ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲနေ့အခမ်းအနားသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲနေ့အခမ်းအနားသို့ တက်ရောက်






ဘားအံ၊ အောက်တိုဘာ ၂

ပြည်ထဲရေးဝန်ကြီးဌာန၊ ((၆၂)နှစ်မြောက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်မိန့်ခွန်းပြောကြားသည်။

အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားချက်များအား လုပ်ငန်းလမ်းညွှန်ချက်အဖြစ်ခံယူ၍ လိုက်နာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်သူလူထု၏လေးစားယုံကြည်မှု ပိုမိုရရှိစေဖို့ ရဲတပ်ဖွဲ့ဝင်များ သည် အဂတိကင်းရှင်းကြရမည့်အပြင် တပ်ဖွဲ့ကချမှတ်ထားသည့် စည်းကမ်း၊ ကျင့်ဝတ်များကို လိုက်နာစောင့်ထိန်းပြီး လူမှုအဖွဲ့အစည်းတစ်ရပ်လုံးကို ဥပဒေနှင့်အညီလုံခြုံအောင် အကာအကွယ်ပေး စောင့်ရှောက်သွားရန်တိုက်တွန်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင်ပေးပို့သည့်သဝဏ်လွှာအား ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်ဦးကဖတ်ကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုငွေများ ဆက်လက်ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က အမှုကြီးတရားစွဲတင်နိုင်မှုအများဆုံးမြို့နယ်ဆုရ ဘားအံမြို့နယ်ရဲတပ်ဖွဲ့၊ ထိရောက်ကြိုကာ အများဆုံးဖမ်းနိုင်မှု မြို့နယ်ဆုရ မြဝတီမြို့နယ်ရဲတပ်ဖွဲ့နှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သော ကျောင်းသူတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများပေးအပ်ချီးမြှင့်ပြီး၊ ရဲလုပ်ငန်း စွမ်းဆောင်ရည်ဆုရ ရဲအရာရှိ တပ်ဖွဲ့ဝင်များနှင့် တရားမဝင်ကုန်ပစ္စည်းများ အများဆုံးဖမ်းဆီးနိုင်သည့်ပထမ၊ ဒုတိယ၊ တတိယဆုရ ရဲစခန်းများအား ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်Video Clip ပြသခြင်းကို ကြည့်ရှုအားပေးကာ ဆုရရဲတပ်ဖွဲ့ဝင်များနှင့်အတူစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးပြီး ထူးချွန်ဆုရ တပ်ဖွဲ့ဝင်များ၊ အခမ်းအနားသို့တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြား၍ (၆၂) နှစ်မြောက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော ပြခန်းနှင့် မှုခင်းပညာပေးမှတ်တမ်း ဓာတ်ပုံများအား ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ‌အောက်တိုဘာ ၁ ရက် မွန်းလွဲ ၁ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ နှစ်စဉ်‌အောက်တိုဘာ ၁ ရက်နေ့တွင် ကမ္ဘာတစ်ဝှမ်းကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ (International Day of Older Persons) အခမ်းအနားသို့တက်ရောက်အမှာစကားပြောကြားသည်။

ဦးစွာပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သက်ကြီးပုဂ္ဂိုလ်များအပေါ် လေးစားကြည်ညိုတတ်သည့် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းများကို  မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်းနိုင်စေဖို့ အပြည်ပြည်ဆိုင်ရာ သက်ကြီး ပုဂ္ဂိုလ်များနေ့ကို  နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ်၁၉၉၉ ခုနှစ်မှစတင်၍ နှစ်စဉ်မပျက်မကွက် ကျင်းပခဲ့ကြောင်းနှင့် မိမိတို့ပြည်နယ်တွင်လည်း ကျင်းပပြုလုပ်ပေး လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြန်မာနိုင်ငံ သက်ကြီးပုဂ္ဂိုလ်ပြုစုစောင့်ရှောက် ရေးနှင့် အခွင့်အရေးဆိုင်ရာဆောင်ရွက်ချက်များ ဗီဒီယိုမှတ်တမ်းနှင့် ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် ကျင်းပခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်တွင် ကရင်ပြည်နယ်၏မြို့တော်ဘားအံမြို့အနေဖြင့် ၂၀၂၆ ခုနှစ်အတွက် ပဉ္စမအကြိမ်မြောက် သန့်ရှင်းသောဆု ရရှိခဲ့သည့် ဆောင်ရွက်ချက်များ ဗီဒီယိုမှတ်တမ်းအားကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးက အသက်အကြီးဆုံးအဘိုးတစ်ဦးနှင့် အဘွားတစ်ဦးအား ဂုဏ်ပြုထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ကန်တော့ပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်ဝန်ကြိးများနှင့်ဇနီးများ၊ ပြည်နယ်အ ဆင့်ဌာနဆိုင်ရာများနှင့်လူမှု‌‌ရေးအသင်းအဖွဲ့များက ဂုဏ်ပြုထောက်ပံ့ငွေများနှင့် ပစ္စည်းများအား အဘိုးအဘွားများထံ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ကရင်ယဉ်ကျေးမှုအဖွဲ့က အဘိုးအဘွားများအား ဒုံးယိမ်းညသီချင်းဖြင့်ကပြဖျော်ဖြေပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဘိုးအဘွားများအား နွေးထွေးရင်းနှီးစွာ လိုက်လံအားပေးစကားပြောကြား၍ အဘိုးအဘွားများအား ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် အောက်တိုဘာ ၁ ရက် နေ့လယ် ၁၁ နာရီခွဲခန့်က  ဘားအံမြို့နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၌ ကျင်းပသည့် ဆရာ ဆရာမများ၊ အဆောင်နေ ကျောင်းသား၊ ကျောင်းသူများပါဝင်သော အထူးနေ့လယ်စာစားပွဲသို့ တက်ရောက်ချီးမြှင့်အမှာစကားပြောကြားသည်။

အဆိုပါအထူးနေ့လယ်စာစားပွဲတွင်  ပြည်နယ်ဝန်ကြီးချုပ်က မောင်တို့မယ်တို့အနေဖြင့် စက်မှုလက်မှု နည်းပညာ ဘာသာရပ်များကို ကြိုးစားသင်ယူပြီး တစ်ဆင့်မြင့်နှင့် အဆင့်မြင့်ပညာကို တက်ရောက်သင်ကြားသင်ယူနိုင်ရန် ကြိုးစားစေလိုကြောင်း အနာဂတ်တိုင်းပြည်မှ နည်းပညာထူးချွန်ထက်မြတ်သည့် ပညာရှင်များဖြစ်အောင် ကြိုးစားစေလိုကြောင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့‌ငွေများ‌ပေးအပ်ချီးမြှင့်ရာ အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆရာ ဆရာမများ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)