တပ်မတော်စစ်ကြောင်းများက လောင်းရှည်-လှိုင်ဒုတ်-ကျင်ဒွေးလမ်းကြောင်းတစ်ဝိုက် အခြေပြုလှုပ်ရှားလျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်း၊ လှိုင်ဒုတ်ကျေးရွာအား သိမ်းပိုက်ရရှိ၊ လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်မတော်စစ်ကြောင်းများက လောင်းရှည်-လှိုင်ဒုတ်-ကျင်ဒွေးလမ်းကြောင်းတစ်ဝိုက် အခြေပြုလှုပ်ရှားလျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်း၊ လှိုင်ဒုတ်ကျေးရွာအား သိမ်းပိုက်ရရှိ၊ လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်









နေပြည်တော်၊ အောက်တိုဘာ ၂၁

တပ်မတော်စစ်ကြောင်းများက လောင်းရှည်-လှိုင်ဒုတ်-ကျင်ဒွေး လမ်းကြောင်းတစ်ဝိုက်အခြေပြု၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် AA အကြမ်းဖက်အဖွဲ့နှင့် CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအား တိုက်ထုတ်ချေမှုန်းပြီး အဆိုပါလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အဆိုပါလမ်းကြောင်းပေါ်ရှိ လှိုင်ဒုတ်ကျေးရွာအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

AA အကြမ်းဖက်အဖွဲ့နှင့် CDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအနေဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့အား ဆက်သွယ်ထားသော ဆက်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိသည့် ကျင်ဒွေးမြို့ရှိ မြို့လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ အင်အားအလုံးအရင်းအသုံးပြုကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့အား ယာယီစိုးမိုးကာ အဖျက်အမှောင့်လုပ်ရပ်များကို ဥပဒေမဲ့ကျူးလွန်ခဲ့ကြသဖြင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏နေအိမ်အဆောက်အအုံများ၊ ပစ္စည်းဥစ္စာများကို စွန့်လွှတ်၍ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အဆိုပါကျင်ဒွေးမြို့အား ယာယီစိုးမိုးထားစဉ်အတွင်း မြို့တွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများအတွင်း ယာယီခံစစ်စခန်းများ ပြုလုပ်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ ယာယီနေရပ်စွန့်ခွာနေရသည့် ဒေသခံပြည်သူများ၏ နေအိမ်များနှင့် ဈေးဆိုင်ခန်းများအား ဖောက်ထွင်း၍ အဖိုးတန်ပစ္စည်းများ၊ စားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများအား အတင်းအဓမ္မယူဆောင်ခြင်း ကျင်ဒွေးမှတစ်ဆင့် လှိုင်ဒုတ်-လောင်းရှည် ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် ဝင်ရောက်နေထိုင်၍ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ လမ်း/ တံတားများ ဖောက်ခွဲဖျက်ဆီးခြင်း၊ အခိုင်အမာ ခံစစ်စခန်းများ တည်ဆောက်ခြင်းများအပြင် အဆိုပါလမ်းကြောင်းတစ်လျှောက်တွင် မိုင်းထောင်ခြင်း၊ လမ်းကြောင်း၌ သွားလာလျက်ရှိသည့် မော်တော်ယာဉ်များထံမှ ဆက်ကြေးကောက်ခံခြင်း၊ အပြစ်မဲ့ခရီးသွားပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိသည့်အတွက် ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်များအနေဖြင့် ဖြတ်သန်းသွားလာရန် ကန့်သတ်ချက်များကြောင့် ဒေသတွင်းကုန်စည်စီးဆင်းမှုရပ်တန့်ခဲ့ရပြီး ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်ခြင်းများဖြစ်ပေါ်ခဲ့ကာ ဒေသခံတိုင်းရင်းသားပြည်သူများမှာ စားဝတ်နေရေးအတွက် ဒုက္ခကြီးစွာခံစားရလျက်ရှိပြီး ဒေသဖွံ့ဖြိုးမှုနှင့် လူမှုစီးပွားဘဝများ အဘက်ဘက်မှ များစွာနိမ့်ကျလျက်ရှိသည်။

ထို့ကြောင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသခံပြည်သူများ လုံခြုံစိတ်ချရသည့် လူမှုစီးပွားဘဝများဖြင့် လုပ်ကိုင်နေထိုင်နိုင်ရေးတို့အတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထိန်းချုပ်ထားသည့် လောင်းရှည်-လှိုင်ဒုတ်-ကျင်ဒွေးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်နိုင်ရန် လောင်းရှည်တွင် လိုအပ်သည့်ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး စစ်ကြောင်းများခွဲ၍ ဟန်ချက်ညီညီဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အသက်ကိုပဓာနမထားဘဲ ရင်ကိုမြေကတုတ်လုပ်၍ အခက်အခဲများကြားမှ ရဲဝံ့စွန့်စားစွာဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ရာ စက်တင်ဘာလ ၂၄ ရက်တွင် ပွိုင့်-၆၁၀ တောင်ကုန်းအားလည်းကောင်း၊ စက်တင်ဘာလ ၂၅ ရက်တွင် ရင်းကဲကျေးရွာအားလည်းကောင်း၊ စက်တင်ဘာလ ၂၆ ရက်တွင် ပွိုင့်-၉၃၄ တောင်ကုန်းနှင့် ဆွဲလွဲကျင်းကျေးရွာအားလည်းကောင်း၊ စက်တင်ဘာလ ၂၉ ရက်တွင် ပွိုင့်-၁၀၅၉ တောင်ကုန်းအားလည်းကောင်း၊ အောက်တိုဘာလ ၄ ရက်တွင် မဆွာတီကျေးရွာအားလည်းကောင်း၊ အောက်တိုဘာလ ၈ ရက်တွင် ပွိုင့်-၁၂၇၆ တောင်ကုန်းအားလည်းကောင်း၊ အောက်တိုဘာလ ၂၀ ရက်တွင် ကျင်ဒွေးမြို့၏ အရှေ့မြောက်ဘက် မီတာ ၁၂၀၀၀ ခန့်အကွာ ပွိုင့်-၁၇၃၂ အနီးရှိ အကြမ်းဖက်သောင်းကျန်းသူများ၏ စခန်းနေရာအားလည်းကောင်း အဆင့်ဆင့်ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့အောက်တိုဘာလ ၂၁ ရက်တွင် လှိုင်ဒုတ်ကျေးရွာအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါလမ်းကြောင်းပေါ်ရှိ ကျေးရွာများနှင့် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ၏ အခြေပြုနေရာများအား ပြန်လည်သိမ်းပိုက်ရရှိရေး မိမိတို့၏အသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ ငယ် ထိတွေ့မှု စုစုပေါင်း ၂၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၁ လောင်း၊ လက်နက်မျိုးစုံ ၁၂ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ဒေသခံပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်စည်စီးဆင်းမှုအတွက် များစွာအထောက်အကူပြု အရေးပါသည့် လောင်းရှည်-လှိုင်ဒုတ်- ကျင်ဒွေး ဆက်သွယ်ရေးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများ၏ လုပ်ရပ်များကြောင့် ပျက်စီးခဲ့ရသည့် အခြေခံအဆောက်အအုံများ၊ လမ်း/ တံတားများ ပြန်လည်ပြုပြင်ပေးခြင်း လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)