နေပြည်တော်၊ အောက်တိုဘာ ၃၁
နိုင်ငံတော်အစိုးရအနေဖြင့် ဒေသတွင်းပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိလူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွားဘဝများကိုထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုကျူးလွန်သူများအား ရှာဖွေဖော်ထုတ်တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်းပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများလုပ်ကိုင်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့များက အဆိုပါမြို့နယ်အတွင်းစုံစမ်းရှာဖွေဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ ယမန်နေ့နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် နမ့်စန်မြို့နယ် ပေါ်ကျွဲကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၇၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်နေသည့် တရားမဝင် ထိုင်းနိုင်ငံသား အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၁၈ ဦးတို့အား အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသည့် အလျား ၃၀ ပေ အနံ ၁၅ ပေ ယာယီလူနေတဲ ၁ လုံး၊ အလျား ၁၅ ပေ အနံ ၁၀ ပေ ယာယီလူနေတဲ ၂ လုံး၊ အလျား ၂၀ ပေ အနံ ၁၅ ပေ ယာယီအလုပ်ရုံတဲ ၁ လုံး၊ အလျား ၁၅ ပေ အနံ ၁၀ ပေ ယာယီစားချက်ဆောင် ၁ လုံး၊ Star Link ၂ လုံး၊ ALL In One Computer ၇ လုံး၊ Color Printer တစ်လုံး၊ ဖုန်းမျိုးစုံ ၁၆ လုံး၊ CPU(မကောင်း) နှစ် လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့်လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#News #Myanmar







No comments:
Post a Comment