အောက်တိုဘာ - ၁၆ ( သောကြာနေ့ )
ကြာသပတေးနေ့က ပါကစ္စတန်နိုင်ငံ ၊ ပက်ရှာဝါမြို့မှာရှိတဲ့ ပုဂ္ဂလိကကျောင်းတစ်ခုမှာ စာသင်ချိန်အတွင်း ကျောင်းဆောင်အမိုး ပြိုကျခဲ့တာကြောင့် ကျောင်းသား ၂၈ ဦးနဲ့ ဆရာမ ၁ ဦး သေဆုံးသွားခဲ့ပြီး လူ ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကာ အချို့မှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
သုံးထပ်တိုက်ရှိတဲ့ အယ်လ်ခိုင်ယာကျောင်း ရဲ့ အပေါ်ထပ် အမိုးပြိုကျခဲ့တာဖြစ်ပြီး၊ အောက်ထပ် စာသင်ခန်းတွေဆီကိုပါ ပြိုကျပျက်စီးကျဆင်းလာခဲ့တာပါ။ ကျောင်းသားတွေ စာသင်နေစဉ်အတွင်း အဆောက်အအုံ ပြိုကျသွားခဲ့တာဖြစ်လို့ ကလေးတွေနဲ့ ဆရာတွေ အပျက်အစီးတွေအောက်မှာ ပိတ်မိခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့နဲ့ ဒေသခံပြည်သူတွေ ဝင်ရောက်ကူညီပေးခဲ့ကြတဲ့ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေအရ ကလေးငယ်တွေကို အပျက်အစီးတွေကြားကနေ ဆွဲထုတ်ခဲ့ကြပြီး ဒဏ်ရာရရှိသူတွေကို လေဒီရီးဒင်း ဆေးရုံ ကို အရေးပေါ် ပို့ဆောင်ခဲ့ကြပါတယ်။ အရေးပေါ်အခြေအနေ ကြေညာခဲ့ရတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို နာရီပေါင်းများစွာကြာ လုပ်ဆောင်ခဲ့ရပြီးနောက် ပိတ်မိနေသူ အားလုံးကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း တာဝန်ရှိသူတွေက အတည်ပြု ပြောကြားခဲ့ပါတယ်။
ဒေသခံတစ်ဦးဖြစ်တဲ့ ဆာမီဘူလာ ခန် က အပျက်အစီးတွေကြားကနေ မိန်းကလေးငယ် ၃ ဦးကို ဝင်ရောက် ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ အဲဒီကျောင်းမှာ တက်နေတဲ့ သူ့ရဲ့သားဖြစ်သူကတော့ အဆောက်အအုံ မပြိုကျမီ ခဏအလိုမှာ ရေသောက်ဖို့ စာသင်ခန်းပြင်ပကို ထွက်ခဲ့မိတာကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့တယ်လို့ Dawn သတင်းစာကို ပြောပြခဲ့ပါတယ်။
အဲဒီပြိုကျမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေကြပြီး ကျောင်းပိုင်ရှင် ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ အဆောက်အအုံဟာ ကြံ့ခိုင်မှု အားနည်းနေခဲ့ပြီး အပေါ်ထပ်မှာ အဆောက်အအုံ ထပ်တိုးဆောက်လုပ်ခဲ့တာကြောင့် အမိုးရဲ့အလေးချိန်က အဆောက်အအုံပေါ်ကို သက်ရောက်သွားစေခဲ့ကြောင်း ပက်ရှာဝါ ရဲမှူးချုပ် မီယန် ဆာအိဒ် အာမက် က ပြောကြားခဲ့ပါတယ်။ ပြည်နယ်အစိုးရကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment