အောက်တိုဘာ - ၂၄ ( စနေနေ့ )
ဂျော်ဒန်နိုင်ငံမှာရှိတဲ့ ဂရိသြသဒေါ့စ် ဘုရားကျောင်းတစ်ခုကို အကြမ်းဖက်သမားတွေ တိုက်ခိုက်ခဲ့လို့ လူပေါင်း အနည်းဆုံး (၇) ဦး သေဆုံးပြီး (၃၄) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သံသယရှိသူတွေကိုတော့ လွတ်မြောက်နေဆဲဖြစ်တဲ့ “အစွန်းရောက်များ” လို့ ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်က သောကြာနေ့ နေ့လယ်ပိုင်းက အများစုမွတ်စလင်ဖြစ်တဲ့ ဂျော်ဒန်နိုင်ငံ အနောက်ဘက် ကာရက်ပြည်နယ်၊ ဟမွတ် ရွာမှာရှိတဲ့ စိန့်ဂျော့ ဘုရားကျောင်းမှာ နာရေးအခမ်းအနား ကျင်းပနေစဉ် အတွင်း ဖြစ်ပွားခဲ့တာပါ။
လက်နက်ကိုင် ၃ ဦးထက်မနည်း ရောက်ရှိလာပြီး ဝမ်းနည်းပူဆွေးနေသူတွေကို ပစ်ခတ်တိုက်ခိုက် ခဲ့ကြတာ ဖြစ်ပြီး ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ကာ တိုက်ခိုက်သူတွေဟာ လွတ်လပ်စွာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြပါတယ်။ လက်ရှိအချိန်အထိ ဘယ်အဖွဲ့အစည်းကမှ တာဝန်ယူကြောင်း ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
ဖြစ်ရပ်နေရာက CCTV မှတ်တမ်းတွေအရ တိုက်ခိုက်သူ သုံးဦးထဲက နှစ်ဦးမှာ လက်ကိုင်သေနတ်တွေ ကိုင်ဆောင်ထားကြပြီး တတိယလူမှာတော့ ရိုင်ဖယ်သေနတ်ကို ကိုင်ဆောင်ထားပါတယ်။ သူတို့ဟာ ထွက်ပြေးဖို့ ကြိုးစားနေကြတဲ့ လူတွေကို လိုက်လံပစ်ခတ်ခဲ့ကြပြီး၊ ထွက်ပြေးစဉ်အတွင်း လူတွေဟာ ခုံတန်းတွေပေါ် တစ်ယောက်ပေါ်တစ်ယောက်ထပ်ပြီ လဲကျကုန်ကြပါတယ်။ အလွန်တရာမှ ရုပ်ပျက်ဆင်းပျက်ဖြစ်စေတဲ့ အဲဒီ ဗီဒီယိုမှတ်တမ်းတွေမှာဆိုရင် သံသယရှိသူတွေဟာ မြေပြင်ပေါ်မှာ လဲကျနေတဲ့ ဒဏ်ရာရလူနာတွေကို အသေပစ်သတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးခေါင်းကို ထပ်ခါထပ်ခါ ပစ်ခတ်ခဲ့ကြတာကို တွေ့ရပါတယ်။
ဂျော်ဒန်ဘုရင် ဒုတိယ အက်ဘ်ဒူလာ ကတော့ ကာရက် မြို့ကို ပစ်မှတ်ထား လုပ်ဆောင်ခဲ့တဲ့ ဒီအကြမ်းဖက်လုပ်ရပ်ကို “အပြင်းထန်ဆုံး ပြစ်ဒဏ်တွေနဲ့ တုံ့ပြန်သွားမယ်” လို့ ပြင်းပြင်းထန်ထန် သစ္စာဆိုလိုက်ပါတယ်။
နိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီး မာဇန် အယ်လ်-ဖာရာယာ ကလည်း သတင်းစာရှင်းလင်းပွဲမှာ အခုချိန်အထိ သံသယရှိသူတွေ လွတ်မြောက်နေဆဲဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး၊ တိုက်ခိုက်သူတွေကိုတော့ အသေးစိတ် ထပ်မံထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ “အစွန်းရောက်အုပ်စုတစ်ခု” လို့သာ ညွှန်းဆိုပြောဆိုခဲ့ပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment