တဂိုး ၊ သူခိုး နှင့် ဖွံ့ဖြိုးရေး
× ဂါထာရွတ်ခြင်း၊ တေးသီခြင်း၊ ပုတီးစိတ်ခြင်း တို့ကိုရပ်လော့
× မှောင်မည်းတိတ်ဆိတ်နေသော ဘုရားကျောင်းတော်၏ အမှောင်ထဲတွင်သင် မည်သူ့ကို ဝတ်ပြု နေသနည်း။
× သင့်ရှေ့တွင်ဘုရားသခင်မရှိသည်သည်ကိုသိလော့။
× ဘုရားသခင်သည် ကျောက်စရစ်ကုန်းမြေကို ထွန်ယက်နေသော လယ်သမားရှိရာ အရပ်တွင်ရှိ၏။
× ဘုရားသခင်သည် ကျောက်တုံးတို့ကိုထုခွဲ နေသော လမ်းဖောက်လုပ်သားရှိရာ အရပ်တွင်ရှိ၏။
× ဘုရားသခင်၏ဝတ်ရုံတို့သည် ဖုန်မှုန့်တို့ဖြင့် စွန်းပေလျှက်ရှိ၏။
ရာဘင်ဒြာနတ်တဂိုး
× ဆင်ဖြူကြည့်ခြင်း၊ စွယ်တော်ဖူးခြင်း၊ နေပြည်တော်အနီးတစ်ဝိုက်ရှိ လယ်ကွင်းတို့တွင် ကျက်စားခြင်းတို့ကို ရပ်လော့
× တိကျသော အချက်အလက်မရနိုင်သည့်နေရာတွင် သင်မည်သည့်ဖွံ့ဖြိုးရေးကို ဖန်တီးတည်ဆောက် နေသနည်း။
× သင့်ရှေ့တွင် ဖွံ့ဖြိုးတိုးတက်ရေးမရှိသည်ကို သိလော့။
× ဖွံ့ဖြိုးတိုးတက်ရေးသည် သွင်းအားစုများကို ပိတ်ဆို့ထားမှုကိုနုတ်ပယ် ဖွင့်လှစ်ခြင်းတွင်ရှိ၏။
× ဖွံ့ဖြိုးတိုးတက်ရေးသည်ထုတ်ကုန်ရောင်းချမှုကို လက်ဝါးကြီးအုပ်စေနိုင်သော ပါမစ်စနစ်ကို နုတ်ပယ်ဖွင့်လှစ်ခြင်း တွင်ရှိ၏။
× ဖွံ့ဖြိုးရေးလိုလားသောခေါင်းဆောင်သည် အဂတိလိုက်စားသော ဝန်ထမ်းတို့အား လက်တွေ့နှိပ်ကွပ်လေ့ရှိ၏ ။
တခါကလေယာဉ်ဆီသူခိုး
ဖွံ့ဖြိုးရေး စကားပြေ
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံရဲ့ အသားတင်ထုတ်လုပ်မှုတွေ အသားတင်အမြတ်ငွေတွေ ရနေဖို့လိုတယ်။ နိုင်ငံအတွက်အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ငန်းတွေ ဘက်မှာ မက်လုံးရှိနေဖို့လိုတယ်။
အပေါင်းလက္ခဏာ -
- စိုက်ပျိုးထုတ်ကုန် ထုတ်ခြင်း
- မွေးမြူထုတ်ကုန် ထုတ်ခြင်း
- တပိုင်းကုန်ချော စားသောက်ကုန်/ လူသုံးကုန် - ထုတ်ခြင်း
- နောက်ဆုံးအဆင့်ကုန်ချော စားသောက်ကုန် / လူသုံးကုန် - ထု တ်ခြင်း
- စက်မှုထုတ်ကုန် - ထုတ်ခြင်း
- အခြားပြည်ပ နိုင်ငံခြား နှစ်ခုကြား / နိုင်ငံအများကြား ပွဲစားဝင်လုပ်ခြင်း
( ပြည်တွင်းအချင်းချင်းပွဲစားမပါ )
- ပြည်ပနိုင်ငံတွေထွက်ပြီး ကာယ ဉာဏ လုပ်သားများလုပ်ဆောင်ခြင်း
စတဲ့လုပ်ငန်းတွေ လုပ်ဆောင်တာဟာ နိုင်ငံအတွက်အပေါင်းလက္ခဏာ ဝင်ငွေတွေရှာပေး တာဖြစ်တယ် ။
မက်လုံးတို့တည်နေရာမှာ
စီးပွါးရေးလုပ်ငန်းရှင်တွေကို ဆွဲဆောင်ရာမှာ မက်လုံးနဲ့ ဆွဲဆောင်ရတယ်။ မက်လုံးဟာ အပေါ်ကပြောခဲ့တဲ့ အပေါင်းလက္ခဏာ လုပ်ငန်းတွေဘက်မှာ ရှိနေရမယ်။ အဲဒါမှ စီးပွါးလိုလားသူ လုပ်ငန်းရှင်တွေဟာ အဲဒီဘက်မှာ ( အချိန် /ငွေ / လုပ်အား ) ရင်းနှီးမြုပ်နှံကြမယ်။ ဒါမှ နိုင်ငံတိုးတက်မယ်။
အခုကတော့ အဲဒီဘက်ကို ရင်းနှီးမြုပ်နှံတဲ့သူတွေဟာ မဖြစ်မနေ နေစရာမရှိလို့ လုပ်ကြရတဲ့ဘဝရောက်နေတယ် ။ နှိပ်ကွပ်ခံနေရတယ်။ မက်လုံးက ပါမစ်လျှောက်စားတဲ့ နေရာကို ရောက်နေတယ်။
သတ္ထုတူးဖော်ရေး ပါမစ် (လုပ်ကိုင်ခွင့်)
လမ်းဖောက်ရေးပါမစ် (လုပ်ကိုင်ခွင့်)
တံတားဆောက်ရေး ပါမစ် (လုပ်ကိုင်ခွင့်)
စက်ပစ္စည်းတင်သွင်းခွင့်
ပို့ကုန်ရောင်းချခွင့်
စတာတွေကို လုပ်ပိုင်ခွင့်ရတဲ့သူတွေဟာ တကယ်မလုပ်ကြဘူး။ လုပ်ပိုင်ခွင့်ကို ငှားစားကြတာဖြစ်တယ်။
အမှန်တကယ် အလုပ် လုပ်တဲ့သူတွေအနေနဲ့ လုပ်ကိုင်ခွင့်မရကြဘူး။
လုပ်ကိုင်ခွင့်ရတဲ့သူတွေဆီက ထပ်ဆင့်ငှားယူရတာ။ ဆပ်ကန်ထရိုက် လုပ်ရတာတွေ ဖြစ်နေတယ်။
အဲဒီတော့ အမှန်တကယ်အလုပ်လုပ်ကြတဲ့သူတွေဟာ ငဒူတွေဖြစ်နေကြပြီး။
တကယ့်လူတွေက အဲဒီလုပ်ကိုင်ခွင့်ကို အမဲလိုက်သလို လိုက်နေကြတယ်။
အဲဒါဟာ မက်လုံးနေရာမှားနေတာဘဲ။
အဲဒီတော့ လူချွန်တွေအလုပ်မလုပ်ဘဲ ပါမစ်နောက်လိုက်နေကြတာဟာ နိုင်ငံကို ဆုတ်ယုဂ်စေတယ်။ လူချွန်တွေကို လူယုတ်တွေဘ၀ ရောက်စေတယ်။
တောင်သူလယ်သမားတွေအတွက် / ကျေးလက်ဒေသတွေအတွက် ဖွံ့ဖြိုးရေး ဆိုပြီး အသံ ကျယ်ကျယ်အော်တယ်။ ကျုပ်တို့လယ်သမားတွေကို ဘာမှလာပြီးသနားမနေကြပါနဲ့ -
- လယ်မလုပ်ချင်တော့တဲ့သူ လယ်ရောင်းခွင့်ပေးလိုက်
- နိုင်ငံခြားဖြစ် ထွန်စက် ဝယ်ချင်တဲ့သူ လွတ်လွတ်လပ်လပ်ပေးဝယ်လိုက်
- နိုင်ငံခြားက လာတဲ့ မျိုးစေ့ ၊ ပိုးသတ်ဆေး ၊ ဓါတ်မြေသြဇာ လွတ်လွတ်လပ်လပ် ပေးဝယ်လိုက်
- လယ်ယာထွက်ကုန်တွေ လွတ်လွတ်လပ်လပ်ပေးရောင်းလိုက်
ခရမ်းသုံးခွက လယ်သမားတွေ တရုတ်ထုတ် ထွန်ယက်ရိတ်သိမ်းချွေလှေ့စက် သိန်း210 နဲ့သွားဝယ်တာ အဂတိလိုက်စားတဲ့ ဝန်ထမ်းအတွက် သိန်း ၃၀ ပေးခဲ့ရတယ်ဆိုတာမျိုး ကြားမိကြရဲ့လား။ စပါးပေါ်စ ပဲပေါ်စ ဈေးနှိမ်ဝယ်လို့ရစေတဲ့ နိုင်ငံခြားထုတ်ရောင်းခွင့် ပါမစ်ကိစ္စကြောင့်ဆိုတာ သိပါရဲ့လား
( စရာစံ နှစ် ၈၀ နေ့မှာ အကျယ်ရေးထားတဲ့စာဖြန့်မည် )
နေမျိုးဝေ
(၂၀၁၂ ခုနှစ်က ဦးနေမျိုးဝေ ရေးသားဖြန့်ဝေခဲ့သော ဆောင်းပါးတစ်ပုဒ်အား ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)
#News #Myanmar

No comments:
Post a Comment