နိုင်ငံခြားငွေဈေးတွေ တက်တော့ လုပ်ငန်းရှင်တွေ အဆင်ပြေကြာလား - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံခြားငွေဈေးတွေ တက်တော့ လုပ်ငန်းရှင်တွေ အဆင်ပြေကြာလား


မြန်မာပြည် ဒီမိုကရေစီအသွင်းကူးပြောင်းစကာလ နိုင်ငံခြားငွေလဲနှုန်း အစိုးရက ထိန်းချုပ်ထားတာတွေကို ဖြေလျှော့ခဲ့တယ်။ သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာ မြန်မာကျပ်ငွေတန်ဖိုးဟာ အတိုင်းထက်အလွန် အားကောင်းခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မှတ်မှတ်ရရ ပညာရှင်တွေ ပြောကြားထားတဲ့ သုံးသပ်ချက်တွေအရ ၂၀၁၂ ခုနှစ် ဧပြီလ (၁) ရက်နေ့မှာပဲ နိုင်ငံတွင်းသုံး ကျပ်ငွေ နဲ့ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထားကို ပုံသေသတ်မှတ်ထားရကနေ အပြင်မှာ အမှန်တကယ်ပေါက်နေတဲ့ ပေါက်ဈေးအတိုင်း အတက်အကျဈေးနှုန်းကို အချိန်အတိုင်းသတ်မှတ်ခဲ့ပါတယ်။ ဒါကို ဦးခင်မောင်ညို က "ဒါက စီးပွားရေး အစိုးရသစ်ရဲ့ သက်တမ်းအတွင်းမှာ အကြီးမားဆုံး စီးပွားရေးပြုပြင်ပြောင်းလဲမှု ဖြစ်ပါတယ်။ အဲဒါက တချက်။ နောက်တခုက ဒီလို ပြုပြင်ပြောင်းလဲမှုကိုလုပ်ဖို့ ပြည်တွင်းက ပညာရှင်တွေနဲ့ ပြင်ပက ပညာရှင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းက ပညာရှင်တွေအားလုံးက တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ အနှစ် (၂၀) (၃၀) လောက်အတွင်းမှာ ငွေကြေးနဲ့ ဘဏ္ဍာရေးလောကနဲ့ ပတ်သက်လို့ အကြီးမားဆုံး ပြုပြင်ပြောင်းလဲမှုလည်း ဖြစ်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

ဦးစံဝေမိုး နဲ့ ဦးခင်မောင်ညို ဒေါ်လာ - ကျပ် ငွေလဲလှယ်နှုန်း ဆွေးနွေးထားရာမှာ -

ဦးစံမိုးဝေ ။ ။ အဲဒီလို မြန်မာငွေတန်းဖိုးချပြီး ပြောင်းလဲသတ်မှတ်လိုက်တဲ့အတွက် အခုဆိုရင် သတင်းတပတ် ရှိသွားခဲ့ပြီ။ ဒီကာလအတွင်းမှာ ဘယ်လိုသက်ရောက်မှုတွေ၊ ထူးခြားတဲ့လက္ခဏာတွေကို တွေ့ရပါလဲ။

ဦးခင်မောင်ညို ။ ။ ကျနော်တို့ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ မျှော်လင့်ထားတဲ့အတိုင်းကတော့ ထူးထူးခြားခြား တစုံတရာ ဖြစ်လာလိမ့်မယ်လို့ မတွက်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တရားဝင်ငွေလှယ်နှုန်း ခြောက်ကျပ်၊ ခုနှစ်ကျပ်ဆိုတာက သုံးတဲ့နယ်ပယ်က တော်တော်လေး နဲပါတယ်။ ဈေးကွက်မှာကတော့ ဈေးကွက်ပေါက်ဈေးအတိုင်း သုံးကြတယ်။ ဈေးကွက်ပေါက်ဈေးအတိုင်း သုံးတဲ့နယ်ပယ်ကလည်း ကြီးမားတဲ့အတွက် ထူးထူးခြားခြား ပြောင်းလဲမှုရှိမယ် မဟုတ်ဘူးလို့ တွက်ထားပါတယ်။ အခု တကယ့်တကယ်လည်း အဲဒီအတိုင်းပါပဲ။ အပြင်မှာပေါက်နေတဲ့ ပေါက်ဈေးကို တရားဝင်အသိအမှတ်ပြုလိုက်တဲ့ သဘောပါပဲ။ ငွေတန်ဖိုးချတယ်၊ ငွေတန်းဖိုးတက်တယ်တို့ အဲဒီလိုလည်း မမြင်ပါဘူး။


ဦးစံမိုးဝေ ။ ။ မြန်မာနိုင်ငံက တင်ပို့တဲ့ ကုန်ပစ္စည်းတွေတန်းဖိုး၊ ပြည်ပက တင်ပို့တဲ့ပစ္စည်းတန်းဖိုးတွေ အတက်အကျ ပြောင်းလဲသွားမှာပေါ့။ အဲဒီတော့ export-import ကဏ္ဍတွေမှာ သက်ရောက်မှု မဖြစ်ဘူးလား။

ဦးခင်မောင်ညို ။ ။ အစကတည်းက မြန်မာငွေတန်းဖိုး တက်နေတယ်။ ပြီးခဲ့တဲ့ တနှစ်လောက်အတွင်းမှာ မြန်မာငွေတန်းဖိုး တက်နေတယ်။ တက်နေတဲ့ကိစ္စက ရှိပြီးသားပါ။ မြန်မာငွေတန်းဖိုး တက်နေတဲ့အတွက် ပို့ကုန်က ဈေးမရဘူး။ ဈေးကျဖို့ ကောင်းတယ်ပေါ့။ တကယ့်တကယ်မှာတော့ သွင်းကုန်မှာလည်း ဈေးကျတာ မတွေ့ရဘူး။ ဆိုတော့ ဒါကြောင့်မို့လို့ ထူးပြီးတော့ ထိခိုက်မယ်လို့တော့ မမြင်ပါဘူး။ ထိခိုက်စရာအကြောင်းလည်း မရှိပါဘူး။


ဦးစံမိုးဝေ ။ ။ အဲဒီတော့ အစိုးရပိုင်းမှာရော။ အစိုးရပိုင်ဆိုင်မှုတွေ၊ အစိုးရက တင်သွင်းလာတဲ့ ပစ္စည်းတန်းဖိုးတွေ တက်သွားတာတို့၊ ကျသွားတာတို့ မရှိဘူးလား။

ဦးခင်မောင်ညို ။ ။ ဒီမတိုင်ခင်ကတည်းက ဒါကတော့ စီးပွားရေးအဆောက်အအုံတခုလုံးနဲ့ ပတ်သက်ပြီး ပြောတာပါ။ ဒီမတိုင်ခင်ကတည်းကလည်း ဘတ်ဂျက်မှာ ကြိုတင်ပြီး ပြင်ဆင်ထားပြီသာပါ။ ဘတ်ဂျက်မှာ အခု ၂၀၁၂-၁၃ ဘတ်ဂျက်မှာ နိုင်ငံခြားငွေနဲ့ ပတ်သက်တဲ့ကိစ္စတွေအားလုံးကို ဈေးကွက်ပေါက်ဈေးနဲ့ အရောင်းအဝယ်လုပ်မယ်ဆိုတာကို ဘတ်ဂျက်မှာ ထည့်ပြီးဆွဲပြီထားပါတယ်။


ဦးစံမိုးဝေ ။ ။ ဒါဆိုရင် ငွေတန်းဖိုး ပြောင်းလဲလိုက်တဲ့အတွက်ကြောင့် ဘယ်လိုမှ ရိုက်ခတ်မှုမရှိဘူးဆိုတဲ့ သဘောလား။

ဦးခင်မောင်ညို ။ ။ ရိုက်ခတ်မှုကတော့ ခါတိုင်း ရှုံးတာတွေ၊ မြတ်တာတွေကတော့ မထင်ရှားဘူးပေါ့။ အခုကတော့ အရှုံးအမြတ်တွေ - ရှုံးတယ်ဆိုရင်လည်း ထင်ရှားမယ်။ မြတ်တယ်ဆိုရင်လည်း ထင်ရှားမယ်။ ခါတိုင်းလို လက်တွေ့မှာ ရှုံးနိုင်ပေမယ့် ခြောက်ကျပ်နဲ့ဆိုတော့ မရှုံးဘဲနေတဲ့ဟာမျိုးတော့ မရှိတော့ပါဘူး။ ပိုပြီးတော့ မြင်သာထင်သာ ရှိလာမယ်။ စွမ်းဆောင်ရည် ကောင်းရင်ကောင်းသလို၊ မကောင်းရင်တော့လည်း ရှုံးတဲ့သဘောကို မြင်သာထင်သာ ရှိမယ်လို့ တွက်ဆပါတယ်။


ဦးစံမိုးဝေ ။ ။ ဘာကြောင့် အခုလို မေးရတာလည်းဆိုတော့ ငွေတန်းဖိုး ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လေ့ရှိတဲ့ သက်ရောက်မှုကြီးကြီးမားမားတွေ ပြည်ပမှာ တွေ့ခဲ့ရဘူးလို့ပါ။ ဥပမာ ထိုင်းနိုင်ငံ - ၁၉၉၇ ခုနှစ်တုန်းက ထိုင်းအစိုးရကနေ ငွေလဲနှုန်း အသေ တစ်ဒေါ်လာ ကို ၂၅ ဘတ် ဝန်းကျင် ထိန်းချုပ်ထားနေရကနေ ငွေလဲနှုန်းကို အရှင်သတ်မှတ်လိုက်တော့ တစ်ဒေါ်လာကို ၃၉ - ၄၀ ဖြစ်သွားပါတယ်။ ၆၀ ရာခိုင်နှုန်းလောက် တက်သွားတာပေါ့။ အဲဒီ အကျိုးဆက်နဲ့ အဲဒီတုန်းက ဝန်ကြီးချုပ် ချားဗားလင့်ခ် ရောင်ချားယုဒ် အစိုးရ ဆင်းပေးလိုက်တဲ့အထိ ဖြစ်သွားတော့ မြန်မာနိုင်ငံမှာ အဲဒီလို အကျိုးဆက်တွေ ဖြစ်နိုင်သလားဆိုတာကို သိချင်လို့ပါ။

ဦးခင်မောင်ညို ။ ။ ထိုင်းမှာက ထိုင်းက ငွေလဲနှုန်း လွှတ်ပေးလိုက်တဲ့ဟာက တနိုင်ငံလုံးရဲ့ စီးပွားရေးနဲ့ ပတ်သက်ပါတယ်။ တနိုင်ငံလုံးမှာ ထိခိုက်မှု အပြောင်းအလဲ ရှိပါတယ်။ ဒီမှာကတော့ တနိုင်ငံလုံး တရားဝင်မဟုတ်တဲ့ နှုန်းကို အားလုံးက သိမ်းနေပြီသာပါ။ တရားဝင်နှုန်းက မသုံးသလောက် ဖြစ်နေပါတယ်။ သူ့ရဲ့ အခန်းကဏ္ဍက အလွန်နည်းပါတယ်။ ဒါကြောင့်မို့ တရားဝင်အစိုးရ အခုကြမှလိုက်ပြီး တံဆိပ်တုံးထုပေမယ့် တကယ့်တကယ်တော့ ပြင်ပပေါက်ဈေးကို သုံးနေတာက နှစ်ပေါင်းများစွာ ကြာနေပါပြီ။ အဲဒါကြောင့်မို့ပါ။


ဦးစံမိုးဝေ ။ ။ တစ်ဒေါ်လာကို ခြောက်ကျပ်ဝန်းကျင်ကနေ ရှစ်ရာကျော်အထိ တန်းဖိုးက သိပ်မကွာခြားလွန်ဘူးလား။

ဦးခင်မောင်ညို ။ ။ အပြင်မှာကတော့ သုံးနေပြီသာ။ ခြောက်ကျပ်နဲ့ ရှစ်ရာနဲ့ တွဲရင်တော့ မှန်ပါတယ်။ နှစ်ပေါင်းများစွာကလည်း ခုနှစ်ဆယ့်ရှစ်ခုလား မသိဘူး။ အဲဒီတုန်းက ဈေးနှုန်းပေါ့။ နှစ်ပေါင်းများစွာအတွင်းမှာက အခုလို အပြောင်းအလဲဖြစ်သွားတာ။ ထိုင်းမှာကတော့ ချက်ချင်း ရေတိုမှာ အပြောင်းအလဲဖြစ်သွားတာ။ အဲဒီလို ကွာခြားပါတယ်။


ဦးစံမိုးဝေ ။ ။ နောက်တခုက ပြည်ပစီးပွားရေး စာစောင်မဂ္ဂဇင်းတွေမှာ ဘယ်လိုတွေ့ရသလဲဆိုရင် ဒီလို ငွေကြေးလှဲလှယ်နှုန်း အရှင်သတ်မှတ်လိုက်တဲ့အတွက် ငွေကြေးဖောင်းပွမှုနှုန်း မြှင့်လာနိုင်တယ်။ ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ကိုင်တွယ်မဖြေရှင်းတတ်ရင် အစိုးရလုပ်ငန်းတွေ ထိခိုက်သွားနိုင်တယ်။ ဒေဝါလီ ခံရတဲ့အထိ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ အဲဒါ ဘယ်လောက်မှန်ပါသလဲ။

ဦးခင်မောင်ညို ။ ။ တစိတ်တဒေသပဲ မှန်ပါတယ်။ တချို့ကလည်း ဗမာပြည်ရဲ့ ဇာတ်လမ်းကို အပြည့်အစုံလည်း မသိကြပါဘူး။ သူတို့မြင်တာက ခြောက်ကျပ်ကနေ ရှစ်ရာတန်ဖြစ်သွားတယ်ဆိုတာကိုပဲ မြင်တာပါ။ စီးပွားရေးလုပ်ငန်းတွေ စီမံခန့်ခွဲမှု မကောင်းရင် ပျက်သွားမယ်ဆိုတာ စီးပွားရေးလုပ်ငန်းတွေ၊ စီမံခန့်ခွဲမှု မကောင်းတာ ကြာလှပြီ။ နိုင်ငံပိုင်လုပ်ငန်းတွေက အခုမှ မဟုတ်ဘူး။ နိုင်ငံပိုင်လုပ်ငန်းတွေလည်း အခု သိပ်မရှိကြတော့ဘူး။ နိုင်ငံပိုင် လုပ်ငန်းတွေကိုလည်း အတော်လျှော့ပြီးသွားပြီ။ သူတို့ပြောနေတာတွေက တစိတ်တဒေသတော့ မှန်ပါတယ်။ တကယ်တမ်းတော့ ဗမာ့ရဲ့ အခြေအနေကို အပြည့်အစုံမမြင်ဘဲနဲ့ ပြောနေကြတာတွေ များပါတယ်။


ဦးစံမိုးဝေ ။ ။ ဒီငွေကြေးအတက်အကျကို ဗဟိုဘဏ်ကနေ သတ်မှတ်ပေးတာပေါ့။ အဲဒီတော့ ဘယ်လို စံနှုန်းနဲ့ သတ်မှတ်ပါသလဲ။

ဦးခင်မောင်ညို ။ ။ ဝယ်လိုအားနဲ့ ရောင်းလိုအား အစကတည်းက ပြောထားပါတယ်။ ဈေးကွက်အပေါ်မှာ မူတည်တယ်။ ဝယ်သူ၊ ရောင်းသူအပေါ်မှာ မူတည်ပြီးတော့ ဗဟိုဘဏ်က နှုန်းတခု သတ်မှတ်မယ်။ အခု အကြမ်းဖျဉ်းနားလည်းသလောက်ဆိုတော့ ပထမနေ့မှာ ဝယ်မယ့်ဆိုပြီး offer လုပ်တာရှိတယ်။ ရောင်းမယ်ဆိုပြီး offer လုပ်တာရှိတယ်။ ဒီနှစ်ခုကို ဆွဲစိပေးတယ်။ ဆွဲစိပေးပြီးတဲ့နောက် ဈေးနှုန်းက ရှစ်ရာတစ်ဆယ့်ရှစ်ကျပ်မှာ ဧပြီလ (၂) ရက်နေ့ ဖြစ်သွားတယ်။ ဧပြီလ (၂) ရက်နေ့ ၈၁၈ ကျပ် ဖြစ်သွားတဲ့အပေါ်မှာ plus or minus 0.8% အတက်အကျ လုပ်လို့ရတယ်။ ဆိုတော့ အပြင်ဖက်ဖြစ်တဲ့ဈေးက ဒီဝန်းကျင်ပဲ။ အပြင်မှာဖြစ်တဲ့ဈေးနဲ့ တစ်ဆယ်လောက် ကွာတယ်။ ဒီ ရက်ပိုင်းအတွင်းမှာလည်း နေစဉ် ရုံးပိတ်ရက်ကလွဲလို့ အရောင်းအဝယ် လုပ်တယ်။ သောကြာနေ့ ဗဟိုဘဏ်က ဝယ်အားရောင်းအားအပေါ် အခြေခံပြီး သတ်မှတ်လိုက်တဲ့နှုန်းက ၈၂၃ ကျပ်။ ဒါက ဗဟိုဘဏ်က ဝယ်အားရောင်းအားပေါ်မှာ မူတည်ပြီး သတ်မှတ်တယ်။ ဟိုတနေ့ကဆိုရင် သူက ဝင်ပြီး ဝယ်တာရှိတယ်။ သူက လိုအပ်ရင်လိုအပ်သလို ဝင်ပြီးဝယ်တာရှိမယ်။ လိုအပ်ရင် လိုအပ်သလို ရောင်းတာရှိမယ်။ နှစ်ခုက လက်ကားလက်လီရှိတယ်။ ဘဏ်အချင်းချင်း အရောင်းအဝယ် လုပ်တာကတော့ zero point ဗဟိုဘဏ်က နောက်ဆုံးလုပ်တဲ့ ရာခိုင်နှုန်းရဲ့၊ တန်းဖိုးရဲ့ 0.3% သုံးရာခိုင်နှုန်းနဲ့ အချင်းချင်း အရောင်းအဝယ်လုပ်လို့ ရတယ်။ လက်လီကတော့ အပြင်မှာ ရောင်းကြပြုကြတာတွေကတော့ နည်းနည်းချင်း ရောင်းကြတာတွေကတော့ 0.8% အဲဒီလို နှစ်မျိုးသတ်မှတ်ထားတာ။


ဦးစံမိုးဝေ ။ ။ အခုလို ငွေကြေးမူဝါဒ အသစ်ကျင့်သုံးလိုက်တော့ နိုင်ငံခြားငွေ ကိုင်ဆောင်မှုက တရားဝင် ဖြစ်သွားတာပေါ့။ အဲဒီတော့ ပြင်ပမှာရှိတဲ့ မှောင်ခိုဈေးကွက် ရှိသေးလား။

ဦးခင်မောင်ညို ။ ။ ရှိသေးတယ်။ လုပ်လို့ ရသေးတယ်။ အများဆုံးပြောတာကတော့ လွယ်တော့လွယ်ပါတယ်။ ဒါပေမဲ့ ပိုလွယ်တယ်လို့ ပြောလို့ရတယ်။ အလွယ်ကြိုက်တဲ့လူ။ နောက်တခါ နည်းနည်းလေး ဘဏ်မှာ ဘာအပြောများနေသလဲဆိုရင် နည်းနည်းဟောင်းနွှမ်းတာတွေဆိုရင် ဘဏ်ကကောင်တာတွေမှာ လှဲလို့မရဘူး။ အပြင်မှာဆိုရင် နည်းနည်းလဲလို့ရတယ်။ အဲဒီဟာလေးတွေရှိတယ်။ အခုတော့ တပတ်ပဲ ရှိသေးတယ်။ အကုန်လုံးလည်း သိချင်မှသိမှာပေါ့။ တဖြည်းဖြည်းနဲ့တော့ ပျောက်ဖို့များပါတယ်။


ဦးစံမိုးဝေ ။ ။ စီးပွားရေးပညာရှင် တယောက်အနေနဲ့ အခုလို ငွေဈေးကို အရှင်သတ်မှတ်လိုက်တဲ့အပေါ်မှာ အဆိုးအကောင်း ဘယ်လိုသတ်မှတ်ချင်ပါသလဲ။

ဦးခင်မောင်ညို ။ ။ နောင်ဆိုရင်တော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေကလည်း ဒီအချက် Exchange rate အမျိုးစုံဖြစ်နေတဲ့ကိစ္စကိုပဲ ထောက်ပြကြတာပေါ့။ အဲဒီတော့ ဒါဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေ သဘောကျတယ်။ နောင်ဆိုရင်တော့ နိုင်ငံခြားရင်းနှီးမြုပ်နှံတွေ ဝင်လာနိုင်တယ်။ ဒါပေမဲ့ အဲဒါ ဘယ်အချိန်ဖြစ်လာမလဲဆိုရင်တော့ sanction ရုတ်တဲ့အခါမှ ဖြစ်မယ်။ ဒီဟာကို ဗမာဖက်က လွှတ်လိုက်ပေမယ့် အမေရိကန်တို့၊ ဥရောပတို့ sanction မရုတ်သိမ်းသေးဘူးဆိုရင်တော့ အရင်းအနှီးက ဝင်လာမှာ မဟုတ်သေးဘူး လို့ သုံးသပ်ပြောဆိုသွားပါတယ်။


ထိုစဉ်အချိန်က မြန်မာကျပ်ငွေတန်ဖိုးမာနေလို့ လုပ်ငန်းရှင်တွေ ညည်းတွားလာတဲ့အခါမှာ ဦးနေမျိုးဝေ က "မြန်မာငွေ မာခြင်း နှင့် နိုင်ငံခြားငွေလဲနှုန်း ကိစ္စ" ကို သုံးသပ်တင်ပြထားတာလည်း တွေ့ရပါတယ်။

ယခုတလော မြန်မာငွေမာသည် အလုပ်အကိုင်တွေမကောင်း ပို့ကုန်ခွန်လျော့ချ စသဖြင့် ဂယောက်ဂယက် ကြောက်စဖွယ် လန့်စဖွယ် သတင်းတွေကြားနေရသည် ပီဒီပီမနေနိုင်တော့။ ဒီတော့ပီဒီပီရဲ့ မတူကွဲပြားတဲ့အမြင်လေးတွေချပြ ဖို့ လိုလာပြီ ဖြစ်သည်။ အပိုင်းလေးပိုင်းနှင့် ချဉ်းကပ်တင်ပြခဲ့ပါတယ်။

အပိုင်း(၁) စီးပွါးရေးအမြင်ပိုင်း ကနဦး ပြဿနာ၏အကျိုးဆက်များ၏ ကွင်းဆက်ကိုစာဖြင့်ရှင်းမည်။ ကောင်းကျိုးဆိုးကျိုးနှစ်မျိုးရှိမည်။ 

နံပတ် (၁) ဆိုးကျိုး (ပြည်ပပို့ကုန်လုပ်ငန်းရှင်များ တွက်ခြေမကိုက်)

နံပတ်(၂)ဆိုးကျိုး (ပြည်ပပို့ကုန်လုပ်ငန်းရှင်များ ပြည်တွင်းကုန်စည်ကို ဈေးကောင်းပေး မဝယ်နိုင်)

နံပတ် (၃) သည် စိုက်ပျိုး၊ မွေးမြူ၊ ရေလုပ်ငန်း အောက်ခြေ ထုတ်လုပ်သူထိခိုက်ခြင်း။ 

ကောင်းကျိုးအမှတ်စဉ် (၄) ယခင်ဝင်ငွေပမာဏမျိုး မရသော်လည်း ယခင်အတိုင်း ဝယ်ယူစားသုံးခြင်းပြုလုပ်နိုင်မည်။ ထိုမှတဆင့် ပြည်ပမှသွင်းလာသော စက်ကရိယာ ဓါတ်ဆီ စသည့်ဈေးကျ သဖြင့်ပြည်တွင်း ထုတ်လုပ်မှုစရိတ်သက်သာ လာခြင်းနှင့် ပြည်တွင်းကုန်စည်ထုတ်လုပ်သူများ ပြည်ပကုန်စည်တို့ကို စားသုံးလိုမှုအတွက် ယခင်ကလောက် ဝင်ငွေမလိုအပ် တော့သဖြင့် ပြည်တွင်းကုန်စည် ထုတ်လုပ်သူများ မိမိတို့ထုတ်လုပ်သော ပစ္စည်းကို ဈေးလျှော့ရောင်းလာနိုင်မည် ဖြစ်ကာ ပို့ကုန်လုပ်ငန်းရှင်များ ဈေးကောင်း ပေးမဝယ်နိုင်သော်လည်း ထုတ်လုပ်သူကဈေးလျှော့ ရောင်းနိုင်ပြီဖြစ်သဖြင့် (ပြည်ပပို့ကုန်လုပ်ငန်းရှင်များ ပြည်တွင်းကုန်စည်ကို ဈေးကောင်းပေး မဝယ်နိုင်) သော်လည်း ပြေလည် မည်ဖြစ်ပြီး ပြည်ပပို့ကုန်လုပ်ငန်းများ ပြည်တွင်းကုန်စည်ကို လျှော့ဈေးဖြင့် ပြန်လည်ဝယ်ယူနိုင်လိမ့်မည်။ ထိုအခါ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်မည်။ သို့သော် ပြဿနာမှာ ပြည်ပမှ သွင်းကုန်များ ဈေးမကျခြင်း ဥပမာ ဓါတ်ဆီ စက်ကိရိယာ ဈေးမကျပါက ဈေးကွက်စီးပွါးရေးနှုန်းစံမပီပြင်သေးဘဲ လက်ဝါးကြီးအုပ် ခရိုနီဆန်သော သွင်းကုန်ရှိနေခြင်းသာဖြစ်ပါမည်။ ထိုကိစ္စကို ကုသရန်လိုပါသည် ဟု သုံးသပ်တင်ပြထားသည်။


အပိုင်း(၂) အစိုးရခံစားရမှုအပိုင်း အစိုးရအနေဖြင့် မည်သို့ခံစားရမည်နည်း။ အစိုးရ စိတ်ခံစားမှုကို နှစ်ပိုင်းခွဲမည် - (က) မြန်မာကျပ်ငွေ လာပေးသူတိုင်းကို ဒေါ်လာငွေ ပြန်လဲပေးရခြင်း ကိုကြောက်ရွံ့ခြင်း နှင့် (ခ) ဒေါ်လာငွေ လာပေးသူတိုင်း မြန်မာကျပ်ငွေပြန်လဲပေးရခြင်းကို ကြောက်ရွံ့ခြင်း ဟူသော နှစ်ပိုင်းဖြစ်သည်။ မည်သည့်နိုင်ငံ၏ အစိုးရမဆို မိမိငွေလာပေးတိုင်း ဒေါ်လာငွေ ပြန်ပေးရခြင်းကိုသာ စိုးရွံ့ထိတ်လန့်မှုရှိမည်ဖြစ်ပြီး ဒေါ်လာ ငွေလာပေးတိုင်း မိမိငွေ ပြန်ပေးရခြင်းကိုမှု တုံလှုပ်လိမ့်မည်မဟုတ်ပါ။ မြန်မာနိုင်ငံအတွက်မူ ပိုမိုမှန်ကန်ပါလိမ့်မည်။ ယနေ့အချိန် ဒေါ်လာနှုန်းကျပါက ငွေလဲနှုန်း( ဖလုတ်) နှုန်းရှင်လွှတ်ရန် အကောင်းဆုံးအချိန် ဖြစ်သည် ဟု သုံးသပ်ထားသည်။


အပိုင်း(၃) ပြည်သူခံစားရမှုအပိုင်း ပြည်သူများကို အဆင့် (၄) ဆင့်ခွဲခြားသတ်မှတ်နိုင်ပါသည် -

(က) စီးပွါးရေးသမား ပို့ကုန်လုပ်ငန်းရှင်ကြီးများ 

(ခ) ဒေါ်လာစား ပြည်တွင်းပြည်ပ အလုပ်သမားများ 

(ဂ) ဒေါ်လာမကိုင်ဘူးသော လူလတ်တန်းစားများ 

(ဃ) ဒေါ်လာမကိုင်ဘူးသော အခြေခံလူတန်းစားများ 


(က) စီးပွါးရေးသမား ပို့ကုန်လုပ်ငန်းရှင်ကြီးများ ထိခိုက် / ဆင်ပိန်ကျွဲကြီးကြီး ဖြစ်မည် / ယာယီ အလုပ်ထိုင်း /မငတ် /တိုင်းပြည်ဆူဖို့မကြံရွယ် / ဆူဆူပူပူမဖြစ် / နိုင်ငံတည်ငြိမ်မြဲ / စောင့်ဆိုင်းချိန်ကို စောင့်ဆိုင်းနိုင်။ ( ဒေါ်လာဈေးကျယုံမျှဖြင့် မဖြစ်ဟုဆိုတာ ဖြစ်သည့် အခြားကိစ္စကြောင့် ဟူမူမပြောတတ် ) 

(ခ) ဒေါ်လာစား ပြည်တွင်းပြည်ပ အလုပ်သမားများ ထိခိုက် / အလုပ်ပြုတ်နိုင်/ မငတ်သေး တိုင်းပြည်ဆူဖို့မကြံရွယ် / ဆူဆူပူပူမဖြစ် / နိုင်ငံတည်ငြိမ်မြဲ / စောင့်ဆိုင်းချိန်ကိုစောင့်ဆိုင်းနိုင်။ ( ဒေါ်လာ ဈေးကျယုံမျှဖြင့် မဖြစ်ဟုဆိုတာ ဖြစ်သည်အခြား ကိစ္စကြောင့် ဟူမူမပြော တတ်) 

(ဂ) ဒေါ်လာမကိုင်ဘူးသော လူလတ်တန်းစားများ မခံစားရသေး နားထဲတွင်တော့ ကြားမိသည်။ လူလတ်တန်းစားအနေဖြင့် မျှခြေကိုခံစားနေရ။ အရောင်းအဝယ် အလုပ်အကိုင် ထိုင်းမည် ယိုးဒယားမုန့်တွေ ဈေးသက်သာလို့ဝယ်စား နေကြသည်။ ( ယခုဒေါ်လာဈေးပြန်တက်သွားပြီ မုန့်တွေဈေးပြန်ကြီးသွားပါပြီ ) 

(ဃ) ဒေါ်လာမကိုင်ဘူးသော အခြေခံလူတန်းစားများ မထိ မသိ မကြား ငရဲကလာသူပြာပူမကြောက် ဝဒ်ဆစ် လူနာဆောင်အမှတ်(၆)စာအုပ်ထဲက အဆီတုံးသတ္တဝါကြီးလိုဖြစ်နေသည်။ ရှိရင်စားသည်။ မရှိရင်မစား။ အတုံးအခဲ သေလောက်အောင် ဝုန်းဒိုင်း မငတ် / မငတ် ဆိုလို့ အခြား ဆီဦးထောပတ်တွေ စားနေသည်မထင်နှင့် အနံ့မကောင်းသော ငါးပိကြမ်း (မြန်မာ နှာခေါင်းနှင့် အနံ့မွှေးသော ငါးပိ က သီးသန့်ရှိသေးသည် တစ်ပိဿာ ၃၀၀၀ ကျပ် ) အနံ့မကောင်းသောငါးပိကြမ်း ကိုဝါးပင်ပေါက်( မျှစ် မဟုတ်ပါ ချက်ချင်း သွားခုတ်လာတဲ့ ဝါးပင်ပေါက် အစို့ မျှစ်ဘ၀ ရောက်ဖို့ စိမ်တာပြုတ်တာမလို ) ပြုတ်တို့ စားလျှင် မစ္စတာကွင်တားနားကို အနိုင်နပန်းလုံးဖို့ခွန်အားရှိပါသည်။ (မယုံစမ်းကြည့်ပါ) မြန်မာနိုင်ငံတွင် အများဆုံး ရိုက်ထုတ်လည်ပတ်ငွေကို မကြာမှီတွက်ချက်ပြပါဦးမည် (မှတ်ချက်အများဆုံးရိုက်ထုတ်ထားနိုင်ချေကိုတွက်ချက်ပြပါမည်) 


အပိုင်း(၄) ယုံကြည်ရမှု အပိုင်းတွင် -

(က) အစိုးရ / နိုင်ငံရေးသမားများ၊ (ခ) ပညာရှင်၊ (ဂ) စီးပွါးရေးလုပ်ငန်းရှင်ကြီးများ၊ (ဃ) မီဒီယာ ၎င်းတို့ ပေးသော မက်ဆေ့ချ်ကို အဘယ်မျှယုံကြည်ရပါမည်နည်း ထိုသူတို့သည် လူတွေဖြစ်သည်။ 

လူဖြစ်သောကြောင့် - (၁) မှားတတ်သည် (၂) ဖားတတ်သည် (၃) ကြောက်တတ်သည် (၄) ကိုယ်ကျိုးစီးပွါးကို တနည်းနည်းဖြင့် ကြံဖန်နိုင်လောက်အောင် ဉာဏ်ကောင်းသည်။ မှတ်ချက် ကျွန်တော့်ကိုလည်း ယုံကြည်ရန်မလို။ မိမိဘာသာချင့်ချိန်ရန်။ ထို့ပြင် ပို့ကုန်ခွန်လျှော့ချရေးမူဝါဒသည် မြန်မြန်ဆန်ဆန် အကောင်အထည်ပေါ်လာသည်။ သွင်းကုန်တွေ ဈေးမကျသေးတာတွေ့ရမည် သွင်းကုန် ယှဉ်ပြိုင်ခွင့် မမျှတသေးကြောင်းမြင်ရမည်။ လက်ဝါးကြီးအုပ်ထားကြောင်း ပေါ်လာသည်။ 

ဆိုကြပါစို့ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ရှိသူတွေ ကားသွင်းလို့ရသည်ဆိုပါစို့။ ကျွန်တော့်လယ်သမားတွေ ထွန်စက်သွားဝယ်ဖို့နိုင်ငံခြားငွေ မရှိ။ မြန်မာကျပ်ငွေတွေ - တရားဝင် စပါးရောင်းပြီး အစိုးရထံမှာ ဒေါ်လာနှင့်လာလဲမည် ထိုဒေါ်လာတစ်ထပ်ကြီး နှင့် လယ်သမားအစုအဖွဲ့က ထွန်စက်တွေဝယ်မည်။ ရပါပြီလား။ 

တရားခံတွေပေါ်ပေါက်ခြင်း ထို့အပြင် ယခု ဒေါ်လာဈေးကျသဖြင့် မကိုက်ပါဆိုသူတွေ - ယခင်အချိန်က ဒေါ်လာဈေး တက်သဖြင့် ကိုက်သည်ဟုပေါ်ပေါက်သည်။ ထပ်ဆင့်ပေါ်ပေါက်လာသည်က ဟိုးယခင်အစဉ်အဆက် တရားမဝင်ငွေလဲ နေခဲ့ကြပါ သည်ဟု ဝန်ခံရာ ရောက်သည် ဟု သုံးသပ်ထားပါတယ်။

ယခုအခါ နိုင်ငံခြားငွေကြေး လဲလည်နှုန်း နိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ချက်မှာ ၁ဒေါ်လာ= ၂၁၀၀ ကျပ် ဟု ညွှန်းဆိုထားသော်လည်း ပုဂ္ဂလိဘဏ်မျးမှာ ပြဆိုနေသော နှုန်းမှာ ၃၆၆၅ ဟု ပြဆိုပါတယ်။ ဒီထက်လည်း ပိုများချင် များပါလိမ့်မယ်။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလျှင် ပြည်ပတွင် အလုပ် လုပ်ကိုင်သူများ မြန်မာငွေဖြင့် ငွေပိုရသည်။ တွက်ခြေကိုက်သည်။ မြန်မာငွေ တန်ဖိုးမာလာသည့်အခါ ညည်းကြမည်။ ထိုနည်းတူ လုပ်ငန်းရှင်များလည်း မြန်မာငွေတန်ဖိုးကျခြင်းကြောင့် ပြည်ပပို့ကုန်များမှ အမြတ်များများရသည်။ တွက်ခြေကိုက်သည်။ ယခု မြန်မာငွေ တန်ဖိုးကျ၊ ဒေါ်လာတန်ဖိုး မြင့်မားနေခြင်းကြောင့် လုပ်ငန်းရှင်တွေ ညည်းသံမကြားရ။ အဆင်ပြေနေကြဟန်တူသည်။

ဦးနေမျိုးဝေ သုံးသပ်တင်ပြသကဲ့သို့ အစိုးရက သွင်းကုန်လက်ဝါးကြီးအုပ်မူဝါဒ ဖြေလျှော့လိုက်မည်ဆိုလျှင် မြန်မာငွေ တန်ဖိုးမာလာမည်။ အမေရိကန်မှ ပိတ်စို့အရေးယူမှုများလည်း ဖြေလျှော့စပြုလာပြီ။ သွင်းကုန် ဈေးတွေ ကျလာမည်။ လုပ်ငန်းရှင်များ အမြတ်နည်း၍ ညည်းသံကြားရမည်။ အစိုးရအနေဖြင့် လူနည်းစုအခွင့်အရေးသာ ကြည့်၍မရ။ ငွေလဲနှုန်း အရှင်သတ်မှတ်ထားသည့်ကာလ မြန်မာငွေတန်ဖိုး အထိုက်အလျှောက်မာလာသည်။ ရင်းနှီးမြှုပ်နှံမှုတွေလည်း ဝင်ရောက်လာသည်။ လုပ်ငန်းကိုင်ငန်း အခွင့်အလမ်းများလည်း ပိုမိုပွင့်လန်းလာသည်။ လက်ဝါးကြီးအုပ် သွင်းကုန်မူဝါဒကို ဖြေလျှော့၍ အားလုံးအဆင်ပြေစေမည့် အခင်းအကျင်းကို ပြန်လည်ဖန်တီးရန် လိုအပ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)