ပင်လောင်း၊ အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဆိုကြောင့် ကြုံတွေ့နိုင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့မဈေးနှင့်မင်းလမ်းပေါ်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အယ်လ်နီညိုဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်တင်မိုး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဇော်မင်းခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝေလင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအဖွဲ့ဝင်များက အယ်လ်နီညိုဆိုင်ရာ ကြိုတင်ကာကွယ်ရေးနှင့် ဆောင်ရန်/ရှောင်ရန်များပါရှိသည့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပညာပေးဆော်ဩမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်များတွင် အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်တွင် အပူဒဏ်အန္တရာယ် ဖြစ်ပေါ်ခြင်းကြောင့် ကြုံတွေ့နိုင်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ၊ အပူဒဏ်ကာကွယ်ရေး ဆောင်ရန်/ရှောင်ရန်များ၊ ရေရှားပါးမှုနှင့် ရေကြီးရေလျှံမှုကြောင့် မသန့်ရှင်းသောရေနှင့် အစားအစာများမှ ကူးစက်ဖြစ်ပွားနိုင်သောရောဂါများ၊ ခြင်ပေါက်ပွားမှု များပြားခြင်းကြောင့်ဖြစ်ပေါ်သော ကူးစက်ရောဂါများ၊ ပူပြင်းခြောက်သွေ့မှုကြောင့် တောမီးလောင်ခြင်းနှင့်ပတ်သက်သည့် အသက်ရှု လမ်းကြောင်းဆိုင်ရာ ဖြစ်ပေါ်တတ်သောရောဂါအကြောင်းများကို အသိပညာပေးရေးသား ဖော်ပြထားကြောင်း သိရသည်။
#Myanmar #News


No comments:
Post a Comment