အာရှအဆင့်ကနေ ကမ္ဘာ့အဆင့် တက်လှမ်းသွားနိုင်မယ့် ပြည်သူတွေပေးတဲ့ ခွန်အားတွေရှိနေပါပြီ။ နိုင်ငံ့ဂုဏ်ကို ဆက်လက်မြှင့်တင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်-- မောင်ရှိုင်းလင်းအောင်(အာရှရွှေတံဆိပ်ဆုရှင်) - Myanmar National Post

Myanmar National Post

News Agency

Breaking

အာရှအဆင့်ကနေ ကမ္ဘာ့အဆင့် တက်လှမ်းသွားနိုင်မယ့် ပြည်သူတွေပေးတဲ့ ခွန်အားတွေရှိနေပါပြီ။ နိုင်ငံ့ဂုဏ်ကို ဆက်လက်မြှင့်တင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်-- မောင်ရှိုင်းလင်းအောင်(အာရှရွှေတံဆိပ်ဆုရှင်)








ဂျပန်နိုင်ငံ Aichi-Nagoya တွင် စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပခဲ့သည့် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲတွင် Esports အားကစားကဏ္ဍ၌ မြန်မာ့လက်ရွေးစင် National Team Zanaka အသင်းသည် Mobile Legends: Bang Bang (MLBB)ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုကို အတွေ့အကြုံရင့်အာရှထိပ်သီးနိုင်ငံများကိုကျော်ဖြတ်၍ ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည်။

အာရှအားကစား ပြိုင်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံပေါင်း ၄၅ နိုင်ငံ၌ မြန်မာနိုင်ငံသည် အဆင့် ၂၂ တွင် ရပ်တည်နိုင်ခဲ့ပြီး Esports သမိုင်းတစ်လျှောက်၌ အာရှအဆင့်တွင်ပထမဆုံးရရှိခဲ့သည့် မြင့်မားလှသော အောင်မြင်မှုတစ်ရပ်လည်းဖြစ်ရာ Esports အားကစားကဏ္ဍဖြင့် ရွှေခေတ်ကိုစတင်ခြေလှမ်းခဲ့ပြီး ရွှေတံခါးကိုဖွင့်လှစ်နိုင်ခဲ့သည့် Mobile Leg-ends: Bang Bang(MLBB)ပြိုင်ပွဲ ဝင် အားကစားသမားတို့၏ နိုင်ငံ့ဂုဏ်ဆောင်ဆုတံဆိပ်ရရှိမှုအပေါ် လှိုက်လှဲဝမ်းသာ ရင်တွင်းစကားသံတို့အား စုစည်းဖော်ပြလိုက်ပါသည်-


မောင်ရှိုင်းလင်းအောင်(အာရှရွှေတံဆိပ်ဆုရှင်)

အားကစားနည်းတွေထဲကမှ Esports ကို ဘာကြောင့်ရွေးချယ်ဖြစ်လဲဆိုတော့ COVID 19 ကာလတုန်းက လူငယ်တွေကြားမှာ ဖုန်းဂိမ်းတွေက ရေပန်းစားလာကြတယ်။ အဲဒီအချိန်မှာ သိလာရတာက ဒီဂိမ်းတွေကနေ ဘဝလမ်းကြောင်းကို လျှောက်လှမ်းလို့ရတယ်ဆိုတာ သိလာရတော့ Esports ကို ရွေးချယ်ဖြစ်ခဲ့တာပါ။ လူငယ်တွေဘဝအနာဂတ်မှာ မှန်ကန်တဲ့လမ်းကိုရွေးချယ်စေချင်ပါတယ်။ မိမိနိုင်ငံ၊ မိမိပတ်ဝန်းကျင်နဲ့ လူမှုအသိုက်အဝန်းမှာ အထောက်အကူပြုနိုင်တာ တစ်ခုခုကိုလုပ်ဆောင်နိုင်ဖို့လိုပါတယ်။ Esports အားကစားဟာ ကျွန်တော့်အနာဂတ်ရဲ့အလင်းရောင်လို့ ခံယူထားတဲ့အတွက် ကျွန်တော် ဒီ Esports လမ်းကြောင်းကနေ မြန်မာဆိုတာဘာလဲဆိုပြီး မြန်မာ့အလံကို တစ်ကမ္ဘာလုံးရဲ့အပေါ်မှာ စိုက်ထူလိုတဲ့အိပ်မက်မျိုး နက်နက်ရှိုင်းရှိုင်းရှိနေပါတယ်။ ဆက်လက်ပြီး အာရှအဆင့်ကနေ ကမ္ဘာ့အဆင့် တက်လှမ်းသွားနိုင်မယ့် ပြည်သူတွေပေးတဲ့ ခွန်အားတွေရှိနေပါပြီ။ နိုင်ငံ့ဂုဏ်ကို ဆက်လက်မြှင့်တင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။


မောင်ဟိန်းထက်ဦး(အာရှရွှေတံဆိပ်ဆုရှင်)

ပြီးခဲ့တဲ့ MSC ပွဲတုန်းက ကျွန်တော်တို့ YG ဆိုတဲ့ နာမည်နဲ့ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုရခဲ့ပါတယ်။ ဒီတစ်ခါ Asian Games မှာ Team Myanmar ဆိုတဲ့နာမည်နဲ့ယှဉ်ပြိုင်ရတဲ့အခါမှာ အောင်မြင်မှုက ကျွန်တော်တို့အတွက်ပဲမဟုတ်ဘဲ ကျွန်တော်တို့နိုင်ငံကိုကိုယ်စားပြုတာကြောင့် အလွန်ရင်ခုန်ပြီး မြန်မာဆိုတာဘာလဲဆိုပြီး ပြချင်တဲ့ဆန္ဒက ကျွန်တော်တို့အဖွဲ့ရင်ထဲမှာ ရှိနေခဲ့ပါတယ်။ နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် စဉ်းစားမိတိုင်း ရင်ထဲမှာတရိပ်ရိပ်နဲ့ ဝမ်းသာပီတိဖြစ်ရပါတယ်။ ASIAN Games Champion ဖြစ်သွားတဲ့အတွက် ကျွန်တော်တို့အသင်းကို အခြားနိုင်ငံကအသင်းကြီးတွေ စောင့်ကြည့်နေကြမှာပါ။ ကျွန်တော်တို့ရထားတဲ့ စံချိန်ကိုဆက်ပြီးထိန်းသွားမှာပါ။ တစ်ဆင့်ပြီးတစ်ဆင့် ပိုမြင့်လာမယ့် ကမ္ဘာ့အဆင့်ပြိုင်ပွဲအတွက် စိတ်အားတက်ကြွနေပြီး အာရှအဆင့်ကနေကမ္ဘာ့အဆင့်ကို တက်လှမ်းနိုင်မယ့် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်ဆုအတွက်လည်း ကျွန်တော်တို့စုဖွဲ့လေ့ကျင့်မှုတွေကို အရှိန်အဟုန်မပြတ် လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။


မောင်ကျော်သူရ

(အာရှရွှေတံဆိပ်ဆုရှင်)

ဒီ MLBB game ရဲ့ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့မလေးရှားလို နိုင်ငံ တွေကတော့ ကျစ်လျစ်ပြီး နာမည်ကြီးတဲ့အသင်းတွေဖြစ်တဲ့အတွက် နောက်လာမယ့်ပြိုင်ပွဲတွေမှာ ဒီနိုင်ငံသုံးနိုင်ငံက အသင်းတွေကို ဂရုတစိုက်လေ့လာပြီး ကျော်ဖြတ်နိုင်အောင် ပြင်ဆင်သွားပါ့မယ်။ ဒီ ASIAN game ပြိုင်ပွဲမှာ ကျွန်တော်တို့အတွက် အထူးဂရုစိုက်ယှဉ်ပြိုင်ရတာက အင်ဒိုနီးရှားအသင်းပါ။ သူတို့အသင်းက အသင်းလိုက် ကစားတာ ကောင်းတဲ့အပြင် ကစားကွက်ရွှေ့တာကလည်း သေသပ်တာကြောင့် အထူးဂရုစိုက်ပြီး ပြိုင်ပွဲဝင်ခဲ့ပါတယ်။ အုပ်စုပွဲစဉ်တွေကနေ အာရှချန်ပီယံအထိ နိုင်ငံအတွက်မလျှော့တဲ့ဇွဲနဲ့ လုံ့လစိုက်ထုတ်ပြီး ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အမြဲအားပေးပြီး နည်းလမ်းမှန်အောင်လမ်းပြပေးခဲ့တဲ့ အဖွဲ့ဥက္ကဋ္ဌနဲ့အသင်းနည်းပြကိုလည်း ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်ရအောင် အားပေးခဲ့ကြတဲ့ မြန်မာပရိသတ်ကြီးကိုလည်း အထူးကျေးဇူးတင်ပါတယ်။


မောင်မျိုးမြင့်ကိုကိုကျော်(အာရှရွှေတံဆိပ်ဆုရှင်)

Grand Final ကိုမတက်မီ မလေးရှားကိုယ်စားပြုအသင်းနဲ့ဆော့ရတဲ့အချိန် Game 2 မှာ ကျွန်တော်တို့အသင်းက နိမ့်နေခဲ့တာပါ။ ရင်ခုန်နေရတဲ့အချိန်ပါ။ အဲဒီလို နိမ့်နေတာကနေ ပြန်နိုင်အောင်ဆော့နိုင်ခဲ့ပြီး အနိုင်ရသွားတဲ့အခါ Silver medal လည်း ကျိန်းသေသွားသလို Final လည်း ရောက်သွားတဲ့အတွက် အလွန်ပျော်ရွှင်မိပါတယ်။ Final ပွဲမစတင်မီ ကျွန်တော့်ရင်ထဲမှာ စိတ်လှုပ်ရှားတာထက် တစ်ဖက်အသင်းကို ဘယ်လိုနိုင်အောင်ယှဉ်ပြိုင်ရမလဲဆိုတာကို အမြဲစဉ်းစားခဲ့ပါတယ်။ ပြီးတော့ နိုင်ငံကိုယ်စားပြုကစားတာဖြစ်တဲ့အတွက် ဒီလိုအခွင့်အခါမျိုးကို နောက်တစ်ခါပြန်ရဖို့ မဖြစ် နိုင်တာကြောင့် နိုင်ငံနဲ့အဖွဲ့ချုပ် အတွက် ရွှေရအောင်ယူရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပြိုင်ပွဲကိုအထူးဂရုစိုက်ပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ စည်းလုံးမှု၊ ဟန်ချက်ညီမှု၊ နိုင်ငံကိုယ်စားပြုဆိုတဲ့ စိတ်ဓာတ်နဲ့ နိုင်ငံတော်အလံကို တိုင်ထိပ်မှာ လွှင့်ထူနိုင်ရမယ်ဆိုတဲ့စိတ်နဲ့ ယှဉ်ပြိုင်ခဲ့တာကြောင့် ကျွန်တော်တို့ ရည်မှန်းချက်ကို လက်တွေ့ပြသနိုင်ခဲ့တဲ့အပေါ် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပါတယ်။ ဆက်ပြီး ကြိုးစားသွားမှာပါ။


မောင်ဟန်ထူးဆွေ(အာရှရွှေတံဆိပ်ဆုရှင်)

Esports အားကစားကို အခြားနိုင်ငံတွေက အားကစားသမားတွေနဲ့ တန်းတူဆက်ဆံပေးတာ၊ ဆင်တူဝတ်စုံနဲ့ဖိနပ်တွေစတဲ့ အရာရာဂရုစိုက်ပေးတာမြင်ရတော့ ကျွန်တော်တို့ အားကစားကိုပိုပြီး ဂုဏ်ယူမိလာပါတယ်။ ပြီးတော့ နိုင်ငံကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ရတာဖြစ်တဲ့အတွက် မြန်မာဆိုတာဘာလဲဆိုတာ ထုတ်ဖော်ပြသခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ အထူးသဖြင့် နိုင်ငံတော်အလံကို အခြားနိုင်ငံတွေအထက်မှာ မြင်တွေ့ခဲ့ရပြီး နိုင်ငံတော်သီချင်းသံ ကြားလိုက်ရတဲ့အချိန်ဟာ ရင်ထဲမှာဆို့နစ်သလိုခံစားရတဲ့အပြင် ကြက်သီးတွေတဖြန်းဖြန်းထလာသလို မျက်ရည်လည်းဝဲခဲ့မိပါတယ်။ ဒါဟာ မြန်မာကွလို့လည်း သူတို့တွေကိုကြည့်ပြီး ရင်ထဲမှာကြုံးဝါးခဲ့ပါတယ်။ အဲဒီထက် အကောင်းဆုံး ခံစားချက်ကတော့ ကိုယ့်နိုင်ငံသီချင်းကို အခြားနိုင်ငံတွေရဲ့အလယ်မှာ သီဆိုဖွင့်ပြခွင့်ရခဲ့တာကို အတိုင်းမသိ ဝမ်းသာမိပြီး အခုနေပြန်စဉ်းစားမိရင်တောင် နိုင်ငံနဲ့ပြည်သူအတွက် နှစ်ထောင်းအားရကျေနပ်မိပါတယ်။


ဒေါက်တာကောင်းမြတ်စံ (မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ)

ကျွန်တော့် မိဘဘိုးဘွားတွေ အမြဲပြောပြလေ့ရှိတဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေက အဘဗဟာဒူးတို့ ဘောလုံးအားကစားရွှေခေတ်ရဲ့အာရှအားကစားပြိုင်ပွဲ ရွှေတံဆိပ်ဆုအတိုင်းပဲ အခုကျွန်တော်တို့ MLBB Esports အသင်းလိုက် အားကစားနည်းကနေ သမိုင်းဝင်ရွှေတံဆိပ်ဆုကြီးကို ဆွတ်ခူးရရှိခဲ့ပါပြီ။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း အာရှစင်မြင့်ထက်မှာ နည်းပညာနဲ့ ဉာဏ်ရည်ဉာဏ်သွေး(Brain Power)ကို အခြေခံတဲ့ ခေတ်သစ် Digital အားကစားနည်းနဲ့ ကမ္ဘာ့ထိပ်သီးနိုင်ငံတွေကို ကျော်ဖြတ်ပြီး ပထမဦးဆုံးရရှိခဲ့တဲ့ သမိုင်းဝင်ရွှေတံဆိပ်ဆုလည်းဖြစ်ပါတယ်။ ဒါဟာမြန်မာ့အားကစားမျိုးဆက်ပေါင်းများစွာ မျှော်လင့်ခဲ့ကြတဲ့ရည်မှန်းချက်ဖြစ်သလို ကျွန်တော့ဘဝရဲ့ အကြီးမားဆုံးအိပ်မက် တစ်ခုကို အကောင်အထည်ဖော် နိုင်ခဲ့တာဖြစ်လို့ အတိုင်းမသိဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။

ရွှေခေတ်ရဲ့အစဖြစ်တဲ့ ၂၀၂၅ ခုနှစ် PUBG ကမ္ဘာ့ဖလား ချန်ပီယံဆု၊ ၂၀၂၆ ခုနှစ် MLBB ကမ္ဘာ့ဖလား ဒုတိယဆုတွေကနေ အခုအာရှအားကစားပြိုင်ပွဲ ရွှေတံဆိပ်ဆုအထိ ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့တာဟာ မြန်မာနိုင်ငံကို အာရှနဲ့ကမ္ဘာရဲ့ Digital Sports Power-house အဖြစ် တရားဝင်အသွင် ကူးပြောင်းသက်သေပြနိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာလူငယ်တွေရဲ့ ဉာဏစွမ်းအား၊ နည်းပညာစွမ်းအားနဲ့ စိတ်ဓာတ်ခွန်အားဟာ ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်ပြီဆိုတာကို သက်သေပြလိုက်နိုင်ပါ ပြီ။ ကျွန်တော့်အနေနဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ တာဝန်ယူချိန်ကတည်းက အဓိကထားတည်ဆောက်ခဲ့တဲ့ ရည်မှန်းချက်ကတော့ မြန်မာ့ Esports ကစားသမားတွေကို ဆီးဂိမ်း(SEA Games)၊ အာရှအားကစားပြိုင်ပွဲ (Asian Games)နဲ့ အိုလံပစ်(Olympic)လိုမျိုး ကမ္ဘာနဲ့အာရှရဲ့ အမြင့်မားဆုံးတရားဝင်အားကစားစင်မြင့်တွေထက်မှာ နိုင်ငံတော်အတွက် ဂုဏ်ယူဝင့်ကြွားစွာ ယှဉ်ပြိုင်အောင်ပွဲဆင်နိုင်အောင် လမ်းခင်းပေးဖို့ ဖြစ်ပါတယ်။

အခုရရှိခဲ့တဲ့ အာရှအားကစား ပြိုင်ပွဲ ရွှေတံဆိပ်ဆုကြီးဟာ Esports အသိုက်အဝန်းတစ်ခုတည်းအတွက် အောင်ပွဲမဟုတ်ပါဘူး။ ဒါဟာ မြန်မာ့လူငယ်ထုတစ်ရပ်လုံးရဲ့အောင်ပွဲ၊ မြန်မာ့အားကစား လောကတစ်ခွင်လုံးရဲ့ အောင်ပွဲ၊ မိဘပြည်သူတစ်ရပ်လုံးရဲ့ အောင်ပွဲပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုင်းပြည်နဲ့ပြည်သူတစ်ရပ်လုံးရှေ့မှောက်ကို နိုင်ငံ့ဂုဏ်ဆောင်အာရှရွှေတံဆိပ်ဆုကြီးနဲ့အတူ တစ်နိုင်ငံလုံးရဲ့ မျှော်လင့်ချက်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ခဲ့ပြီး ခေတ်သစ် Esports အားကစားနည်းနဲ့ ရွှေတံခါးကြီးကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါပြီ။


မောင်မင်းထွန်းအောင်(MLBB နည်းပြ)

နည်းပြတစ်ယောက်အနေနဲ့ ကိုယ့်ကစားသမားတွေရဲ့ ကြိုးစားအားထုတ်လိုစိတ်နဲ့ meta နဲ့ game ကို သူများတွေထက်ပိုပြီး ကျွမ်းကျင်နားလည်အောင် ကစားသမားတွေနဲ့ စကားပြောတိုင်ပင် ဆွေးနွေးအကြံပေးရင်း ကိုယ့်ရဲ့ draft pick, playstyle တွေကိုလည်း ကျစ်လျစ်ဆန်းသစ်နေအောင် ကြိုးစားခဲ့ပါတယ်။ နည်းပြတစ်ယောက်အနေနဲ့ နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်နဲ့အတူ တိုင်းပြည်နဲ့လူမျိုးအပေါ် အကျိုးပြုနိုင်ခဲ့မှုအပေါ် အတိုင်းမသိဝမ်းသာဂုဏ်ယူမိပါတယ်။


အင်တာဗျူး - သစ္စာ(MNA)၊ ဓာတ်ပုံ - MESF

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)