ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်အမှာစကားပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်အမှာစကားပြောကြား








နေပြည်တော်၊ အောက်တိုဘာ ၂၁

(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး ဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီနှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဋ္ဌေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက်အကူပြုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ဒုတိယသမ္မတ ဦးညိုစော၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးတို့က (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီး အဖွဲ့ဝင်များအား ကျောင်းသူလေးများက ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ်၊ မျက်မှောက်ခေတ်တို့ကို ဖော်ညွှန်းပြသသည် ဝတ်စားဆင်ယင်မှု အကအလှများဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အဖွဲ့ဝင်များက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသားရိုးရာ အကအလှများဖြင့်လည်းကောင်း ကပြတီးမှုတ်ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းကို စတင်ကျင်းပရာ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများက (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုတေးသီချင်းဖြစ်သည့် “အလှဝေဖြာမြန်မာ့ရိုးရာ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အမျိုးသားရေးလက္ခဏာကို ဖော်ပြရာတွင် အဆိုပါနိုင်ငံ၏သမိုင်းကြောင်း၊ စာပေ၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးတမ်းများနှင့် အနုပညာယဉ်ကျေးမှုတို့သည် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ကြောင်း၊ အနုပညာသည် လူသားများ၏စိတ်ခံစားမှု၊ အတွေးအမြင်၊ လူမှုဘဝနှင့် တန်ဖိုးထားမှုများကို ဖော်ပြပေးနိုင်သကဲ့သို့ မျိုးဆက်တစ်ဆက်မှတစ်ဆက်ကို သမိုင်းအမွေအနှစ်များအဖြစ် လက်ဆင့်ကမ်းပေးရာတွင် အရေးပါသည့်ကြားခံတစ်ရပ်လည်းဖြစ်ကြောင်း။

မြန်မာ့ အဆို၊ အက၊ အရေး၊ အတီး အနုပညာများ၏သမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုပါက ရှေးခေတ်လူမှုဘဝနှင့် ရိုးရာဓလေ့ထုံးတမ်းများသည် ပျူခေတ်၊ ပုဂံခေတ်ကစပြီး ကုန်းဘောင်ခေတ်တိုင်အောင် ခေတ်အဆက်ဆက်တွင် ဖွံ့ဖြိုးတိုးတက်လာခဲ့သည့် အနုပညာအစဉ်အလာများကို တွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ အနုပညာအမွေအနှစ်များသည် အတိတ်ကာလကို ပြန်လည်တူးဖော်ပေးသည့်အရာများဖြစ်ရုံသာမက ယနေ့မျိုးဆက်သစ်များအတွက် သင်ယူစရာ၊ လေ့လာစရာနှင့် အနာဂတ်မျိုးဆက်များအတွက် လက်ဆင့်ကမ်းပေးရမည့် တန်ဖိုးရှိသည့် အမွေအနှစ်များလည်းဖြစ်ကြောင်း။

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး မြန်မာ့ရိုးရာအနုပညာများကို စနစ်တကျထိန်းသိမ်းမြှင့်တင်ရေး၊ အနုပညာပညာရှင်များ ဖော်ထုတ်ရေးနှင့် မျိုးဆက်သစ်လူငယ်များထံ အနုပညာအမွေအနှစ်များ လက်ဆင့်ကမ်းပေးရေးတို့အတွက် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်လာခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်အထိ ၂၂ ကြိမ်တိုင်တိုင် ကျင်းပနိုင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း ပြိုင်ပွဲများရပ်နားခဲ့ရကြောင်း၊ ၂၀၂၂ ခုနှစ်ရောက်မှ ၂၃ ကြိမ်မြောက်ပြိုင်ပွဲကို ပြန်လည်ကျင်းပနိုင်ခဲ့ပြီး ယခုအခါ ပြိုင်ပွဲများကို ဆက်လက်ကျင်းပလာခဲ့သည်မှာ ၂၀၂၆  ခုနှစ်တွင် ၂၇ ကြိမ်မြောက်အထိ ရောက်ရှိလာပြီဖြစ်ကြောင်း။

နိုင်ငံတော်အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို မိမိတို့နိုင်ငံသူ နိုင်ငံသားများအားလုံး၏ရင်ထဲတွင် “မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေးဇာတိမာန် ထက်မြက်မြင့်မားရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ မြန်မာ့ဂီတ၊ မြန်မာ့အကနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာစစ်စစ်များ ဆက်လက်ထွန်းကားပြန့်ပွားရေး၊ လူငယ်ထုအတွင်း စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ထွန်းရေးနှင့် တိုင်းတစ်ပါးယဉ်ကျေးမှုလွှမ်းမိုးခြင်းမှ ကာကွယ်တားဆီးရေး” ဆိုသည့် မူဝါဒရည်မှန်းချက်များ ချမှတ်ပြီးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ကျင်းပသည့်ပြိုင်ပွဲများသည် ဆုရရှိရေးအတွက်သာမက မြန်မာ့ရိုးရာအနုပညာများ ရှင်သန်တည်တံ့ရေး၊ အရည်အချင်းရှိသည့် အနုပညာရှင်များပေါ်ထွန်းလာရေးနှင့် မျိုးဆက်သစ်လူငယ်များက မိမိတို့၏ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားထိန်းသိမ်းလာစေရေးတို့အတွက် အရေးပါသည့်အစဉ်အလာတစ်ရပ်ဖြစ်သည်ကို အလေးအနက်ပြောကြားလိုကြောင်း။

အဆို၊ အက၊ အရေး၊ အတီး အနုပညာကဏ္ဍလေးရပ်သည် သီးခြားစီအရေးပါသကဲ့သို့ အချင်းချင်းလည်း အပြန်အလှန်အထောက်အကူပြု ချိတ်ဆက်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အဆိုပါကဏ္ဍများကို စနစ်တကျထိန်းသိမ်းမြှင့်တင်ခြင်းဖြင့် မြန်မာ့အနုပညာ၏ အနှစ်သာရနှင့် အရည်အသွေးကို ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင်မည်ဖြစ်ကြောင်း။

နိုင်ငံတော်အဆင့် အဆို၊ အက၊ အရေး၊ အတီး အနုပညာပြိုင်ပွဲများ ကျင်းပပေးရခြင်း၏ အဓိကရည်ရွယ်ချက်သည် အနုပညာရှင်များအကြား အနိုင်အရှုံးဆုံးဖြတ်ပေးရန်မဟုတ်ကြောင်း၊ အနုပညာဘာသာရပ်များကို စနစ်တကျ လေ့လာသင်ယူနိုင်သည့်အခွင့်အလမ်းများ ဖန်တီးပေးရန်၊ အရည်အချင်းရှိသူများကို ဖော်ထုတ်မြှင့်တင်ရန်၊ အနုပညာအတွေ့အကြုံများ ဖလှယ်နိုင်ရန်နှင့် အနုပညာအဆင့်အတန်း ပိုမိုမြင့်မားလာစေရန်ပင်ဖြစ်ကြောင်း။

ပြိုင်ပွဲမှတစ်ဆင့် ပေါ်ထွက်လာမည့် အရည်အချင်းရှိသူများကို ဆက်လက်လေ့ကျင့်သင်ကြားပေးခြင်း၊ သင့်လျော်သည့် အခွင့်အလမ်းများဖန်တီးပေးခြင်းနှင့် အနုပညာပညာရှင်ကြီးများ၏ အတွေ့အကြုံများကို လက်ဆင့်ကမ်းပေးခြင်းတို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း။

အထူးသဖြင့် မျိုးဆက်သစ်များသည် ရိုးရာအနုပညာကို သမိုင်းနောက်ခံ၊ အဓိပ္ပာယ်နှင့်အနှစ်သာရများကို နားလည်သဘောပေါက်ရန်လိုအပ်ကြောင်း၊ ထိုသို့ နားလည်သဘောပေါက်မှသာ မိမိတို့၏ဖန်တီးမှုများတွင် ရိုးရာတန်ဖိုးများကို ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး ခေတ်နှင့်လျော်ညီသည့် အနုပညာလက်ရာများကိုလည်း ဖန်တီးတင်ဆက်နိုင်မည်ဖြစ်ကြောင်း။ 

ယနေ့ခေတ်တွင် နည်းပညာဖွံ့ဖြိုးတိုးတက်လာသောကြောင့် အနုပညာဖန်တီးမှု၊ မှတ်တမ်းတင်မှုနှင့် ဖြန့်ဝေမှုတို့အတွက် အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာကြောင်း၊ ယင်းအခွင့်အလမ်းများကို မှန်ကန်စွာအသုံးချနိုင်မည်ဆိုပါက မြန်မာ့အနုပညာကို လူငယ်များ ပိုမိုစိတ်ဝင်စားလာစေရန်နှင့် နိုင်ငံတကာပရိသတ်များအထိ မိတ်ဆက်ဖော်ပြနိုင်ရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

သို့သော်လည်း ခေတ်မီတိုးတက်မှုကို လက်ခံအသုံးချရာတွင် မိမိတို့၏ရိုးရာအနုပညာအနှစ်သာရနှင့် မူလတန်ဖိုးများ မပျောက်ပျက်စေရေးကို အထူးဂရုပြုကြရမည်လည်းဖြစ်ကြောင်း၊ ရိုးရာအနုပညာကိုအခြေခံပြီး ခေတ်နှင့်လျော်ညီသည့် ဖန်တီးမှုများပြုလုပ်ကြရန်၊ ပညာရပ်ဆိုင်ရာ အရည်အသွေးကို အစဉ်တစိုက်မြှင့်တင်ကြရန်နှင့် မြန်မာ့အနုပညာ၏ထူးခြားသည့် အလှတရားများကို မျိုးဆက်သစ်များထံသို့ လက်ဆင့်ကမ်းပေးကြရန် အလေးအနက်တိုက်တွန်းမှာကြားလိုကြောင်း။

ယနေ့ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အနုပညာရှင်တစ်ဦးချင်းစီအနေဖြင့် မိမိတို့၏ အရည်အချင်းကို အကောင်းဆုံးဖော်ထုတ်တင်ဆက်ကြရန်၊ ကြိုးစားအားထုတ်မှုရှိကြရန်နှင့် စဉ်ဆက်မပြတ်လေ့လာသင်ယူကြရန် တိုက်တွန်းလိုကြောင်း၊ ပြိုင်ပွဲဝင်အချင်းချင်း အပြန်အလှန်လေးစားကြရန်၊ အနိုင်အရှုံးကို ဂုဏ်သိက္ခာရှိစွာ လက်ခံကြရန်နှင့် အချင်းချင်း၏အားသာချက်များကို လေ့လာသင်ယူကြရန်လည်း တိုက်တွန်းလိုကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ပြိုင်ပွဲသည် အနုပညာစွမ်းရည်ကို စမ်းသပ်သည့်နေရာတစ်ခုသာမက ပညာရပ်ဆိုင်ရာတိုးတက်မှုနှင့် အနုပညာအသိုက်အဝန်း၏ စည်းလုံးညီညွတ်မှုကို မြှင့်တင်ပေးသည့်နေရာတစ်ခုလည်း ဖြစ်လာမည်ဖြစ်ကြောင်း။ 

အကဲဖြတ်ဒိုင်အဖွဲ့ဝင်များအနေဖြင့်လည်း သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အကဲဖြတ်စံနှုန်းများအတိုင်း မျှတပွင့်လင်းစွာ အကဲဖြတ်ပေးကြရန်၊ ပြိုင်ပွဲဝင်များ၏ အရည်အချင်းနှင့်ဖန်တီးမှုများကို ပညာရပ်ဆိုင်ရာရှုထောင့်မှ သုံးသပ်ပေးကြရန်နှင့် လိုအပ်သည့်အကြံပြုလမ်းညွှန်မှုများပေးကြရန်လည်းမှာကြားလိုကြောင်း။

မြန်မာ့ရိုးရာအနုပညာသည် မိမိတို့၏အမျိုးသားယဉ်ကျေးမှုကို ဖော်ပြပေးနေသည့် တန်ဖိုးရှိသည့် အမွေအနှစ်တစ်ရပ်ဖြစ်ကြောင်း၊ ယင်းအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ယနေ့မျိုးဆက်၏တာဝန်ဖြစ်သကဲ့သို့ အနာဂတ်မျိုးဆက်များထံသို့ အရည်အသွေးပြည့်ဝစွာ လက်ဆင့်ကမ်းပေးခြင်းသည်လည်း မိမိတို့အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ရမည့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ကြောင်း။

ထို့ကြောင့် အနုပညာပညာရှင်များ၊ ဝါသနာရှင်များ လူငယ်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအနေဖြင့် မြန်မာ့ရိုးရာအနုပညာကို တန်ဖိုးထားထိန်းသိမ်းကြရန်၊ အနုပညာဘာသာရပ်များကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန်၊ မျိုးဆက်သစ်အနုပညာရှင်များ ပေါ်ထွန်းလာရေး ပူးပေါင်းဆောင်ရွက်ကြရန်နှင့် မြန်မာ့အနုပညာ၏ အရည်အသွေးကို အစဉ်တစိုက်မြှင့်တင်သွားကြရန် ထပ်လောင်းတိုက်တွန်းမှာကြားလိုကြောင်း။

ယနေ့ကျင်းပသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှတစ်ဆင့် ထူးချွန်ထက်မြက်သည့် အနုပညာရှင်များပေါ်ထွန်းလာပြီး မြန်မာ့ရိုးရာအနုပညာအမွေအနှစ်များကို ပိုမိုထိန်းသိမ်းမြှင့်တင်နိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ ပြိုင်ပွဲဝင်အားလုံးအနေဖြင့်လည်း မိမိတို့၏အနုပညာစွမ်းရည်များကို အကောင်းဆုံးဖော်ထုတ်တင်ဆက်နိုင်ကြပြီး အောင်မြင်မှုများရရှိကြပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း၊ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး မြန်မာ့ရိုးရာအနုပညာနှင့် အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အောင်မြင်မှုများရရှိကြပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြိုင်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အဖွဲ့ဝင်များသည် အကဲဖြတ်ပညာရှင်များကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်နှင့် မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးသည့် အမျိုးသားရေးစိတ်ဓာတ် ပိုမိုထွန်းကားပြန့်ပွားစေရေး၊ မြန်မာ့ယဉ်ကျေးမှုအနုပညာရပ်များ စဉ်ဆက်မပျက်ဖွံ့ဖြိုးတိုးတက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍတွင် ယဉ်ကျေးမှုအနုပညာစွမ်းအားဖြင့် တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေးစသည့် ဦးတည်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်စုစုပေါင်း ၂၄၀၀ ကျော်ဖြင့် အောက်တိုဘာ ၂၉ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)