စစ်တွေ၊ အောက်တိုဘာ ၅
တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး(ပထမနေ့)ကို ယနေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များဆိုင်ရာလေ့လာသုံးသပ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ရခိုင်ပြည်နယ်လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး (ပထမနေ့) စတင်ကျင်းပကြောင်းနှင့် အထမြောက်ကြောင်းကြေညာပြီး စတုတ္တပုံမှန်အစည်းအဝေး (ပထမနေ့)သို့ မတက်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ခွင့်ပန်ကြားကာ လွှတ်တော်၏အဆုံးအဖြတ်ကို ရယူသည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြန်လည်ဖြေကြားကြသည်။ ယင်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ရခိုင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ (လျာထားချက်) အား လွှတ်တော်သို့တင်သွင်းကာ ယင်း (လျာထားချက်) နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်က ကြေညာသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ရခိုင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ (လျာထားချက်) အပေါ် ရခိုင်ပြည်နယ်ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီ၏ လေ့လာစိစစ်တင်ပြသည့် အစီရင်ခံစာအား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းကာ ယင်းလေ့လာစိစစ်တင်ပြသည့်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်က ကြေညာသည်။
ယင်းနောက် ရခိုင်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ လေ့လာစိစစ် တင်ပြသည့် အစီရင်ခံစာအား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းကာ ယင်းလေ့လာစိစစ်တင်ပြသည့် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်က ကြေညာသည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး(ပထမနေ့)ကို ရပ်နားကြောင်းနှင့် စတုတ္တပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို အောက်တိုဘာလ ၆ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ကြောင်း သိရသည်။
#News #Myanmar


No comments:
Post a Comment