semi Port နှင့်ပတ်သက်၍ ဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ဆိပ်ကမ်းတွင် ကွန်တိန်နာသင်္ဘောများဆိုက်ကပ်မှုများ များပြားလာသည့်အချိန်တွင် ကွန်တိန်နာများကို ပိုမိုလျင်မြန်စွာဖြင့် ပို့ဆောင်နိုင်ရေး မော်တော်ယာဉ်များဖြင့်သာမက မီးရထားများဖြင့်ပါ ပို့ဆောင်နိုင်ရေး ဒွေးလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ အလားတူ ရန်ကုန်မြို့ရှိဆိပ်ကမ်းများသို့ ကွန်တိန်နာယာဉ်များ ဝင်ထွက်သွားလာမှုများ ပိုမိုလွယ်ကူလျင်မြန်စွာ ဝင်ရောက်ထွက်ခွာနိုင်ရေးအတွက် လမ်းများအဆင့်မြှင့်တင်တိုးချဲ့ခြင်းနှင့် တံတားများအဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၌လည်း ပမ္မဝတီဆိပ်ကမ်း အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်စေခဲ့ကြောင်း၊ အဆိုပါဆိပ်ကမ်း၌ ပုသိမ်မြစ် တစ်လျှောက်မှဝင်ရောက်လာသည့် တန်ချိန် ၂ သောင်းမှ ၃ သောင်းအထိတင်ဆောင် နိုင်သောသင်္ဘောကြီးများ ဝင်ရောက်ဆိုက်ကပ်နိုင်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ဆန်များနှင့် ကုန်ပစ္စည်းများကို သင်္ဘောများဖြင့် ပြည်တွင်း၊ ပြည်ပသို့ တင်ပို့နိုင်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွက် လိုအပ်သည့်ကုန်ပစ္စည်းများကိုလည်း သင်္ဘောများဖြင့် တင်ပို့နိုင်ကြောင်း။

ဆိပ်ကမ်းများတွင် သီလဝါဆိပ်ကမ်းသည် မိမိတို့နိုင်ငံအတွက် အရေးပါသည့် ဆိပ်ကမ်းတစ်ခုဖြစ်ပြီး ကုန်စည်များသယ်ယူပို့ဆောင်ရန်အတွက် ပိုမိုအဆင်ပြေသည့် ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဆိပ်ကမ်းလုပ်ငန်းများ တိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်ပတ်သက်၍ အာဆီယံတောင်ပိုင်းကုန်းတွင်းလမ်း ကိုတည်ဆောက်နိုင်ရန်အတွက် အချို့နိုင်ငံများကလည်း စိတ်ပါဝင်စားမှုရှိသည်ကို သိရှိရကြောင်း၊ မြိတ်နှင့် ကော့သောင်းတို့တွင် ကော့သောင်းသည် နယ်စပ်ဂိတ်မှတစ်ဆင့် ကုန်သွယ်မှုများကို ဆောင်ရွက်နိုင်ကြောင်း၊ ခရီးသွားလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကော့သောင်းဒေသကို စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း၊ ပုသိမ်၊ ရန်ကုန်၊ ထားဝယ်တို့ရှိ ဆိပ်ကမ်းများသည် အနာဂတ်ကာလတွင် မိမိတို့နိုင်ငံ၏ အဓိကဆိပ်ကမ်းများဖြစ်လာမည်ဖြစ်ကြောင်း၊ ထားဝယ်ဆိပ်ကမ်းအား နိုင်ငံတကာအတွက်ကုန်ပစ္စည်းများ Transit လုပ်ငန်းများလုပ်ဆောင်နိုင်ရန် ရည်ရွယ်ဆေင်ရွက်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့နှင့် ပုသိမ်မြို့တို့ရှိဆိပ်ကမ်းများသည် မိမိတို့ပြည်တွင်းကုန်စည်ပို့ဆောင်ရေးများအဆင်ပြေစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဆိပ်ကမ်းလုပ်ငန်းများအဆင်ပြေစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လို ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်း(MITT) အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry port) သို့ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရွာသာကြီးဘူတာယာဒ်ဝင်း တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေများ၊ ကုန်းတွင်းဆိပ်ကမ်း(Dry Port) ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ရွာသာကြီး မြစ်ငယ် - ရွာသာကြီး ကုန်သေတ္တာ ရထားပြေးဆွဲမှု၊ ရွာသာကြီး ဘူတာအဝင်လမ်းဘေး မီးရထားပိုင်မြေနေရာ နယ်နိမိတ်အား ခြံစည်းရိုး ကာရံပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များမေးမြန်းပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြေနေရာများကို အကျိုးရှိရှိဖြင့် ကျစ်ကျစ်လစ်လစ်အသုံးချနိုင်ရေး စနစ်တကျတွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးထားသည့် မြေနေရာများကိုလည်း ခွင့်ပြုပေးထားသည့်လုပ်ငန်းရပ်များနှင့်အညီ မှန်မှန်ကန်ကန်ဖြင့် အသုံးချသွားနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် ကုန်းတွင်းဆိပ်ကမ်း(Dry Port)အတွင်း မော်တော်ယာဉ်များဖြင့်လှည့်လည်၍ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)