ကွန်ဂိုမှာ အီဘိုလာကြောင့် သေဆုံးသူ ၄ ထောင်ကျော်သွားပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကွန်ဂိုမှာ အီဘိုလာကြောင့် သေဆုံးသူ ၄ ထောင်ကျော်သွားပြီ


အောက်တိုဘာ - ၁၅ ( ကြာသပတေးနေ့ ) 

ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံ  မှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၄,၄၀၀ ကျော်သွားပြီဖြစ်ပြီး၊ ရောဂါစတင်ဖြစ်ပွားချိန်ကစလို့ ကူးစက်ခံရသူ စုစုပေါင်း ၉,၁၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးထုတ်ပြန်ချက်တွေအရ အတည်ပြုလူနာ ၉,၁၄၄ ဦးအနက် ၄,၄၁၀ ဦး သေဆုံးခဲ့ပြီး၊ သေဆုံးနှုန်းကတော့ ၄၈.၂ ရာခိုင်နှုန်း ရှိပါတယ်။ ကူးစက်မှုအသစ် အများစုကိုတော့ ရောဂါဖြစ်ပွားမှုရဲ့ ဗဟိုချက်ဖြစ်တဲ့ အီတူရီပြည်နယ် မှာ အများဆုံး တွေ့ရှိရပြီး၊ ကူးစက်ခံရမှု အားလုံးရဲ့ သုံးပုံနှစ်ပုံနီးပါး ရှိနေပါတယ်။ ပြည်နယ် ၇ ခုအတွင်းက ကျန်းမာရေးဇုန် ၆၅ ခုမှာ ရောဂါကူးစက်မှုတွေ ဖြစ်ပွားထားပါတယ်။

အဆိုပါ ရောဂါဖြစ်ပွားမှုကို မေလ ၁၅ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး၊ အခုဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်အမျိုးအစားကတော့ အတည်ပြုထားတဲ့ ကာကွယ်ဆေး သို့မဟုတ် တိကျတဲ့ ကုသဆေး တစ်စုံတစ်ရာ မရှိသေးတဲ့ ဘန်ဒီဘူဂျို  အမျိုးအစား အီဘိုလာဗိုင်းရပ်စ် ဖြစ်ပါတယ်။

ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ  ရောဂါကူးစက်မှုဟာ နိုင်ငံရဲ့ နယ်နိမိတ် ကို ကျော်လွန်ပြီး ကင်ညာနိုင်ငံအထိ ပျံ့နှံ့သွားခဲ့ပါပြီ။ ကင်ညာနိုင်ငံ နိုရာဘီမြို့ ဆေးရုံတစ်ရုံမှာ ကွန်ဂိုနိုင်ငံမှာ ၇ နှစ်ကြာ နေထိုင်ခဲ့ဖူးတဲ့ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပြီးနောက်မှာတော့ ကင်ညာနိုင်ငံအနေနဲ့ ၎င်းတို့ရဲ့ ပထမဆုံးအကြိမ် အီဘိုလာလူနာတစ်ဦးကို အတည်ပြုနိုင်ခဲ့တယ်လို့ RT Africa သတင်းဌာနက ဖော်ပြထားပါတယ်။ 

အဲဒီလူနာဟာ ကင်ညာနိုင်ငံကို မရောက်ရှိမီ အစောပိုင်းက ယူဂန်ဒါနိုင်ငံကို ဖြတ်သန်းလာခဲ့တာဖြစ်ပြီး၊ အောက်တိုဘာ ၃ ရက်နေ့က ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ကင်ညာအာဏာပိုင်တွေဟာ အဆိုပါလူနာနဲ့ ထိတွေ့ခဲ့သူ ၂၈ ဦးကို ရှာဖွေတွေ့ရှိထားပြီး၊ ၎င်းလိုက်ပါလာတဲ့ လေယာဉ်ပေါ်က ခရီးသည်တွေနဲ့ လေယာဉ်အဖွဲ့သား ၂၇ ဦးကိုလည်း ဆက်လက်စုံစမ်း ရှာဖွေလျက်ရှိပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကွန်ဂိုကျန်းမာရေးဝန်ကြီး က ဒီလအစောပိုင်းမှာ ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလာတာနဲ့ တက်ကြွစွာ ကူးစက်ပျံ့နှံ့နေတဲ့ နေရာတွေ လျော့နည်းလာတာကို ထောက်ပြပြီး ရောဂါဖြစ်ပွားမှု အထွတ်အထိပ်ကာလကို ကျော်လွန်သွားပြီလို့ ပြောကြားခဲ့ပါတယ်။

 ဒါပေမဲ့ အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (Africa CDC) ကတော့ ရောဂါကူးစက်ပျံ့နှံ့မှုကို လုံးဝ ထိန်းချုပ်နိုင်သေးခြင်းမရှိသေးကြောင်း သတိပေးခဲ့ပြီး၊ ထိခိုက်ခံရတဲ့ ဒေသတွေမှာ လုံခြုံရေး မခိုင်မာမှုတွေ ရှိနေတာကြောင့် ရောဂါစောင့်ကြည့် ထိန်းချုပ်ရေး လုပ်ငန်းတွေကို ထိခိုက်စေခဲ့တယ်လို့ ဖော်ပြထားပါတယ်။


REF: RT

#Myanmar #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)