နေပြည်တော်၊ အောက်တိုဘာ ၁၆
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ အားကစားရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ လူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့်အတူ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဝန်ကြီးချုပ်များက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အမှာစကားပြောကြားရာတွင် ယနေ့ခေတ်ကာလသည် ဆန်းသစ်သည့်နည်းပညာများနှင့်အတူ တိုးတက်ပြောင်းလဲနေသည့် ကမ္ဘာကြီးဖြစ်သည်နှင့်အညီ မျိုးဆက်သစ်လူငယ်များကို လက်လှမ်းမီနိုင်ရန်အတွက် ဘက်ပေါင်းစုံကောင်းမွန်ပြည့်စုံအောင် လေ့ကျင့်သင်ကြားပေးရန်လိုအပ်ကြောင်း၊ လူငယ်များ၏ စူးစမ်းလိုသည့်စိတ်၊ တီထွင်ဖန်တီးလိုသည့်စိတ်၊ ကျိုးကြောင်းဆီလျော်စွာဖြင့် စဉ်းစားဝေဖန်ပိုင်းခြားနိုင်သည့်စိတ်များအပြင် မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်းလာစေရန်အတွက် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်က ထုတ်ပြန်ထားသည့် ဥပဒေများကိုလည်း သိရှိလေးစားလိုက်နာပြီး စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ကြစေရန်၊ ကျင့်ဝတ်သိက္ခာပြည့်ဝပြီး အတ္တပရမျှမျှတတနှင့် လူမှုတာဝန်များကို ကျေပွန်စွာပြုမူနေထိုင်တတ်စေရန်ကိုလည်း လမ်းပြသွန်သင်ပေးသွားကြရမည်ဖြစ်ကြောင်း။
လူငယ်ကဏ္ဍဖွံ့ဖြိုးရေးကိုဆောင်ရွက်သည့်အခါတွင် အနုပညာနှင့်အားကစားလှုပ်ရှားမှုများအပါအဝင် လူငယ်ရေးရာကိစ္စရပ်များကို ဆောင်ရွက်ရုံသာမက လူငယ်အချင်းချင်း အပြန်အလှန်ထိတွေ့ဆက်ဆံသင်ယူနိုင်မည့် လူငယ်စင်တာများသည်လည်း အခြေခံကျသည့်ကဏ္ဍတစ်ရပ်တွင်ပါဝင်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် လူငယ်စင်တာများကို ဖွင့်လှစ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ လတ်တလောတွင် ဖွင့်လှစ်ပြီးဖြစ်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့ရှိ လူငယ်စင်တာများတွင်လည်း သာမန်လုပ်ရိုးလုပ်စဉ်သဘောမျိုးမဟုတ်ဘဲ လူငယ်များကိုတိုက်ရိုက်အကျိုးပြုနိုင်မည့်သင်တန်းများ၊ လုပ်ငန်းခွင်တွင်တိုက်ရိုက်အသုံးချနိုင်မည့် အတတ်ပညာများကို စနစ်တကျလေ့ကျင့် သင်ကြားပေးပြီး အကျိုးရှိရှိထိထိရောက်ရောက် အသုံးချသွားရန်ပြောကြားလိုကြောင်း။
အနာဂတ်ကာလ နိုင်ငံတော်ကို ယနေ့လူငယ်များနှင့်သာ ဒို့တာဝန်အရေးသုံးပါးနှင့်အညီ ဆက်လက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်သောကြောင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏အနာဂတ်ဖြစ်သည့် လူငယ်များကို စွမ်းရည်မြင့်မားသောအဖိုးတန်လူသားအရင်းအမြစ်များ ဖြစ်ပေါ်လာစေရန်နှင့် ပြည့်ဝရင့်ကျက်သည့်စွမ်းအားစုများဖြစ်လာစေရေး စဉ်ဆက်မပြတ်လေ့ကျင့်ပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံအတွင်း၌ရှိသည့် မျိုးဆက်သစ်လူငယ်များကို စနစ်တကျပြုစုပျိုးထောင်ရန်အတွက် ယနေ့အစည်းအဝေးကို တက်ရောက်လာကြသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို သုံးသပ်အကြံပြုဝိုင်းဝန်းဆွေးနွေးပေးကြရန်တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက ဗဟိုကော်မတီနှင့်လုပ်ငန်းကော်မတီပြန်လည်ဖွဲ့စည်းခဲ့မှု၊ ဝန်ကြီးဌာနအနေဖြင့် လူငယ်အသိပညာပေးဟောပြောပွဲများနှင့် စကားဝိုင်းများဟောပြောဆွေးနွေးခဲ့မှု၊ အသက်မွေးဝမ်းကျောင်း၊ အားကစားနှင့်လူငယ်ဖွံ့ဖြိုးရေးသင်တန်းများ ဖွင့်လှစ်သင်ကြားဆောင်ရွက်ပေးခဲ့မှု၊ အသက်မွေးဝမ်းကျောင်း ပညာသင်စရိတ်ထောက်ပံ့ပေးခဲ့မှု၊ နိုင်ငံတကာနှင့်လူငယ်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခဲ့မှု၊ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်အသစ် ပြန်လည်ရေးဆွဲလျက်ရှိသည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစစ်နိုင်က ယခင်ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုနှင့် ဗဟိုကော်မတီ၏လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသူများက နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွက်လာစေရန်အတွက် လူငယ်မူဝါဒတွင်ပါဝင်သည့် အဓိကကဏ္ဍ(၁၆)ရပ်ကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းအကြံပြုဆွေးနွေးတင်ပြကြရာ ဒုတိယသမ္မတက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေး၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်သည်။
#News #Myanmar

No comments:
Post a Comment