နေပြည်တော်၊ အောက်တိုဘာ ၁၄
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ သန်လျင်ရေနံချက်စက်ရုံ (အပိုင်း - ၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်မြို့ရှိ အဆိုပါစက်ရုံနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဒေါက်တာစိုးဝင်း၊ ဒေါက်တာ သက်သက်ဇင်၊ ဦးမင်းနောင်၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အငြိမ်းစားအရာရှိကြီးများနှင့် စက်ရုံမှူးတာဝန်ထမ်းဆောင်ခဲ့ကြသူများ၊ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ Thanlyin Refinery Company နှင့် မိတ်ဖက်ကုမ္ပဏီများမှပညာရှင်များ၊ သန်လျင်ရေနံချက်စက်ရုံမှ ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ရောက်ရှိလာရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူလေးများက ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် အခမ်းအနားကိုစတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူတို့က သန်လျင်ရေနံချက်စက်ရုံ(အပိုင်း-၁) ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက သန်လျင်ရေနံချက်စက်ရုံ ပင်မထိန်းချုပ်ခန်းဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် စက်ရုံပင်မထိန်းချုပ်ခန်းအတွင်းရှိ သန်လျင်ရေနံချက်စက်ရုံ(အပိုင်း-၁) ပုံစံငယ်နှင့် ယခင်သန်လျင်ရေနံချက်စက်ရုံ၏ ခေတ်အဆက်ဆက် မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတော်အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများအားကြည့်ရှုရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် သန်လျင်ရေနံချက်စက်ရုံ၊ ပင်မထိန်းချုပ်ခန်းအတွင်း စက်စတင်လည်ပတ်နိုင်ရန်အတွက် ကုန်ကြမ်းများစတင်ပို့လွှတ်မှုအား Digital နည်းပညာဖြင့် စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ပင်မထိန်းချုပ်ခန်းအတွင်း ကြည့်ရှုစစ်ဆေးကာ နိုင်ငံတော်သမ္မတက သန်လျင်ရေနံချက်စက်ရုံ (အပိုင်း-၁) စက်ရုံဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။
ယင်းနောက် သန်လျင်ရေနံချက်စက်ရုံအတွင်း ဘာဂီယာဉ်ငယ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စက်သုံးဆီများထုတ်လုပ်သည့် နည်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ဆက်လက်ပြီး သန်လျင်ရေနံချက်စက်ရုံ(အပိုင်း-၁) ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို ကျင်းပပြုလုပ်ရာ ဦးစွာနိုင်ငံတော်သမ္မတက သန်လျင်ရေနံချက်စက်ရုံ (အပိုင်း-၁) ဖွင့်ပွဲအခမ်းအနားကို Digital နည်းပညာအသုံးပြု၍ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတက သန်လျင်ရေနံချက်စက်ရုံ(အပိုင်း-၁) ဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် စက်ရုံတစ်ရုံတည်ဆောက်ပြီးစီးမှုကို ဂုဏ်ပြုသည့် မှတ်တိုင်တစ်ခုသာမက နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ ပြည်တွင်းထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ရန်နှင့် ရေရှည်တည်တံ့သည့် စွမ်းအင်လုံခြုံမှုကိုတည်ဆောက်ရန်တို့အတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဝန်ကြီးဌာန၏ နှစ်(၄၀)ပြည့် ပတ္တမြားရတု အခမ်းအနားနှင့် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အခမ်းအနားတို့ကို ကျင်းပနိုင်ခဲ့သကဲ့သို့ ယနေ့တွင်လည်း ရေနံချက်စက်ရုံသစ်ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် ဝန်ကြီးဌာနအတွက် ဂုဏ်ယူဖွယ်ရာ မှတ်တိုင်တစ်ခု ဖြစ်ကြောင်း၊ ယခုအောင်မြင်မှုကိုအခြေခံပြီး နိုင်ငံတော်၏စွမ်းအင်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် ရေနံလုပ်ငန်းနှင့်ပတ်သက်ပြီး ရှည်လျားသည့် သမိုင်းကြောင်းရှိခဲ့ကြောင်း၊ သမိုင်းမှတ်တမ်းများအရ ၁၈၇၁ ခုနှစ်ကတည်းက “ရန်ကုန်ရေနံကုမ္ပဏီ” အမည်ဖြင့် ရေနံချက်လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်ကို လေ့လာသိရှိရကြောင်း၊ ထို့နောက် ၁၉၂၅ ခုနှစ်တွင် ဘီအိုစီကုမ္ပဏီလီမိတက်က တစ်ရက်ကို ရေနံစိမ်းဂါလန် ၈ သိန်းချက်လုပ်နိုင်သည့် သန်လျင်ရေနံချက်စက်ရုံကို တည်ဆောက်ခဲ့ပြီး ပြည်တွင်းရေနံမြေများက ရရှိသည့်ရေနံစိမ်းများကို ပိုက်လိုင်းများဖြင့် ပို့ဆောင်ချက်လုပ်ပြီး ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပတင်ပို့မှုတို့အတွက် ဆောင်ရွက်ခဲ့ကြောင်း။
ဒုတိယကမ္ဘာစစ်ကာလအတွင်း ရေနံလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရသော်လည်း ပြန်လည်ပြုပြင်တည်ဆောက်နိုင်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ရေနံချက်စက်ရုံကို ပြန်လည်လည်ပတ်နိုင်ခဲ့ကြောင်း၊ နောက်ပိုင်းတွင်လည်း စက်ရုံကို အဆင့်ဆင့်တိုးချဲ့တည်ဆောက်ခဲ့ကြောင်း၊ သို့သော်ကုန်ကြမ်းရရှိမှု၊ ထုတ်လုပ်မှုနည်းပညာ၊ ထုတ်ကုန်အရည်အသွေးနှင့် ဈေးကွက်လိုအပ်ချက်တို့အကြား ဟန်ချက်မညီပါက စက်ရုံတည်ရှိနေရုံဖြင့် ရေရှည်အောင်မြင်မှုကိုမရနိုင်သည်ကို သင်ခန်းစာယူကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ရေနံချက်စက်ရုံသစ်ကို တည်ဆောက်လည်ပတ်ရာတွင်လည်း စက်ရုံတည်ဆောက်ရေး တစ်ခုတည်းကိုသာ အာရုံစိုက်မနေဘဲ ကုန်ကြမ်းလုံလောက်မှု၊ ထုတ်လုပ်မှုစွမ်းဆောင်ရည်၊ ထုတ်ကုန်အရည်အသွေးနှင့် စီးပွားရေးအရ အကျိုးအမြတ်ရှိမှုတို့ကိုလည်း တစ်ပြိုင်တည်း စနစ်တကျ စီမံဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။
ယနေ့တွင် စီမံကိန်းပထမအဆင့် (Phase I) စက်ရုံသစ်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအောင်မြင်မှုသည်စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ ကာယ၊ ဉာဏလုပ်သားများ၊ မိတ်ဖက်ကုမ္ပဏီကြီးများ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သဖြင့် သက်ဆိုင်သူအားလုံးကို အသိအမှတ်ပြုဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း။
သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စက်ရုံလည်ပတ်မှု၊ ထုတ်လုပ်မှုစွမ်းဆောင်ရည်၊ စက်ပစ္စည်းပြုပြင်ထိန်းသိမ်းမှု၊ စွမ်းအင်သုံးစွဲမှုနှင့် ထုတ်ကုန်အရည်အသွေးတို့ကို စဉ်ဆက်မပြတ်စောင့်ကြည့် သုံးသပ်ကြရန်နှင့် သတ်မှတ်ထားသည့် ရည်မှန်းချက်များနှင့် လက်တွေ့ရလဒ်များအကြား ကွာဟချက်ရှိပါက အကြောင်းရင်းများကို အချိန်မီဖော်ထုတ်ပြီး ပြင်ဆင်ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း။
စီမံကိန်းဒုတိယအဆင့် (Phase II) အနေဖြင့် တိုးချဲ့ရေနံချက်စက်ရုံကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ထိုအဆင့်တွင် ရည်မှန်းထားသည့် အဆင့်မြင့်စက်သုံးဆီများနှင့် ရေနံဓာတုထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် စက်ရုံတည်ဆောက်ရေးတစ်ခုတည်းကိုသာ အာရုံစိုက်၍မရကြောင်း၊ စီမံကိန်းအဆင့်အားလုံးပြီးစီးပြီး စက်ရုံလည်ပတ်လာသည့်အခါ လက်တွေ့ထုတ်လုပ်နိုင်မည့် ပမာဏ၊ ထုတ်ကုန်အမျိုးအစား၊ ပြည်တွင်းဈေးကွက်လိုအပ်ချက်နှင့် ကုန်ကြမ်းရရှိနိုင်မှုတို့ကိုအခြေခံပြီး စီမံကိန်း၏အကျိုးဖြစ်ထွန်းမှုကို သေချာစွာစိစစ်သွားကြရန် လိုအပ်ကြောင်း။
မိမိအနေဖြင့် အလေးထားမှာကြားလိုသည်မှာ စက်ရုံစွမ်းရည်တိုးမြှင့်ရေးနှင့်အတူ စက်ရုံ၏ရေရှည်လည်ပတ်နိုင်စွမ်း၊ စီးပွားရေးအရ အကျိုးရှိမှုနှင့်ထုတ်ကုန်အရည်အသွေးတို့ကို တစ်ပြိုင်တည်း မြှင့်တင်သွားကြရန်ဖြစ်ကြောင်း၊ အဆိုပါရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် ပထမလိုအပ်ချက်မှာ ရေနံစိမ်းကုန်ကြမ်း လုံလောက်စွာ ရရှိရေးပင်ဖြစ်ကြောင်း၊ စက်ရုံစွမ်းရည်မည်မျှပင်မြင့်မြင့် ကုန်ကြမ်းမလုံလောက်ပါက သတ်မှတ်ထားသည့် ထုတ်လုပ်မှုရည်မှန်းချက်များကို မပြည့်မီနိုင်သောကြောင့် ပြည်တွင်းရေနံထုတ်လုပ်မှုတိုးမြှင့်ရေး၊ ရရှိနိုင်သည့်ရေနံစိမ်းများကို ထိရောက်စွာ အသုံးချနိုင်ရေးနှင့်လိုအပ်သည့် ကုန်ကြမ်းများကို စဉ်ဆက်မပြတ်ရရှိနိုင်ရေးတို့အတွက် ဦးစားပေးဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း။
ထို့ပြင် ပြည်တွင်းက ထုတ်လုပ်သည့်ရေနံစိမ်းနှင့် ပြည်ပကရရှိနိုင်သည့် ကုန်ကြမ်းများကို ပေါင်းစပ်စီမံခန့်ခွဲပြီး စက်ရုံများ၏ လိုအပ်ချက်နှင့်ကိုက်ညီအောင် စီစဉ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ထုတ်လုပ်မှုတိုးမြှင့်နိုင်ရုံဖြင့် ပြည်သူများအတွက် အကျိုးကျေးဇူး အပြည့်အဝရရှိမည်မဟုတ်ကြောင်း၊ ထုတ်ကုန်များကို အချိန်မီနှင့် ထိရောက်စွာဖြန့်ဖြူးပေးနိုင်ရန်၊ ကုန်ကျစရိတ်များကိုလည်း ထိန်းချုပ်နိုင်ရန် အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ပြည်တွင်း၌ စက်သုံးဆီထုတ်လုပ်မှု တိုးမြှင့်ရခြင်းသည်ပြည်ပက တင်သွင်းမှုကို အစားထိုးနိုင်ရန် တစ်ခုတည်းအတွက်မဟုတ်ကြောင်း၊ နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ရန် ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍများအတွက် လိုအပ်သည့်စွမ်းအင်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် နိုင်ငံတော်အတွက် ရေရှည်တည်တံ့သည့် စီးပွားရေးအကျိုးအမြတ်များ ရရှိစေရန်လည်းဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါရည်မှန်းချက်များ အမှန်တကယ်အောင်မြင်ရန်အတွက် ကုန်ကြမ်းဝယ်ယူမှုမှစတင်ပြီး ရေနံချက်လုပ်မှု၊ သိုလှောင်မှုနှင့် ဖြန့်ဖြူးမှုအထိ အဆင့်ဆင့်တိုင်းတွင် ကုန်ကျစရိတ်များကို ခြုံငုံသုံးသပ်ပြီး ထိရောက်စွာစီမံခန့်ခွဲသွားကြရန်လိုအပ်ကြောင်း။
စွမ်းအင်လုံခြုံမှုရှိစေရန် ပြည်ပက စွမ်းအင်နှင့်ကုန်ကြမ်းများကို အလွန်အမင်းမှီခိုနေရခြင်းကို လျှော့ချရန်လိုအပ်ကြောင်း၊ ထို့အပြင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို သင့်လျော်သလို ပေါင်းစပ်အသုံးပြုရန်၊ စွမ်းအင်သိုလှောင်နိုင်မှုနှင့် အရေးပေါ်အခြေအနေများတွင် ထိရောက်စွာတုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ရန်လည်း လိုအပ်ကြောင်း၊ တစ်ချိန်တည်း၌ပင် စွမ်းအင်ကို အလေအလွင့်မရှိဘဲ ထိရောက်စွာအသုံးပြုနိုင်ရေးကိုလည်း ဟန်ချက်ညီညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ကမ္ဘာ့စွမ်းအင်ကဏ္ဍကို လေ့လာကြည့်မည်ဆိုပါက နည်းပညာနှင့် ဈေးကွက်အခြေအနေများသည် အလျင်အမြန်ပြောင်းလဲတိုးတက်လျက်ရှိနေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လက်ရှိစွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ရေရှည်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ခုစလုံးကို ဟန်ချက်ညီညီ စဉ်းစားဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဲ့သို့ စွမ်းအင်အရင်းအမြစ်များကိုလည်း ထိရောက်စွာအသုံးချသွားရမည်ဖြစ်သကဲ့သို့ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုရေး၊ စွမ်းအင်ချွေတာရေးနှင့် နည်းပညာအသစ်များ ဖော်ထုတ်အသုံးချရေးတို့ကိုလည်း တစ်ပြိုင်နက်တည်း အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
ထို့အပြင် ခေတ်မီရေနံချက်စက်ရုံတစ်ရုံ ရေရှည်အောင်မြင်ရန်အတွက် စက်ပစ္စည်းနှင့်နည်းပညာများ ခေတ်မီရုံဖြင့် မလုံလောက်ဘဲ အဆိုပါနည်းပညာများကို ထိထိရောက်ရောက် အသုံးချနိုင်သည့် ပြည်တွင်းပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားများရှိရန်လည်း လိုအပ်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
အလားတူ ဒစ်ဂျစ်တယ်စနစ်များ၊ အလိုအလျောက်ထိန်းချုပ်မှုစနစ်များနှင့် ဉာဏ်ရည်တု(AI) နည်းပညာများကိုလည်း လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီသည့်နေရာများတွင် အသုံးချသွားရန်လိုအပ်ကြောင်း၊ အထူးသဖြင့်စက်ပစ္စည်းများ မချို့ယွင်းမီ ကြိုတင်ခန့်မှန်းနိုင်ရန်၊ စွမ်းအင်ကို ထိရောက်စွာအသုံးပြုနိုင်ရန်၊ ထုတ်လုပ်မှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နိုင်ရန်နှင့် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်ဖော်ထုတ်နိုင်ရန် နည်းပညာများကို လက်တွေ့အကျိုးရလဒ်ရရှိအောင် အသုံးချသွားကြရမည်ဖြစ်ကြောင်း။
တစ်ချိန်တည်း၌ပင် ရေနံချက်လုပ်ငန်းသည် ဘေးအန္တရာယ်ဖြစ်နိုင်ခြေမြင့်မားသည့် စက်မှုလုပ်ငန်းတစ်ခုဖြစ်သည့်အတွက် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထူးအလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စက်ရုံလည်ပတ်မှုအဆင့်တိုင်း၌ အန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်စိစစ်ရန်၊ မီးဘေးနှင့်အရေးပေါ်အခြေအနေများအတွက် အသင့်ပြင်ဆင်ထားရန်၊ စက်ပစ္စည်းများကို ပုံမှန်စစ်ဆေးထိန်းသိမ်းရန်နှင့် ရေဆိုး၊ လေထုညစ်ညမ်းမှုများကို ထိန်းချုပ်ရန် စနစ်တကျဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယင်းတို့သည် လုပ်ငန်းကို ရေရှည်တည်တံ့ပြီး ဘေးကင်းလုံခြုံစွာ လည်ပတ်နိုင်ရန် မဖြစ်မနေလိုအပ်သည့် အခြေခံအချက်များဖြစ်ကြောင်း။
ထုတ်လုပ်မှုရည်မှန်းချက်များပြည့်မီအောင် ဆောင်ရွက်ရာတွင်လည်း ဘေးကင်းလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစံနှုန်းများကို အလျှော့ပေး၍မရကြောင်း၊ ထို့ကြောင့် ဝန်ထမ်းတစ်ဦးချင်းစီအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို တိတိကျကျလိုက်နာကြရန်လိုအပ်ကြောင်း၊ ထို့အပြင်အန္တရာယ်ဖြစ်နိုင်သည့် အခြေအနေများကိုလည်း အချိန်မီသတင်းပို့တင်ပြနိုင်သည့် လုပ်ငန်းခွင်ယဉ်ကျေးမှုတစ်ရပ်ကို အားလုံးဝိုင်းဝန်း တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း။
ယနေ့ ဖွင့်လှစ်လိုက်သည့် ရေနံချက်စက်ရုံသစ်သည် ပြည်တွင်းရေနံချက်လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ ယင်းအောင်မြင်မှုကိုအခြေခံပြီး နောက်ဆက်တွဲစီမံကိန်းများကိုလည်း သတ်မှတ်ချိန်အတွင်းပြီးစီးရေး၊ အရည်အသွေးပြည့်မီရေးနှင့် စီးပွားရေးအရ အကျိုးရှိစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
စီမံကိန်းတည်ဆောက်ရေးနှင့် လည်ပတ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စက်ရုံဝန်ထမ်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ Thanlyin Refinery Company နှင့် မိတ်ဖက်ကုမ္ပဏီများမှ ပညာရှင်များနှင့် လုပ်သားများအားလုံး၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုချီးကျူးလိုပါကြောင်း၊ ရှေ့ဆက်ဆောင်ရွက်ကြမည့် စီမံကိန်းအဆင့်များကိုလည်း ယခုကဲ့သို့ပင် စည်းစည်းလုံးလုံး၊ တာဝန်ယူမှုရှိရှိဖြင့် မိမိတို့၏ ကျွမ်းကျင်မှုများကို အပြည့်အဝအသုံးချပြီး အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော်သွားကြရန် တိုက်တွန်းလိုကြောင်း။
လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုကုန်ထုတ်လုပ်မှုနှင့် ပြည်သူများ၏ နေ့စဉ်လူမှုဘဝအတွက်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ထို့ကြောင့် စွမ်းအင်စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရေး၊ ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှုရှိရေး၊ နည်းပညာနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ဟန်ချက်ညီညီ ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။
ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ရေနံချက်လုပ်ရေးနှင့် ရေနံဓာတုဗေဒကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရာတွင် လက်တွေ့အကောင်အထည်ဖော်နိုင်မှုနှင့် ရေရှည်အကျိုးရှိမှုကို အဓိကထားပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးရှိသည့်ရလဒ်များ ရရှိလာအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် “နိုင်ငံတော်အတွက် စွမ်းအင်ဖူလုံမှုမှသည် စွမ်းအင်အမှီအခိုကင်းရေးအထိ” ဟူသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် စွမ်းအင်ဖူလုံရေး၊ စွမ်းအင်လုံခြုံရေးနှင့် ရေရှည်တည်တံ့သည့် စွမ်းအင်ဖွံ့ဖြိုးရေးတို့ကိုအခြေခံပြီး လုပ်ငန်းစဉ်တစ်ခုချင်းစီကို စနစ်တကျ၊ အစီအစဉ်တကျဖြင့် ခိုင်ခိုင်မာမာဆက်လက် အကောင်အထည်ဖော်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ဝန်ထမ်းများအားလုံး၏ စုစည်းညီညွတ်သည့် အင်အား၊ တာဝန်ယူမှု၊ ဆန်းသစ်တီထွင်လိုစိတ်နှင့် စဉ်ဆက်မပြတ်လေ့လာသင်ယူမှုတို့ဖြင့် နိုင်ငံတော်နှင့် ပြည်သူများအတွက်အကျိုးရှိသည့် စွမ်းအင်ဆိုင်ရာလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ကြပါစေရန်နှင့် “စွမ်းအင်ပြည့်ဖြိုး နိုင်ငံ့အကျိုး” ဟူသော ဝန်ကြီးဌာန၏ ဆောင်ပုဒ်နှင့်အညီ စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အောင်မြင်စွာ ဖြည့်ဆည်းဆောင်ရွက်နိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ယင်းနောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သန်လျင်ရေနံချက်စက်ရုံ (အပိုင်း - ၁) အကောင်အထည်ဖော်တည်ဆောက်ခဲ့မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် သန်လျင်ရေနံချက်စက်ရုံ(အပိုင်း-၁) အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုအား ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သန်လျင်ရေနံချက်စက်ရုံ(အပိုင်း-၁) ဖွင့်ပွဲအခမ်းအနားအထိမ်အမှတ် စက်ရုံပုံစံငယ်အား ဂါရဝပြုပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတက သန်လျင်ရေနံချက်စက်ရုံ(အပိုင်း-၁) အောင်မြင်စွာ အကောင်အထည်ဖော်တည်ဆောက်ခဲ့သည့် ပညာရှင်များအား အမှတ်တရဂုဏ်ပြု သစ်သီးခြင်းလက်ဆောင်ကို ပေးအပ်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် သန်လျင်ရေနံ ချက်စက်ရုံအပိုင်း(၂) တည်ဆောက်မည့်နေရာသို့ သွားရောက်ကြပြီး ရေနံချက်စက်ရုံအပိုင်း(၂) တည်ဆောက်ရေးစီမံကိန်းရှင်းလင်းဆောင်၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သန်လျင်ရေနံချက်စက်ရုံအပိုင်း(၂)အား ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ထားသည့် စွမ်းအင်ပြတိုက်(Energy Museum)အတွင်း ပြသထားသည့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုသမိုင်းကြောင်းဆိုင်ရာ ပြကွက်များနှင့် ပစ္စည်းများခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar




No comments:
Post a Comment